News

POST TYPE

SPORTS

ဘလတ္တာက သူမ၏တင်ပါးကိုပုတ်၍ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ဖူးကြောင်း ဟုပ်ဆိုလို စွပ်စွဲ
11-Nov-2017


နယူးယောက်၊ နိုဝင်ဘာ ၁၁

အမေရိကန် အမျိုးသမီးလက်ရွေးစင်အသင်း ဂိုးသမား ဟုပ်ဆိုလိုသည် သူမအနေနှင့် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတစ်ခုတွင် ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာ၏လိင်ပိုင်းဆိုင်ရာစော်ကားခြင်းကို ခံခဲ့ရဖူးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။

အသက် ၈၁ နှစ်အရွယ်ရှိ ဘလတ္တာသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် အိမ်ရှင်နိုင်ငံများ ရွေးချယ်ရာတွင် အခြားသော ဖီဖာအရာရှိအချို့နှင့်ပူးပေါင်း၍ လာဘ်ငွေများရယူခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ် ဇွန်လတွင် ရာထူးနုတ်ထွက်ပေးခဲ့ရပြီး လက်ရှိတွင် ယင်းအကျင့်ပျက်ခြစားမှုကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွစ်ဇာလန်ရဲတပ်ဖွဲ့၏ ခေါ်ယူစစ်ဆေးခြင်းများကိုလည်း ဘလတ္တာက ခံယူနေရပြီဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ဟုပ်ဆိုလိုသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ဘလွန်းဒီအော်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ဘလတ္တာနှင့်တွဲဖက်၍ ဖွင့်ဖောက်ကြေညာပေးပါရန် ဖိတ်ခေါ်ခြင်း ခံခဲ့ရဖူးပြီး စင်မြင့်ထက်သို့ တက်ရောက်ရန် ပြင်ဆင်နေချိန်တွင် ဘလတ္တာက သူမ၏တင်ပါးကို ပုတ်ခဲ့သည်ဟု ဟုပ်ဆိုလိုက စွပ်စွဲထားသည်။

ဟုပ်ဆိုလိုသည် “That needs to change.Silence will not change the world.(ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ တိတ်တိတ်နေလိုက်လို့ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ပါဘူး)”ဟု ထည့်သွင်းပြောကြားကာ ဘလတ္တာ၏လုပ်ရပ်ကို ဖွင့်ချဖော်ထုတ်လိုက်ခြင်းဖြစ်ပြီး ယင်းအချိန်က သူမ၏အမေရိကန်လက်ရွေးစင်အသင်းဖော် ၀မ်းဘတ်ခ်ျ ဆုရရှိသည့်ကိစ္စကိုသာ အာရုံရောက်နေသည့်အတွက် ယခုကိစ္စကို ရေးကြီးခွင်ကျယ် မပြောဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဟုပ်ဆိုလိုက ဆက်လက်ရှင်းပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဟုပ်ဆိုလိုက “ရေချိုးခန်းထဲမှာ၊ အ၀တ်လဲခန်းထဲမှာ ကျွန်မရဲ့အသင်းဖော်တွေက စနောက်သလိုမျိုးနဲ့ ကျွန်မကို အဲ့ဒီလိုလာလုပ်တာမျိုးတွေရှိခဲ့ဖူးပါတယ်။ ချက်ချင်းပဲ “ငါ့ကို အဲ့ဒီလို လာမထိနဲ့”လို့ ကျွန်မ အော်ငေါက်ပစ်လိုက်တာချည်းပါပဲ။ အဲ့ဒီနေ့က ကျွန်မရဲ့စိတ်တွေဟာ ရှုပ်ထွေးနေခဲ့ပါတယ်။ ဆုဖွင့်ဖောက်ကြေညာပြီး ဆုပေးအပ်ချီးမြှင့်ပေးရမယ်ဆိုတော့ စိတ်လှုပ်ရှားနေခဲ့တာ အမှန်ပါပဲ။ ကျွန်မရဲ့အသင်းဖော်ဖြစ်တဲ့ ၀မ်းဘတ်ခ်ျက ဒီဆုကို ရသွားခဲ့လို့ သူ့အတွက် ၀မ်းသာနေမိခဲ့တာလည်း ပါပါတယ်။ ဒီဆုကို ဖွင့်ဖောက်ကြေညာဖို့အတွက် ကျွန်မနဲ့ ဘလတ္တာတို့ စင်မြင့်ထက်ဆီ အတူတက်ဖို့ ပြင်ဆင်နေချိန်မှာ သူက လက်သရမ်းခဲ့တာပါ။ ကျွန်မရဲ့တင်ပါးကို သူလာပုတ်ခဲ့ပါတယ်။ ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ တိတ်တိတ်နေလိုက်လို့ ကမ္ဘာကြီးကို မပြောင်းလဲနိုင်ပါဘူး။ ဒါကြောင့် ဒီအကြောင်းကို ကျွန်မ ပြန်ပြောပြတာပါ”ဟု အသိပေးသွားခဲ့သည်။


  • VIA