News

POST TYPE

SPORTS

ဆန်းချက်ဇ်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ဇာဟာကိုခေါ်ယူရန် အာစင်ဝင်းဂါး စောင့်ကြည့်
12-Nov-2017


လန်ဒန်၊ နိုဝင်ဘာ ၁၂

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဆန်းချက်ဇ်ကို လက်လွှတ်လိုက်ရမည်ဆိုပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်တောင်ပံကစားသမား ဇာဟာကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

အာဆင်နယ်သည် အစောပိုင်း၌ ဆန်းချက်ဇ်၏နေရာကို အစားဖြည့်ရန်အတွက် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကိုခေါ်ယူရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး မိုနာကိုက သောမတ်စ်လီမာကို ပေါင်သန်း ၁၀၀ ကျော်ပမာဏရှိ ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိမှသာ လက်လွှတ်ပေးမည့်သဘောရှိနေသည့်အတွက် အာဆင်နယ်က ဇာဟာဘက်သို့ ပစ်မှတ်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

မန်ယူဂန္ထ၀င်နည်းပြကြီး ဖာဂူဆန်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဇာဟာကို ရာသီကုန်ဆုံးချိန်တွင် အသင်းထံသို့ ပြောင်းရွှေ့ရန် သဘောတူညီချက်ဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ကာ ယင်းဘောလုံးရာသီပြီးဆုံးချိန်တွင် ဖာဂူဆန်က အနားယူသွားခဲ့သည့်အတွက် ဇာဟာမှာ နည်းပြသစ် မိုယက်စ်နှင့် လက်တွဲအလုပ်လုပ်လိုက်ရပြီး အဆင်မပြေမှုများဖြင့်သာ ကြုံဆုံခဲ့ရသည်။

ဇာဟာသည် ၂၀၁၅ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် မန်ယူမှနေ၍ အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ်ထံသို့ အပြီးသတ်ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ဇာဟာကို ခေါ်ယူမည်ဆိုပါက အာဆင်နယ်အနေနှင့် အမြင့်ဆုံးအဖြစ် ပေါင် ၃၅ သန်းမျှသာ ပြောင်းရွှေ့ကြေးသုံးစွဲရဖွယ်ရှိနေသည်။

အာဆင်နယ်သည် ဆန်းချက်ဇ်ကို စာချုပ်သစ်လက်မှတ်ရေးထိုးရန် အဆင်မပြေနိုင်တော့သည့်အတွက် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် တန်ကြေးတစ်ရပ်သတ်မှတ်၍ ရောင်းထုတ်လိုက်ဖွယ်ရှိနေပြီဖြစ်ကာ ကာယကံရှင် ဆန်းချက်ဇ်က မန်စီးတီးထံသို့ ပြောင်းရွှေ့လိုလျက်ရှိသော်လည်း နည်းပြအာစင်ဝင်းဂါးကမူ ပီအက်စ်ဂျီထံသို့ ရောင်းထုတ်လိုက်ရန်သာ ဆန္ဒရှိနေသည်။

နည်းပြ အာစင်ဝင်းဂါးသည် ပီအက်စ်ဂျီထံသို့ ဆန်းချက်ဇ်ကို ရောင်းထုတ်ဖြစ်ခဲ့မည်ဆိုပါက ပြောင်းရွှေ့ကြေးနှင့်အတူ ကွင်းလယ်ကစားသမား ဒရက်ဇလာကိုပါ အလိုက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ပြီး အကယ်၍ ဆန်းချက်ဇ်ကို ပီအက်စ်ဂျီထံသို့ရောင်းထုတ်ရန် စီစဉ်မည်ဆိုပါက ကစားသမားဖြစ်သူနှင့် အာဆင်နယ်အသင်းအကြားတွင် သဘောထားတင်းမာမှုများဖြစ်ပေါ်လာမည်မှာ သေချာလျက်ရှိသည်။