News

POST TYPE

SPORTS

စီရော်နယ်ဒို၏အတူနေချစ်သူ ဂျီအော်ဂျီနာ သမီးဦး ဖွားမြင်
13-Nov-2017


မက်ဒရစ်၊ နိုဝင်ဘာ ၁၃

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒို၏အတူနေချစ်သူ ဂျီအော်ဂျီနာသည် လွန်ခဲ့သည့် တနင်္ဂနွေနေ့၌ စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Quiron Universal ဆေးရုံတွင် သမီးဦးလေးကို ဖွားမြင်လိုက်ပြီဖြစ်ပြီး သမီးငယ်လေး၏အမည်ကို ၎င်းတို့နှစ်ဦးက အေလာနာ မာတီနာဟု မှည့်ခေါ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် လက်ရှိတွင် ရင်သွေးလေးဦး၏ဖခင်ဘ၀သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ စတုတ္ထမြောက်ရင်သွေး အေလာနာကမူ စီရော်နယ်ဒိုအတွက် ဓမ္မတာနည်းလမ်းဖြင့် ရရှိသည့် ပထမဦးဆုံးသော ရင်သွေးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

စီရော်နယ်ဒိုသည် သားကြီးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာ၊ အမြွှာများဖြစ်ကြသည့် အီဗာနှင့် မာတီယိုတို့ကို အငှားကိုယ်ဝန်ဆောင်ခြင်းနည်းလမ်း အသုံးပြု၍ ရယူခဲ့ခြင်းဖြစ်ကာ ၎င်းအနေနှင့် ရင်သွေးခုနစ်ဦးအထိ ရယူသွားရန် စိတ်ကူးရှိကြောင်းလည်း စီရော်နယ်ဒိုက ဖွင့်ဟပြောကြားထားသည်။

စီရော်နယ်ဒိုနှင့် ၎င်း၏သားကြီးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာတို့သည် ဂျီအော်ဂျီနာ ရင်သွေးဖွားမြင်ချိန်တွင် ဆေးရုံသို့ လိုက်ပါသွားခဲ့ပြီး သမီးငယ်လေး ဖွားမြင်အပြီးတွင် သမီးငယ်လေးကို ပွေ့ချီထားသည့် ဂျီအော်ဂျီနာနှင့်အတူ မိသားစု အမှတ်တရဓာတ်ပုံတစ်ပုံရိုက်ကူး၍ “အေလာနာ မာတီနာ ဖွားမြင်ခဲ့ပါပြီ။ မိခင်ရော ကလေးပါ ကျန်းမာပါတယ်။ ကျွန်တော်တို့ အရမ်းပဲ ပျော်ရွှင်နေကြပါတယ်”ဟူသည့်စာသားနှင့်တွဲဖက်ကာ ၎င်း၏အင်စထရာဂရမ် လူမှုကွန်ရက်စာမျက်နှာထက်သို့ စီရော်နယ်ဒိုက လွှင့်တင်ပေးသွားခဲ့သည်။

သမီးငယ်လေး အေလာနာ မာတီနာ မဖွားမြင်မီ နာရီပိုင်းအလိုတွင် စီရော်နယ်ဒိုနှင့် ဂျီအော်ဂျီနာတို့၏ဆက်ဆံရေးအခြေအနေကို အထိအခိုက်ဖြစ်စေမည့် သတင်းတစ်ရပ်ထွက်ပေါ်ခဲ့သေးကာ စီရော်နယ်ဒိုမှာ ဂျီအော်ဂျီနာ၏နောက်ကွယ်တွင် နာတာရှာ ရိုဒရီဂွက်စ်အမည်ရ ကိုယ်ဟန်ပြမယ်အမျိုးသမီးတစ်ဦးနှင့် ရှုပ်ပွေခဲ့သေးကြောင်း The Sun က ဖွင့်ချဖော်ထုတ်လိုက်ပြီဖြစ်သည်။

နာတာရှာသည် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် သူမနှင့် စီရော်နယ်ဒိုအကြား၌ လအတန်ကြာ စာတိုမက်ဆေ့ခ်ျ အပြန်အလှန်ပေးပို့ ဆက်သွယ်မှုများရှိခဲ့ကြောင်း အသိပေးသွားခဲ့ပြီး လွန်ခဲ့သည့်မတ်လအတွင်းက သူမနှင့် စီရော်နယ်ဒိုတို့မှာ တစ်ညတာကာလကို အတူတကွ စိတ်လွတ်ကိုယ်လွတ် ဖြတ်သန်းဖြစ်ခဲ့သေးကြောင်းလည်း နာတာရှာက ပြောကြားသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် နာတာရှာက “သူ့မှာ အတူနေချစ်သူ ရှိနေတယ်ဆိုတာကို သိပါလျက်နဲ့ ကျွန်မတို့နှစ်ဦး ပတ်သက်မိခဲ့ကြပါတယ်။ မိတ်ဆွေအဖြစ် သိကျွမ်းခဲ့ရာကနေစပြီး တစ်ဦးကို တစ်ဦး အလေးအနက် ယုံကြည်တဲ့အထိ ကျွန်မတို့နှစ်ဦး သံယောဇဉ်ဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ သိလိုက်ရတာက ကျွန်မကသာ သူ့ကို စွဲလန်းသလိုဖြစ်ခဲ့တယ်ဆိုတာပါပဲ။ သူကတော့ လိင်ပိုင်းဆိုင်ရာပတ်သက်မှုလောက်အတွက်ပဲ ကျွန်မနဲ့ ဆက်ဆံခဲ့တာပါ။ အခုတော့ စီရော်နယ်ဒိုဟာ ကျွန်မကို သစ္စာဖောက်သွားခဲ့ပါပြီ။ အဆက်အသွယ်တွေလည်း မလုပ်တော့ပါဘူး။ ကျွန်မတို့နှစ်ယောက်အကြားမှာ စာတိုမက်ဆေ့ခ်ျ အပြန်အလှန်ပေးပို့မှုတွေ လပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့မတ်လတုန်းကဆိုရင် တစ်ညတာကို ကျွန်မတို့နှစ်ယောက် အတူတကွ ဖြတ်သန်းခဲ့ကြသေးတာပါ”ဟု အသိပေးသွားခဲ့သည်။