News

POST TYPE

SPORTS

ကန်ချက် ၅၀၆ ချက် မက်ဆီလွဲချော်မှသာ မက်ဆီ ယခုရရှိနေသော စွမ်းဆောင်ရည်ကို စီရော်နယ်ဒို လိုက်မီမည်
10-Nov-2017


ဘာစီလိုနာ၊ နိုဝင်ဘာ ၁၀

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လက်ရှိဘောလုံးရာသီတွင် လာလီဂါပြိုင်ပွဲ၌ ပုံမှန်စွမ်းဆောင်ရည်တစ်ရပ် ရရှိနိုင်ရန် ရုန်းကန်နေရပြီး ၎င်း၏ပြိုင်ဘက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ယခုပိုင်ဆိုင်ထားသော စွမ်းဆောင်ရည်ကို စီရော်နယ်ဒို လိုက်မီရန်မှာ ရှေ့လာမည့်ပွဲစဉ်များတွင် မက်ဆီ၏ကန်ချက် ၅၀၆ ချက် ဂိုးပေါက်မတည့်ဘဲ လွဲချော်မှသာလျှင် ဖြစ်နိုင်လိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မက်ဆီသည် လက်ရှိဘောလုံးရာသီတွင် လာလီဂါပွဲစဉ် ၁၁ ပွဲကို ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရရှိခဲ့ရာ၌ ဘာစီလိုနာအတွက် သွင်းဂိုး ၁၂ ဂိုး ရယူပေးနိုင်ခဲ့ပြီဖြစ်ပြီး ယင်းပွဲစဉ် ၁၁ ပွဲတွင် မက်ဆီမှာ ဂိုးကန်သွင်းချက်စုစုပေါင်း ၆၉ ကြိမ်(ဂိုးသမားများ ပုတ်ထုတ်၍သော်လည်း၊ ဖမ်းယူ၍သော်လည်းကောင်း ကာကွယ်လိုက်သည့်ကန်ချက်များကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်)၊ ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်း ၁၇ ဒသမ ၆၉ ရာခိုင်နှုန်း၊ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်း ၅၇ ဒသမ ၁၄ ရာခိုင်နှုန်း ရယူစွမ်းဆောင်ပြနိုင်ခဲ့သည်။

စီရော်နယ်ဒိုသည် လက်ရှိဘောလုံးရာသီတွင် လာလီဂါပွဲစဉ် ခုနစ်ပွဲကို ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရရှိခဲ့ရာ၌ ရီးရဲလ်မက်ဒရစ်အတွက် သွင်းဂိုး တစ်ဂိုးတည်းသာ ရယူပေးနိုင်ခဲ့ပြီး ယင်းပွဲစဉ် ခုနစ်ပွဲတွင် စီရော်နယ်ဒိုက ဂိုးကန်သွင်းချက်စုစုပေါင်း ၄၈ ကြိမ်(ဂိုးသမားများ ပုတ်ထုတ်၍သော်လည်း၊ ဖမ်းယူ၍သော်လည်းကောင်း ကာကွယ်လိုက်သည့်ကန်ချက်များကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်)၊ ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်း ၂ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်း ၃၅ ဒသမ ၁၄ ရာခိုင်နှုန်းသာ စွမ်းဆောင်ရည်ရှိခဲ့သည်။

စီရော်နယ်ဒိုသည် တစ်ပွဲပျမ်းမျှ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုတွင်မူ မက်ဆီထက် သာလွန်ခဲ့ပြီး ယင်းစွမ်းဆောင်ရည်တွင် မက်ဆီက ၆ ဒသမ ၃ သာ ရှိခဲ့သော်လည်း စီရော်နယ်ဒိုက ၆ ဒသမ ၉ အထိ ရှိထားသည်။

မက်ဆီသည် ရှေ့လာမည့်ပွဲစဉ်များတွင် ၎င်း၏ကန်ချက် ၅၀၆ ကြိမ် ဂိုးပေါက်လွဲချော်ခဲ့မှသာ စီရော်နယ်ဒိုက မက်ဆီ ယခုရရှိပိုင်ဆိုင်ထားသော အချိုးရာခိုင်နှုန်းများကို လိုက်မီနိုင်လိမ့်မည်ဖြစ်ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ ချေဂရမ်းစကီးကလည်း တစ်ကိုယ်ကောင်းဆန်သည့် စီရော်နယ်ဒိုထက် မက်ဆီက အဘက်ဘက်တွင် သာလွန်မှုအပြည့်ရှိကြောင်း ထုတ်ဖော်မှတ်ချက်ပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ချေဂရမ်းစကီးက “စီရော်နယ်ဒိုဟာ ဂိုးသွင်းတဲ့နေရာမှာ အရမ်းကို တိကျသေချာတဲ့ အဆုံသတ်ကောင်းမွန်သူတစ်ဦးဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော် ဘ၀င်မကျမိတာက သူ့ရဲ့တစ်ကိုယ်ကောင်းဆန်လွန်းမှုကြောင့်ပါပဲ။ အသင်းထက်ပိုပြီး သူက အရေးပါတယ်လို့ စီရော်နယ်ဒိုက အထင်ရောက်နေပါတယ်။ မက်ဆီကတော့ အဲ့ဒီလိုကစားသမားမျိုး မဟုတ်ပါဘူး။ မက်ဆီဟာ အမြဲတမ်း သူ့အတွက်ဆိုတာထက် အသင်းကောင်းဖို့ကိုသာ ဦးစားပေးခဲ့သူပါ”ဟု ပြောကြားသွားခဲ့သည်။