News

POST TYPE

SPORTS

ခရစ္စမတ်ကာလပွဲစဉ်များတွင် အီဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာနှင့် ရိုဂျိုတို့ အသင်းအတွက် ပါဝင်ကစားပေးနိုင်ကြတော့မည်ဟု မော်ရင်ညို အသိပေး
07-Nov-2017


မန်ချက်စတာ၊ နိုဝင်ဘာ ၇

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းအဓိကကစားသမားများဖြစ်ကြသည့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်၊ ကွင်းလယ်လူ ပေါ့ဂ်ဘာနှင့် နောက်ခံလူ ရိုဂျိုတို့မှာ လာမည့်ခရစ္စမတ်ကာလတွင် အသင်းအတွက် ပွဲစဉ်များ ပါဝင်ကစားပေးရန် အသင့်အနေအထားတွင် ရှိနေကြပြီဖြစ်ကြောင်း အသိပေးပြောကြားလိုက်ပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

အီဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာနှင့် ရိုဂျိုတို့သည် လက်ရှိတွင် လေ့ကျင့်ရေးများ စတင်ဆောင်ရွက်နေကြပြီဖြစ်ကာ အီဘရာဟီမိုဗစ်မှာ ဘောလုံးနှင့်အတူ၊ အသင်းဖော်များနှင့်အတူ ပြန်လည်လေ့ကျင့်နေနိုင်ပြီဖြစ်သော်လည်း ပေါ့ဂ်ဘာနှင့် ရိုဂျိုတို့ကမူ တစ်ကိုယ်ရည်လေ့ကျင့်ရေးများကိုသာ လုပ်ဆောင်နေနိုင်ကြဆဲဖြစ်သည်။

မော်ရင်ညိုသည် နိုင်ငံတကာပွဲစဉ်သီတင်းပတ်အပြီးတွင် နယူးကာဆယ်နှင့် ပြန်လည်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအနေနှင့် အနိုင်ရလဒ်ကို ရှာဖွေရယူကာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်တစ်ရပ် ပြန်လည်တည်ဆောက်သွားရလိမ့်မည်ဟု အသင်းကစားသမားများကို သတိပေးစကား ပြောကြားထားပြီဖြစ်ပြီး လက်ရှိတွင် အီဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာနှင့် ရိုဂျိုတို့  လက်လွှတ်ထားရသည့်အတွက် နည်းဗျူဟာ အလှည့်အပြောင်းလုပ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းလည်း မော်ရင်ညိုက အသိပေးထားသည်။

မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် ဒဏ်ရာများ ပြန်လည်သက်သာလာခဲ့ပြီဖြစ်၍ ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပြန်လည်ပွဲထွက်ပေးသွားခဲ့ပြီး နိုင်ငံတကာပွဲစဉ်သီတင်းပတ်များ ၀င်ရောက်လာပါက နိုင်ငံလက်ရွေးစင်အသင်းများကို ကိုယ်စားပြုကစားပေးရန် သွားရောက်ရာကတစ်ဆင့် ကစားသမားများ ဒဏ်ရာရရှိလာမည်ကို ၎င်းအနေနှင့် လွန်စွာစိုးရိမ်မိကြောင်းလည်း မော်ရင်ညိုက ပြောကြားထားသေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ပရိသတ်တွေကို သတင်းကောင်းတစ်ခု ပေးချင်ပါတယ်။ မျှော်လင့်နေတဲ့ ကစားသမားတွေဟာ မကြာခင်အချိန်အတွင်း အသင်းနဲ့အတူ ပွဲပြန်ထွက်နိုင်ကြတော့မှာပါ။ ခရစ္စမတ်ကာလပွဲစဉ်တွေမှာ သူတို့ ပါဝင်လာကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ အီဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာနဲ့ ရိုဂျိုတို့ ပြန်ကစားနိုင်ချိန်ကိုရောက်ရင် ကျွန်တော့်အတွက်လည်း အလုပ်လုပ်ရ ပိုလွယ်လာတော့မှာပါ။ အခုဆိုရင် အဲ့ဒီကစားသမားတွေက သူ့နည်းသူ့ဟန်နဲ့ လေ့ကျင့်ရေးတွေ ဆောင်ရွက်နေနိုင်ကြပြီပဲဖြစ်ပါတယ်”ဟု အသိပေးသွားခဲ့သည်။