News

POST TYPE

SPORTS

အသင်းပြောင်းမည့်သတင်းများကို ဂျီရုဒ် ငြင်းဆို၊ အာဆင်နယ်နှင့် ၎င်းအကြားတွင် ဆက်လက်လုပ်ဆောင်စရာများ ကျန်ရှိသေးကြောင်း အသိပေး
12-Nov-2017


လန်ဒန်၊ နိုဝင်ဘာ ၁၂

အာဆင်နယ်တိုက်စစ်မှူး ဂျီရုဒ်သည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်ကိုစွန့်ခွာ၍ အသင်းပြောင်းရန် စီစဉ်သွားမည်မဟုတ်ဟု အသိပေးလိုက်ပြီဖြစ်ပြီး အာဆင်နယ်နှင့် ၎င်းအကြားတွင် ဆက်လက်လုပ်ဆောင်ရမည့် အရေးကိစ္စများစွာ ကျန်ရှိနေသေးသည်ဟုလည်း ဂျီရုဒ်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဂျီရုဒ်သည် လက်ရှိဘောလုံးရာသီတွင် နည်းပြအာစင်ဝင်းဂါး၏လက်အောက်၌ ပုံမှန်ပွဲထွက်ခွင့်ရနိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရပြီး အာဆင်နယ်ထံသို့ လာကာဇက် ပြောင်းရွှေ့ရောက်ရှိလာခြင်းက ဂျီရုဒ်၏ပွဲထွက်ခွင့်ကို အကန့်အသတ် ဖြစ်သွားစေခဲ့ခြင်းဖြစ်သည်။

အဲဗာတန်အသင်းသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂျီရုဒ်ကိုခေါ်ယူရန်အတွက် တစ်ကျော့ပြန်လည် ကြိုးပမ်းရန် ပြင်ဆင်နေပြီး လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ၎င်းတို့၏ကမ်းလှမ်းမှုကို နောက်ဆုံးအချိန်သို့ရောက်မှ ဂျီရုဒ်က ငြင်းပယ်လိုက်သည့်အတွက် အပြောင်းအရွှေ့ကိစ္စရပ်များ ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်သည်ဟုလည်း အဲဗာတန်အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားထားပြီးဖြစ်သည်။

ဂျီရုဒ်သည် အာဆင်နယ်ထံတွင် ပုံမှန်ပွဲထွက်ကစားခွင့်အာမခံချက် နည်းပါးလွန်းခဲ့ပါက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားမည့် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရရှိခဲ့သည်တိုင် အရန်အဖြစ်နှင့်သာ ကျေနပ်ရမည့်အခြေအနေများရှိနေပြီး လက်ရှိတွင် ၎င်းကို နည်းပြအာစင်ဝင်းဂါးက ခရာဘောင်းဖလားပွဲစဉ်များနှင့် ယူရိုပါလိဂ်ပွဲစဉ်များတွင်သာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် နေရာပေးလျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂျီရုဒ်က “အာဆင်နယ်ကို ကျွန်တော် စွန့်ခွာဖို့ ပြင်ဆင်နေပြီဆိုတာက သတင်းမှားတွေပါ။ ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဟာ ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး။ အာဆင်နယ်ကစားသမားအဖြစ်ပဲ ကျွန်တော် ဆက်ရှိနေမှာက လုံးဝကျိန်းသေပါတယ်။ နည်းပြ အာစင်ဝင်းဂါးဟာ ကျွန်တော့်အပေါ်မှာ ယုံကြည်မှုတွေ ထားရှိနေဆဲပဲလို့ ကျွန်တော် ခံစားနေရတုန်းပါပဲ။ အာဆင်နယ်နဲ့ ကျွန်တော့်အကြားမှာ ဇာတ်လမ်း မပြီးသေးပါဘူး။ ဆက်လက်လုပ်ဆောင်စရာတွေ အများကြီးကျန်ရှိနေပါသေးတယ်”ဟု ပြောကြားသွားခဲ့သည်။

ဂျီရုဒ်သည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပြင်သစ်လီဂူးကလပ် မောင့်ပဲလီယာမှနေ၍ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အာဆင်နယ်ကို ကိုယ်စားပြု၍ ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း ၁၁၈ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ရာတွင် ၎င်းက သွင်းဂိုး ၇၀ သွင်းယူရရှိထားပြီဖြစ်သည်။