News

POST TYPE

SPORTS

ပီအက်စ်ဂျီထံသို့ မဟုတ်ဘဲ ဘာစီလိုနာထံသို့သာ ရောင်းချပေးစေလိုကြောင်း ကော်တင်ညို တောင်းဆို
10-Nov-2017

လီဗာပူး၊ နိုဝင်ဘာ ၁၀

လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ညိုသည် လီဗာပူးအသင်းတာဝန်ရှိသူများကို ၎င်းအား ပီအက်စ်ဂျီထံသို့ မဟုတ်ဘဲ ဘာစီလိုနာထံသို့သာ ရောင်းချပေးစေလိုသည်ဟု တောင်းဆိုပြောကြားထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ကော်တင်ညိုသည် လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် လီဗာပူးကို စွန့်ခွာ၍ အသင်းပြောင်းရွှေ့ခွင့်ရနိုင်ရန် တစ်ကျော့ပြန်လည် ကြိုးပမ်းဦးမည်မှာ သေချာနေပြီး ၎င်းကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၀၆ သန်းဝန်းကျင်ဖြင့် စတင်ကမ်းလှမ်းသွားရန် ဘာစီလိုနာက ပြင်ဆင်လျက်ရှိသည်။

ကော်တင်ညိုသည် ၎င်း၏အကျိုးဆောင်ကိုယ်စားလှယ်များကိုလည်း ဘာစီလိုနာထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်ရေးအတွက်သာ အလုပ်လုပ်ပေးစေလိုကြောင်း ညွှန်ကြားထားပြီဖြစ်ပြီး ကော်တင်ညို၏ညွှန်ကြားချက်ကြောင့် ၎င်းတို့အနေနှင့် ပီအက်စ်ဂျီဘက်က ကမ်းလှမ်းဆက်သွယ်လာမှုကို ငြင်းဆန်ပယ်ချထားခဲ့ပြီးဖြစ်သည်ဟုလည်း ကော်တင်ညို၏အေးဂျင့်တစ်ဦးက ရှင်းပြထားသည်။

ဘာစီလိုနာသည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် ကော်တင်ညိုကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၁၄ သန်းအထိ ပေးအပ်၍ လီဗာပူးထံသို့ ကမ်းလှမ်းဆက်သွယ်ခဲ့ကာ လီဗာပူးက ကော်တင်ညို၏တန်ကြေးကို ပေါင်သန်း ၁၆၀ မှနေ၍ ဈေးလုံးဝလျှော့မပေးခဲ့သည့်အတွက် အပြောင်းအရွှေ့ညှိနှိုင်းမှုမှာ ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်သည်။

ကော်တင်ညိုသည် ဘာစီလိုနာထံသို့ ၎င်းပြောင်းရွှေ့ခွင့်ရနိုင်မည့် အခွင့်အလမ်းတစ်ရပ် ထွက်ပေါ်လာနိုင်ရေးကို မိသားစုဝင်များကလည်း စောင့်မျှော်နေကြကြောင်း အသိပေးထားပြီး ဘာစီလိုနာကလည်း ၎င်းတို့အနေနှင့် ကော်တင်ညိုကို ခေါ်ယူနိုင်ရေးအတွက် လက်မလျှော့တမ်း ကြိုးပမ်းသွားဦးမည်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားဆဲဖြစ်သည်။



  • VIA