News

POST TYPE

SPORTS

မော်ရိုကို၊ တူနီးရှားနှင့် ဆီနီဂေါတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်
12-Nov-2017


ရာဘတ်၊ နိုဝင်ဘာ ၁၂

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားနေသည့် အာဖရိကဇုန်တွင် ခြေစစ်ပွဲအောင်မြင်သည့် အသင်းငါးသင်းလုံး အဖြေပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး ယင်းအသင်းများမှာ မော်ရိုကို၊ တူနီးရှား၊ ဆီနီဂေါ၊ နိုင်ဂျီးရီးယားနှင့် အီဂျစ်တို့ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

နိုင်ဂျီးရီးယားနှင့် အီဂျစ်တို့သည် ခြေစစ်ပွဲ ပွဲစဉ်များအားလုံး မပြီးဆုံးမီကတည်းကပင် ခြေစစ်ပွဲအောင်မြင်ခွင့်ကို ရရှိထားခဲ့ကြပြီးဖြစ်ကာ ဆီနီဂေါမှာ တောင်အာဖရိကနှင့် ပြန်ကန်ပွဲစဉ်တွင် အနိုင်ရလဒ်ကိုရယူ၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ရခဲ့ခြင်းဖြစ်ပြီး အခြားသောအသင်းများကမူ ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားပြီးသည့်နောက်တွင်မှသာ ခြေစစ်ပွဲအောင်မြင်ခဲ့ကြခြင်းဖြစ်သည်။

မော်ရိုကိုသည် ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွင် နာမည်ကြီး အိုင်ဗရီကို့စ်ကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် မော်ရိုကိုက ဒီရား၊ ဘီနာတီးယားတို့၏သွင်းဂိုးများနှင့်အတူ အိုင်ဗရီကို့စ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ခြေစစ်ပွဲအောင်မြင်ခွင့်ကို အရယူသွားခဲ့ခြင်းဖြစ်သည်။

တောင်အာဖရိကနှင့် ဆီနီဂေါတို့၏ပွဲစဉ်သည် ပထမတစ်ကြိမ် ယှဉ်ပြိုင်ခဲ့စဉ်၌ ကွင်းလယ်ဒိုင်လူကြီးက တစ်ဖက်စောင်းနင်းဆုံးဖြတ်ချက်များချမှတ်ကာ အိမ်ရှင် တောင်အာဖရိကကို မျက်နှာသာပေး၍ လုပ်ပွဲဖန်တီးသွားခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယင်းပွဲစဉ်ကို ပြန်လည်ယှဉ်ပြိုင်စေရန် သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။

ဆီနီဂေါသည် ယခုပြန်ကန်ပွဲစဉ်တွင် တောင်အာဖရိကကို အဝေးကွင်း၌ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ၍ ခြေစစ်ပွဲအောင်မြင်သွားခဲ့ခြင်းဖြစ်ပြီး မော်ရိုကိုမှာ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

တူနီးရှားသည် ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွင် လစ်ဗျားကို ဂိုးမရှိသရေကစားကာ ခြေစစ်ပွဲအောင်မြင်သွားခဲ့ခြင်းဖြစ်ပြီး တူနီးရှားကမူ ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နေရာခြောက်နေရာစာသာ အဖြေပေါ်ရန် ကျန်ရှိတော့ပြီး ယင်းခြောက်နေရာစာမှာ ပီရူးနှင့် နယူးဇီလန်၊ ဟွန်ဒူးရပ်စ်နှင့် သြစတြေးလျ၊ မြောက်အိုင်ယာလန်နှင့် ဆွစ်ဇာလန်၊ ခရိုအေးရှားနှင့် ဂရိ၊ ဆွီဒင်နှင့် အီတလီ၊ ဒိန်းမတ်နှင့် အိုင်ယာလန်တို့ ယှဉ်ပြိုင်နေကြသည့် Play-Off ပွဲစဉ်များကတစ်ဆင့် အဖြေထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။