News

POST TYPE

SPORTS

ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၅ သန်း ရရှိပါက ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ် ရောင်းထုတ်တော့မည်
12-Nov-2017


မက်ဒရစ်၊ နိုဝင်ဘာ ၁၂

ရီးရဲလ်မက်ဒရစ်အသင်းသည် အသင်းတိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၅ သန်း ပေးချေမည့်အသင်း ထွက်ပေါ်လာခဲ့မည်ဆိုပါက ချက်ချင်းပင် လက်လွှတ်ရောင်းထုတ်ပေးလိုက်ရန် ဆုံးဖြတ်ထားပြီဖြစ်ပြီး မန်ယူ၊ စပါးနှင့် ချယ်လ်ဆီးတို့အနက် တစ်သင်းသင်းက ဂါရတ်ဘေးလ်ကိုခေါ်ယူရန် ကျိန်းသေ ကမ်းလှမ်းဆက်သွယ်လာနိုင်သည်ဟု ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများက မျှော်လင့်ထားဆဲဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် နည်းပြ ဇီဒန်းတို့သည် ဒဏ်ရာပြဿနာများဖြင့် အဆက်မပြတ် ရုန်းကန်နေရသည့် ဂါရတ်ဘေးလ်၏အခြေအနေကို စိတ်ကုန်သွားခဲ့ကြပြီဖြစ်ကာ လက်ရှိဘောလုံးရာသီ၌ပင် ဂါရတ်ဘေးလ်၏ဒဏ်ရာရရှိမှုမှာ နှစ်ကြိမ်ရှိသွားခဲ့ပြီဖြစ်သည်။

ဂါရတ်ဘေးလ်သည် လွန်ခဲ့သည့်သီတင်းပတ်၌ ဒဏ်ရာများ ပြန်လည်သက်သာလာကာ အသင်းနှင့်အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့ပြီး ယင်းသို့ လေ့ကျင့်ရေးဆင်းရာတွင် တံကောက်ကြောဒဏ်ရာ ပြန်လည်ရရှိသွားသည့်အတွက် ၎င်းကို ရီးရဲလ်မက်ဒရစ်က တစ်လထပ်မံ လက်လွှတ်လိုက်ရပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် ၂၀၁၃ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂါရတ်ဘေးလ်ကို စပါးထံမှနေ၍ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၆ သန်း(ယင်းအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့သည်)ဖြင့် ၀ယ်ယူခဲ့ကာ လက်ရှိတွင် ဂါရတ်ဘေးလ်၏ကြံ့ခိုင်မှုအခြေအနေအရ ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း သုံးစွဲရန်ဆိုသည်မှာ အသင်းတစ်သင်းအတွက် လွန်စွာ စွန့်စားလွန်းရာကျနေမည်ဖြစ်၍ အပြောင်းအရွှေ့အထမြောက်နိုင်ရန် ခက်ခဲနိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

မန်ယူသည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဂါရတ်ဘေးလ်ကိုခေါ်ယူရန် ချဉ်းကပ်မှုများ ရှိခဲ့သေးကာ ကာယကံရှင်ကစားသမားဖြစ်သူက နည်းပြဇီဒန်းနှင့်တွေ့ဆုံဆွေးနွေးအပြီးတွင် ၎င်းအနေနှင့် အသင်းပြောင်းမည်မဟုတ်ဟု ဆုံးဖြတ်လိုက်သည့်အတွက် မန်ယူက လက်လျှော့နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။

ဂါရတ်ဘေးလ်သည် လက်ရှိတွင် ရီးရဲလ်မက်ဒရစ်ထံ၌ ပဉ္စမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေခြင်းဖြစ်ကာ ယင်းဘောလုံးရာသီ ငါးရာသီအတွင်း ဒဏ်ရာများဖြင့် လုံးပန်းနေရမှုကြောင့် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၎င်းပါဝင်ကစားပေးနိုင်ခဲ့သည့် ပွဲစဉ်အရေအတွက်မှာ ၁၅၉ ပွဲမျှသာ ရှိခဲ့သည်။