News

POST TYPE

SPORTS

အီဗရာကို ယူအီးအက်ဖ်အေ ခုနစ်လ ပွဲပယ်ပြစ်ဒဏ် ချမှတ်
11-Nov-2017

မာဆေး၊ နိုဝင်ဘာ ၁၁

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် ပြင်သစ်လီဂူးကလပ် မာဆေးထံတွင် ကစားသမားဘဝဖြတ်သန်းနေသည့် မန်ယူနောက်ခံကစားသမားဟောင်း အီဗရာကို ယူရိုပါလိဂ်ပွဲစဉ်တွင် အသင်းအားပေးသူပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့ခြင်းအတွက် ခုနစ်လ ပွဲပယ်ပြစ်ဒဏ်တစ်ရပ် ချမှတ်အရေးယူလိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

အီဗရာသည် ဂွီမာရေ့စ်က မာဆေးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ယခုပြစ်မှုကို ကျူးလွန်မိခဲ့ခြင်းဖြစ်ပြီး ယူအီးအက်ဖ်အေမတိုင်မီတွင် ၎င်း၏မိခင်ကလပ် မာဆေးက အီဗရာကို အသင်းက ထုတ်ပယ်ခြင်းဖြင့် အရေးယူထားခဲ့ပြီးလည်းဖြစ်သည်။

အီဗရာသည် ဂွီမာရေ့စ်နှင့် မာဆေးတို့ ပွဲစဉ် မစတင်မီတွင် မာဆေးပရိသတ်များရှိရာ ပွဲကြည့်စင်ရှေ့၌ အသင်းဖော်များနှင့်အတူ သွေးပူလေ့ကျင့်ရေးများ သွားရောက်ဆောင်ရွက်ရာတွင် အသင်းအားပေးသူပရိသတ်များက ၎င်းတို့ကို အော်ဟစ်လှောင်ပြောင်ခဲ့သည့်အတွက် သည်းမခံနိုင်တော့သည့်အဆုံးတွင် ယခုကဲ့သို့ လက်တုံ့ပြန်လိုက်မိခြင်းဖြစ်ပြီး မာဆေးက ကာအန်ကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရလိုက်သည့် ပြင်သစ်လီဂူးပွဲစဉ်တွင် အီဗရာ၏လုပ်ရပ်ကို စာတမ်းများကိုင်ဆောင်ကာ ကန့်ကွက်ရှုတ်ချခြင်းဖြင့် မာဆေးပရိသတ်များက သပိတ်မှောက်ခဲ့ကြသေးသည်။

ယူအီးအက်ဖ်အေသည် အီဗရာကို ၎င်းတို့၏ကြီးကြပ်ကွပ်ကဲမှုအောက်တွင်ရှိသည့် ဘောလုံးလောကနှင့်သက်ဆိုင်သော အခန်းကဏ္ဍအရပ်ရပ်မှနေ၍ ခုနစ်လ ပွဲပယ်လိုက်ခြင်းဖြစ်ကာ ယင်းပြစ်ဒဏ်အရ အီဗရာမှာ လာမည့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့သို့ရောက်မှသာ ဘောလုံးလောကနှင့် ပြန်လည်ပတ်သက်ခွင့် ရနိုင်တော့မည်ဖြစ်သည်။

မာဆေးအသင်းတာဝန်ရှိသူများသည် လက်ရှိတွင် အသင်းနှင့် အီဗရာအကြားရှိ စာချုပ်ကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူ၍ ဖျက်သိမ်းပစ်လိုက်ပြီဖြစ်ပြီး ယင်းအတွက် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းမည်ဆိုပါက ပွဲပယ်ပြစ်ဒဏ်မှနေ၍ လွတ်မြောက်ချိန်တွင် အီဗရာမှာ အသင်းသစ်တစ်သင်း ရှာဖွေရတော့မည်လည်းဖြစ်သည်။



  • VIA