News

POST TYPE

SPORTS

လေ့ကျင့်ရေးအစီအစဉ်တွင် ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ဂါရတ်ဘေးလ် တစ်လခန့် ထပ်မံအနားယူရမည်
11-Nov-2017


မက်ဒရစ်၊ နိုဝင်ဘာ ၁၁

ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာ ပြန်လည်ရရှိသွားခဲ့သည့်အတွက် လာမည့်ဒီဇင်ဘာလ ကုန်ဆုံးချိန်တိုင်သည်အထိ ဆက်လက်အနားယူရတော့မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

ဂါရတ်ဘေးလ်သည် လွန်ခဲ့သည့်သီတင်းပတ်၌ အသင်း၏လေ့ကျင့်ရေးအစီအစဉ်များတွင် ပြန်လည်ပူးပေါင်းပါဝင်လာနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဂါရတ်ဘေးလ် ဒဏ်ရာထပ်မံရရှိသွားခဲ့သည်မှာ နည်းပြဇီဒန်းအတွက် ကြီးစွာသောအကျပ်အတည်းတစ်ရပ် ဖြစ်လာတော့မည်လည်းဖြစ်သည်။

ဂါရတ်ဘေးလ်သည် လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပါးမှနေ၍ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၆ သန်း(ယင်းအချိန်က အဆိုပါပြောင်းရွှေ့ကြေးပမာဏမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့သည်)ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ခဲ့အပြီးတွင် ဒဏ်ရာပြဿနာများနှင့် အဆက်မပြတ် ကြုံဆုံခဲ့ရခြင်းကြောင့် အသင်းအတွက် ဂါရတ်ဘေးလ် ပါဝင်ကစားပေးနိုင်ခဲ့သည့် ပွဲစဉ်အရေအတွက်မှာ ၁၅၉ ပွဲသာ ရှိထားသေးသည်။

ရီးရဲလ်မက်ဒရစ်သည် လက်ရှိဘောလုံးရာသီတွင် လာလီဂါပြိုင်ပွဲ၌ ဂိုးသွင်းအား ကျဆင်းသည့်အခြေအနေကို ရင်ဆိုင်နေရပြီး စီရော်နယ်ဒိုနှင့် ဘင်ဇီးမားတို့ ဖိအားဒဏ်များဖြင့် ရင်ဆိုင်နေရချိန်တွင် ဂါရတ်ဘေးလ် ပြန်လည်ပွဲထွက်ကစားနိုင်ခဲ့မည်ဆိုပါက တိုက်စစ်အကျပ်အတည်းမှာ အတိုင်းအတာတစ်ရပ်အထိ ပြေလည်သွားနိုင်လိမ့်မည်ဟု နည်းပြဇီဒန်းက မျှော်လင့်ခဲ့ဖူးသေးသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်သည် လက်ရှိဒဏ်ရာအခြေအနေအရ လာမည့် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးကာလသို့ ရောက်ရှိမှသာ ပြိုင်ပွဲများ ပြန်လည်ကစားနိုင်တော့မည်ဖြစ်ပြီး ဒဏ်ရာများ မကြာခဏ ရရှိကာ ကြံ့ခိုင်မှုအားနည်းသော ၎င်းကို ထိုက်သင့်သည့် ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိနိုင်မည်ဆိုပါက လက်လွှတ်ရောင်းထုတ်လိုက်ရန် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က စဉ်းစားမှုများရှိနေပြီဖြစ်သည်။