News

POST TYPE

SPORTS

ကမ္ဘာ့ဖလားအုပ်စု မဲခွဲပွဲအခမ်းအနားတွင် ဆုဖလားကို ကလိုဆေး သယ်ဆောင်ခွင့်ရ
09-Nov-2017

မော်စကို၊ နိုဝင်ဘာ ၉

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင်ကျင်းမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုများ မဲခွဲပွဲအခမ်းအနားတွင် စင်မြင့်ထက်သို့ ဆုဖလားသယ်ဆောင်ယူလာရန်အတွက် ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး ကလိုဆေးကို အခွင့်အရေး ပေးအပ်လိုက်ကြောင်း The Mirror က ဖော်ပြထားသည်။

အသက် ၃၉ နှစ်အရွယ်ရှိ ကလိုဆေးကလည်း ၎င်းအနေနှင့် ဖီဖာ၏ဖိတ်ကြားထားမှုကို လက်ခံထားပြီဖြစ်ကြောင်း အတည်ပြုပြောကြားထားပြီဖြစ်ပြီး ကစားသမားဘဝက အနားယူလိုက်ပြီးဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ၎င်းကို ပါဝင်ခွင့်ပေးအပ်သည်မှာ ကြီးစွာသော ဂုဏ်ပြုမှုတစ်ရပ်ပင်ဖြစ်ကြောင်းလည်း ကလိုဆေးက ဆက်လက် အသိပေးသွားခဲ့သည်။

ကလိုဆေးသည် ဂျာမနီလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှစတင်ကာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်သည်အထိ ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် သွင်းဂိုးအများဆုံးရယူနိုင်ခဲ့သူ ကစားသမားဟူသည့်စံချိန်တစ်ရပ်ကိုလည်း ကလိုဆေးက စိုက်ထူတင်ရှိထားသည်။

ကလိုဆေးသည် ၎င်း၏ကစားသမားဘဝဖြတ်သန်းမှုအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲလေးခုကို ပါဝင်ကစားခွင့်ရရှိခဲ့ရာ၌ သွင်းဂိုးစုစုပေါင်း ၁၆ ဂိုး ရယူနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ဂျာမနီက ဘရာဇီးကို ခုနစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိရာ၌ ၎င်း၏ကမ္ဘာ့ဖလားပြိုင်ပွဲဖြတ်သန်းမှု ၁၆ ဂိုးမြောက်သွင်းဂိုးကို ရယူကာ ကလိုဆေးက စံချိန်သစ်တင်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှစတင်၍ ဇူလိုင်လ ၁၅ ရက်နေ့အထိ ၃၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် အုပ်စုများမဲခွဲပွဲအခမ်းအနားကို လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့၌ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်တော်တွင် ကျင်းပသွားလိမ့်မည်ဖြစ်သည်။

ကလိုဆေးသည် လက်ရှိအချိန်တွင် ဂျာမနီလက်ရွေးစင်အသင်း နည်းပြအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ၎င်းအနေနှင့် ကစားသမားဘဝက အနားယူခဲ့ပြီးပြီဖြစ်သော်လည်း ဘောလုံးလောကနှင့်ဆက်နွှယ်သည့် အဝန်းအဝိုင်းတွင်သာ ဆက်လက်အလုပ်လုပ်လိုဆဲဖြစ်ကြောင်းလည်း ကလိုဆေးက ပြောကြားထားသေးသည်။


  • VIA