News

POST TYPE

SPORTS

မန်ယူ၊ မန်စီးတီးနှင့် စပါးတို့က ၎င်းကိုခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း ဂျာဂင်ကလော့ပ် ဖွင့်ဟ
12-Nov-2017

လီဗာပူး၊ နိုဝင်ဘာ ၁၂

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းကိုခေါ်ယူရန် လီဗာပူးမတိုင်မီတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးအချို့က ကမ်းလှမ်းဆက်သွယ်ခဲ့သော်လည်း ၎င်းအနေနှင့် လက်မခံဖြစ်ခဲ့ကြောင်း လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖွင့်ဟအသိပေးခဲ့ကာ လက်ရှိတွင် ယင်းအသင်းများမှာ မန်ယူ၊ မန်စီးတီးနှင့် စပါးတို့ဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က ၎င်း၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ထည့်သွင်းဖော်ပြထားပြီဖြစ်သည်ဟု Sportmail က ဖော်ပြထားသည်။

ဂျာဂင်ကလော့ပ်သည် ပရီးမီးယားလိဂ်အသင်းများအနက်မှနေ၍ ၎င်းကို ပထမဆုံးကမ်းလှမ်းဆက်သွယ်ခဲ့သည့်အသင်းမှာ မန်ယူဖြစ်ကြောင်း ပြောကြားထားပြီး မန်ယူမှာမူ ဒေးဗစ်မိုယက်စ်ကို ရာထူးမထုတ်ပယ်မီ သီတင်းတစ်ပတ်အလိုတွင် ၎င်းကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်ဟု ဂျာဂင်ကလော့ပ်က ရှင်းပြထားသည်။

ဂျာဂင်ကလော့ပ်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ဒေါ့မွန်အသင်းအမှုဆောင်အရာရှိချုပ် ဝေါ့ဇ်ကီနှင့် ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ ပတ်ခ်ဟီလ်တန်ဟိုတယ်တွင် ဆုံတွေ့ခဲ့ပြီး ၎င်းကို မန်ယူက ကမ်းလှမ်းဆက်သွယ်ထားကြောင်း အသိပေးလိုက်ကာ အဆုံးသတ်တွင် ၎င်းက မန်ယူကို တာဝန်ယူမည်မဟုတ်ဘဲ ဒေါ့မွန်ထံတွင်သာ နည်းပြဘ၀ ဆက်လက်ဖြတ်သန်းသွားမည်ဟု ဆုံးဖြတ်လိုက်သည့်အတွက် ဒေါ့မွန်က ၂၀၁၈ ခုနှစ်အထိ သက်တမ်းရှိသည့် စာချုပ်သစ်တစ်ရပ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ကြောင်း ဂျာဂင်ကလော့ပ်က ဆက်လက်အသိပေးသွားခဲ့သည်။

မန်ယူအသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်သည် ဂျာဂင်ကလော့ပ်နှင့်တွေ့ဆုံဆွေးနွေးရန်အတွက် ဂျာမနီနိုင်ငံသို့ လာရောက်ခဲ့သေးကာ ဂျာဂင်ကလော့ပ်က အလုပ်လက်မခံနိုင်ကြောင်း ငြင်းပယ်လိုက်အပြီးတွင်မှ အက်ဒ်ဝုဒ်ဝါးဒ်က ဗန်ဟားလ်ဘက်သို့ ပစ်မှတ်ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ဂျာဂင်ကလော့ပ်သည် မန်ယူနှင့် စကားပြောဆိုပြီးနောက် ခြောက်လအကြာတွင် မန်စီးတီးထံမှနေ၍ ကမ်းလှမ်းမှုတစ်ရပ် ထပ်မံရရှိခဲ့ကာ မန်စီးတီး၏နောက်တွင် စပါးက ၎င်းကို ဆက်သွယ်လာခဲ့ခြင်းဖြစ်သည်ဟု ဂျာဂင်ကလော့ပ်က အသိပေးထားသည်။



  • VIA