News

POST TYPE

SPORTS

ပရိသတ်များ၏ထောက်ခံမှုကို ဒေးဗစ်မိုယက်စ် တောင်းဆို၊ အသင်းအခြေအနေကို အလှည့်အပြောင်းလုပ်ပေးနိုင်မည့် နည်းပြဟု ဆူလီဗန် ချီးကျူး
07-Nov-2017


လန်ဒန်၊ နိုဝင်ဘာ ၇

ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် သတင်းများထွက်ပေါ်နေသည့်အတိုင်းပင် မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် သက်တမ်းမည်မျှရှိသည့်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်ဆိုခြင်းအား ၀က်စ်ဟမ်းက ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ကြောင်း BBC က ဖော်ပြထားသည်။

ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် လီဗာပူးက ၀က်စ်ဟမ်းကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် နည်းပြဘီလစ်ကို ရာထူးထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဘီလစ်ကို ရာထူးထုတ်ပယ်ကြောင်း တရားဝင် မကြေညာမီကတည်းကပင် ၀က်စ်ဟမ်းအသင်းပိုင်ရှင်များက မိုယက်စ်ကိုခေါ်ယူရန် ချိတ်ဆက်နေခဲ့ကြခြင်းဖြစ်သည်။

ဝက်စ်ဟမ်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အပြီးတွင် အမှတ်ပေးဇယားရပ်တည်မှု၌ အဆင့် ၁၈ နေရာသို့တိုင် ကျဆင်းရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ယင်းပွဲစဉ် ၁၁ ပွဲတွင် ၀က်စ်ဟမ်း နိုင်ပွဲရယူနိုင်ခဲ့သည့် ပွဲစဉ်အရေအတွက်မှာ နှစ်ပွဲတည်းသာ ရှိထားသည်။

ဝက်စ်ဟမ်းအသင်းအားပေးသူများသည် နည်းပြသစ်အဖြစ် ဒေးဗစ်မိုယက်စ်ကို ရွေးချယ်လိုက်ခြင်းအား ဘ၀င်မကျမှုများရှိနေပြီး အသင်းပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် ဆူလီဗန်ကမူ ၀က်စ်ဟမ်းအသင်း ရင်ဆိုင်ကြုံဆုံနေရသည့် လက်ရှိအခြေအနေအရပ်ရပ်ကို အပြောင်းအလဲလုပ်ပေးနိုင်မည့်သူမှာ မိုယက်စ်သာဖြစ်သည်ဟု အခိုင်အမာ ယုံကြည်သည့်အတွက် ၎င်းတို့အနေနှင့် ယခုကဲ့သို့ တာဝန်ပေးဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသွားခဲ့သည်။

ဒေးဗစ်မိုယက်စ်သည် ၀က်စ်ဟမ်းအသင်းပရိသတ်များကို မိမိအပေါ်တွင် ယုံကြည်ချက်အပြည့်အ၀ထားရှိ၍ အားပေးထောက်ခံစေလိုကြောင်း တောင်းဆိုထားပြီး အသင်းပရိသတ်များ၏အားပေးထောက်ခံမှုကို ရရှိမှသာလျှင် အသင်းကို အကျပ်အတည်းများကြားမှနေ၍ ကယ်ထုတ်ရန် အဆင်ပြေနိုင်လိမ့်မည်ဖြစ်ကြောင်းလည်း မိုယက်စ်က တိုက်တွန်းသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဒေးဗစ်မိုယက်စ်က “အသင်းရဲ့နောက်ကွယ်မှာ ပရိသတ်ရဲ့အားပေးထောက်ခံမှုရှိနေဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ကို ယုံကြည်ပေးကြပါ။ ပရိသတ်တွေ စိတ်မပျက်ရအောင် ကျွန်တော့်ဘက်က အကောင်းဆုံးကြိုးစားသွားဖို့ အသင့်ရှိပါတယ်။ အားလုံး အတူတကွ လက်တွဲပြီး အသင်းကို လမ်းကြောင်းမှန်ထက် ပြန်တင်ဖို့ ကြိုးစားလိုက်ကြရအောင်”ဟု ပြောကြားသွားခဲ့သည်။