News

POST TYPE

SPORTS

ဆွီဒင်နှင့် အီတလီတို့၏ပွဲစဉ်ကို မော်ရင်ညို သွားရောက်ကြည့်ရှုခဲ့သည်မှာ ဖော့စ်ဘတ်ဂျ်၏ခြေစွမ်းကို အကဲခတ်လို၍ဖြစ်
12-Nov-2017

စတော့ခ်ဟုမ်း၊ နိုဝင်ဘာ ၁၂

မန်ယူနည်းပြမော်ရင်ညိုသည် ဆွီဒင်က အီတလီကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား Play-Off ခြေစစ်ပွဲ ဥရောပဇုန် ပထမအကျော့ပွဲစဉ်ကို တိုက်စစ်မှူး အီဘရာဟီမိုဗစ်အားခေါ်ယူ၍ သွားရောက်ကြည့်ရှုခဲ့သည်မှာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂျ်အသင်းထံတွင် ပါဝင်ကစားနေသည့် ဆွီဒင်လက်ရွေးစင်တိုက်စစ်တောင်ပံကစားသမား ဖော့စ်ဘတ်ဂျ်၏ခြေစွမ်းကို အကဲခတ်လို၍ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဖော့စ်ဘတ်ဂျ်သည် ဆွီဒင်နှင့် အီတလီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ ၂၀၁၈ ကမ္ဘာ့ဖလား Play-Off ခြေစစ်ပွဲ ဥရောပဇုန် ပထမအကျော့ပွဲစဉ်တွင် အကောင်းဆုံးကစားသမားဆု ချီးမြှင့်ပေးအပ်ခြင်းခံရသည်အထိ ခြေစွမ်းပြနိုင်ခဲ့ပြီး ဖော့စ်ဘတ်ဂျ်ကို ခေါ်ယူမည်ဆိုပါက အီဘရာဟီမိုဗစ်က ၎င်းတို့ကို အကောင်းဆုံးသော  ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်လိမ့်မည်ဟုလည်း မော်ရင်ညိုက ယုံကြည်လျက်ရှိသည်။

ဖော့စ်ဘတ်ဂျ်သည် ယမန်နှစ်ဘောလုံးရာသီ၌ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် လိုက်ပ်ဇစ်ဂျ်အသင်း ဒုတိယဆု ဆွတ်ခူးရရှိခဲ့ရာ၌ အရေးပါသောအခန်းကဏ္ဍမှနေ၍ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် မန်ယူနှင့်အပြိုင် အခြားသောပရီးမီးယားလိဂ် ထိပ်သီးကလပ်အချို့ကလည်း မျက်စိကျမှုများရှိနေသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်ကစားသမား ဟာရီရာကို စာချုပ်သစ်ချုပ်နိုင်လိမ့်မည်ဟုလည်း အခိုင်အမာ ယုံကြည်နေပြီး ဟာရီရာကို လက်ရှိအချိန်အတွင် လာလီဂါကလပ်များဖြစ်ကြသည့် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့က စောင့်ကြည့်မှုများရှိနေသည့်အတွက် ၎င်းကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရေးကို မန်ယူက ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်အခြေအနေများရှိနေသည်။

မော်ရင်ညိုသည် မန်ယူအသင်းတာဝန်ရှိသူများအနေနှင့် ၎င်းကို စာချုပ်သစ် ချုပ်ဆိုလိုပါက အသင်းကို အကြီးစားပြုပြင်ပြောင်းလဲရေးတစ်ရပ် ဆောင်ရွက်ခွင့်ပေးရန် လိုအပ်လိမ့်မည်ဟု အသိပေးထားပြီဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏လုပ်ပိုင်ခွင့်မျိုးကို ၎င်းမရရှိပါက မန်ယူကို စွန့်ခွာရန် မော်ရင်ညိုက အလေးအနက်ထား စဉ်းစားသွားဖွယ်ရှိနေပြီဖြစ်သည်။



  • VIA