News

POST TYPE

SPORTS

မော်ရိုကိုအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သည်ကို အောင်ပွဲခံရာကတစ်ဆင့် ဘယ်လ်ဂျီယံတွင် အကြမ်းဖက်မှုများ ဖြစ်ပွား
13-Nov-2017

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၁၃

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် မော်ရိုကိုနွယ်ဖွား ဘောလုံးပရိသတ်များက မော်ရိုကိုအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့်အတွက် အလွန်အကျူး အောင်ပွဲခံခဲ့ရာကတစ်ဆင့် မင်းမဲ့စရိုက်ဆန်သော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

မော်ရိုကိုသည် အာဖရိကဇုန်၏ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွင် အိုင်ဗရီကို့စ်ကို အဝေးကွင်း၌ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ၍ ထိုက်ထိုက်တန်တန်ပင် ခြေစစ်ပွဲအောင်မြင်သွားခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံရှိ မော်ရိုကိုနွယ်ဖွားများနှင့် ရွှေ့ပြောင်းအခြေချ မော်ရိုကိုနိုင်ငံသားများမှာ ဘရပ်ဆဲလ်မြို့လယ်ခေါင်တွင် ယင်းအောင်မြင်မှုအတွက် လူစုလူဝေးဖြင့် အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။

မော်ရိုကိုနွယ်ဖွားများနှင့် ရွှေ့ပြောင်းအခြေချ မော်ရိုကိုနိုင်ငံသားများသည် ဘောလုံးပွဲပြီးဆုံးပြီးနောက် နှစ်နာရီခန့် ကြာမြင့်သည်အထိ လမ်းမများထက်တွင် အောင်ပွဲခံခဲ့ကြခြင်းဖြစ်ပြီး ယင်းသို့အောင်ပွဲခံရာတွင် ဈေးဆိုင်များကို ဖျက်ဆီးခြင်းနှင့် ကားမှန်များကို ရိုက်ခွဲခြင်းတို့ကဲ့သို့သော လုပ်ရပ်များကို ပြုမူကျူးလွန်လာခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ၎င်းတို့ကို အင်အားသုံးကာ ဖြိုခွင်းလိုက်ရသည်။

ဘယ်လ်ဂျီယံရဲတပ်ဖွဲ့သည် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် မော်ရိုကိုနွယ်ဖွားများနှင့် ရွှေ့ပြောင်းအခြေချ မော်ရိုကိုနိုင်ငံသားများကို မီးသတ်ပိုက်များကို အသုံးပြု၍ ရေများပက်ဖျန်းကာ လူစုခွဲလိုက်ရခြင်းဖြစ်ပြီး ဘရပ်ဆဲလ်မြို့လယ်ခေါင်ရှိ လမ်းမများထက်တွင် မော်ရိုကိုအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းအတွက် လူစုလူဝေးဖြင့် အောင်ပွဲခံခဲ့သူအရေအတွက်မှာ ၃၀၀ ခန့် ရှိခဲ့ကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီလည်းဖြစ်သည်။

မော်ရိုကိုနွယ်ဖွားများနှင့် ရွှေ့ပြောင်းအခြေချ မော်ရိုကိုနိုင်ငံသားများသည် ၎င်းတို့ကို လူစုခွဲခဲ့သည့် ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများနှင့် မှန်ကွဲစများကို အသုံးပြု၍ တုံ့ပြန်တိုက်ခိုက်ခဲ့ကြသေးကာ ယင်းသို့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် အခြေချနေထိုင်သော မျိုးနွယ်စုများအနက်၌ မော်ရိုကိုမျိုးနွယ်စုမှာလည်း အင်အားကြီးအသိုင်းအဝိုင်းတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ၏လေးရာခိုင်နှုန်းသောပမာဏမှာ မော်ရိုကိုနွယ်ဖွားများဖြစ်ကြောင်း ဘယ်လ်ဂျီယံအစိုးရအာဏာပိုင်များက အသိပေးထားသည်။

မော်ရိုကိုသည် ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပါဝင်ကစားခွင့် ရရှိခြင်းဖြစ်ပြီး မော်ရိုနွယ်ဖွားများ၏ပျော်ရွှင်မှုကို ၎င်းတို့အနေနှင့် နားလည်မှုအပြည့်ရှိပါကြောင်း၊ သို့သော် အတူယှဉ်တွဲနေထိုင်ရေးမူဝါဒအရ တစ်ဦးကိုတစ်ဦး လေးစားရမည်ဟူသော စည်းမျဉ်းမူဝါဒများကို ချိုးဖောက်လာခဲ့သည့်အတွက် ယခုကဲ့သို့ လူစုခွဲနှိမ်နင်းလိုက်ရခြင်းဖြစ်ပါကြောင်း ဘယ်လ်ဂျီယံပြည်ထဲရေးဝန်ကြီး ဂျမ်းဘွန်က ရှင်းပြထားသည်။



  • VIA