News

POST TYPE

SPORTS

ကွန်ဖူးကစ်အစွမ်းပြခဲ့သော ကန်တိုနာကို ဆူပူကြိမ်းမောင်းခြင်း မရှိခဲ့ဘဲ ကျန်ကစားသမားများကိုသာ ဖာဂူဆန် မာန်မဲခဲ့ကြောင်း လီရှပ် အသိပေး
12-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၁၂

မန်ယူကွင်းလယ်ကစားသမားဟောင်း လီရှပ်သည် ၁၉၉၅ ခုနှစ်၌ မန်ယူတိုက်စစ်မှူး ကန်တိုနာက ခရစ္စတယ်ပဲလေ့စ်ပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့သည့်ဖြစ်စဉ်တွင် ယင်းပွဲစဉ်အပြီး၌ အဝတ်လဲခန်းအတွင်းတွင် နည်းပြဖာဂူဆန်၏ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်မှာ ကန်တိုနာမဟုတ်ဘဲ ကျန်ကစားသမားများသာဖြစ်သည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

၁၉၉၅ ခုနှစ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းပိုင် ဆဲလ်ဟော့စ်ပါ့ခ်ဘောလုံးကွင်း၌ ခရစ္စတယ်ပဲလေ့စ်နှင့် မန်ယူတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကန်တိုနာက ခရစ္စတယ်ပဲလေ့စ်ပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ခဲ့သည့်ဖြစ်စဉ်သည် ယနေ့အချိန်တိုင်သည်အထိ ကမ္ဘာ့ဘောလုံးလောက၌ နာမည်ဆိုးဖြင့် ထင်ပေါ်နေဆဲဖြစ်ကာ ကန်တိုနာမှာ ယင်းလုပ်ရပ်ကြောင့် ကိုးလပွဲပယ်ပြစ်ဒဏ်နှင့်အတူ လူမှုရေးလုပ်ငန်းများ နာရီ ၁၂၀ ကြာ ဆောင်ရွက်ရသည့်ပြစ်ဒဏ်ကို ပူးတွဲကျခံခဲ့ရသည်။

လီရှပ်သည် ဖာဂူဆန်မှာ ပွဲအပြီးတွင် အသင်းကစားသမားများရှိရာ အဝတ်လဲခန်းအတွင်းသို့ ဒေါသတကြီးဖြင့် ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းနောက်တွင် လက်ဖက်ရည်ပန်းကန်များနှင့် ဆင်းဒဝစ်ချ်မုန့်များထည့်ထားသည့် ပန်းကန်များကို နေရာအနှံ့သို့ပစ်ပေါက်၍ ၎င်းတို့ကို စတင်ဆူပူကြိမ်းမောင်းတော့ကြောင်း ပြောကြားခဲ့ပြီး  အဝတ်လဲခန်းအတွင်းရှိ မန်ယူကစားသမားများမှာ ယင်းအခြေအနေကြောင့် စိုးရိမ်ထိတ်လန့်နေခဲ့ကြသော်လည်း ကန်တိုနာကမူ မတုန်မလှုပ်ဘဲ စိတ်အေးသက်သာစွာရှိနေခဲ့သည့်အတွက် ၎င်းအနေနှင့် လွန်စွာ အံ့အားသင့်ခဲ့ရကြောင်းလည်း လီရှပ်က အသိပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် လီရှပ်က “အဝတ်လဲခန်းတစ်ခုလုံးဟာ ဖာဂူဆန်ရဲ့ကြိမ်းမောင်းသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သောက်တလွဲဆိုတဲ့ စကားလုံးဟာ မကြားချင်အဆုံး ဖြစ်လောက်အောင်ကို နည်းပြရဲ့ပါးစပ်ကနေ တရစပ်ထွက်နေခဲ့တာပါ။ သောက်တလွဲ ပယ်လစ္စတာ၊ ဘာကိုမှ ဦးမဆောင်နိုင်ခဲ့ဘူး၊ ဘောလုံးဖျက်ထုတ်မှုတွေကိုလည်း ကောင်းကောင်းမွန်မွန် ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ အင်စီ(ပေါလ်အင့်စ်ကို ရည်ညွန်းခြင်းဖြစ်သည်)၊မင်းလည်း ဘယ်နေရာတွေမှာ သောက်တလွဲတွေ လုပ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစား။ ရှပ်ပီ(လီရှပ်ကို ရည်ညွှန်းခြင်းဖြစ်သည်)၊ မင်းပြေးနေပုံတွေကလည်း သောက်တလွဲတွေဖြစ်နေတယ်၊ ငါ့အဖွား ပြေးတာကမှ မင်းထက် ပိုမြန်လိမ့်ဦးမယ် စသဖြင့် ဖာဂူဆန်က မရပ်မနား ကြိမ်းမောင်းခဲ့တာပါ။ မနက်ဖြန်မနက် ကိုးနာရီရောက်ရင် လေ့ကျင့်ရေးကွင်းမှာ မင်းတို့အားလုံးကို အသင့်အနေအထားနဲ့ ငါမြင်ချင်တယ်လို့လည်း ဖာဂူဆန်က ဆက်ပြောခဲ့ပါတယ်။ ကျွန်တော်တွေးမိလိုက်တာက ကျွန်တော်တို့တောင် ဒီလောက်ဆိုရင် ကန်တိုနာတော့ မလွယ်လောက်ဘူး ဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးရဲ့အမြင်တွေဟာ လုံး၀ လွဲသွားခဲ့ရပါတယ်။ ဖာဂူဆန်ဟာ ကန်တိုနာကို တကယ့်လေသံပျော့ပျော့လေးနဲ့ပဲ ပြောခဲ့တာပါ။ အဲ့ဒီစကားကို ကျွန်တော် အခုအချိန်ထိ မှတ်မိနေဆဲပါပဲ။ မင်း နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေနဲ့ ငါ့သားတဲ့။ အဲ့ဒီလောက်နဲတင် ကန်တိုနာ ပြဿနာက ပြီးသွားခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ပြင်သစ်လီဂူးကလပ် မာဆေးအသင်းထံတွင် ကစားသမားဘဝဖြတ်သန်းခဲ့သည့် မန်ယူနောက်ခံလူဟောင်း အီဗရာသည် ဂွီမာရေ့စ်က မာဆေးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ် မစတင်မီတွင် အသင်းအားပေးသူပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့ကာ ယင်းပြစ်မှုကြောင့် အီဗရာကို မာဆေးအသင်းက စာချုပ်ဖျက်သိမ်းခြင်းဖြင့်လည်းကောင်း၊ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ခုနစ်လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းဖြင့်လည်းကောင်း အရေးယူထားပြီးဖြစ်သည်။



  • VIA