POST TYPE

SPORTS

အောင်လအန်ဆန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုစာလွှာ ပေးပို့
05-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၅ 

ဟဲဗီးဝိတ်ကစားသမား ဂါလာနီကို ပထမအချီတွင်ပင် အနိုင်ယူနိုင်ခဲ့သည့် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံ အောင်လအန်ဆန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာ ၅ ရက်နေ့$ ဂုဏ်ပြုစာလွှာကို ပေးပို့ချီးမြှင့်သွားခဲ့သည်။ 

နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် Hero`s Dream ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေး (MMA) ပြိုင်ပွဲတွင် ဟဲဗီးဝိတ်ကစားသမား ဂါလာနီကို ပထမအချီတွင်ပင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည့် အောင်လအန်ဆန်း ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစာလွှာပို့ပြီးနောက် ယခုကဲ့သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုစာလွှာ ထပ်မံပေးပို့ခဲ့ခြင်းဖြစ်သည်။ 

စိန်ခေါ်သူ မိမိထက် အင်အားကြီးမားသည့် ယှဉ်ပြိုင်ဘက်ကို သူမတူသော ရဲစွမ်းသတ္တိဖြင့် လက်ဝှေ့နည်းပညာ ပြည့်ဝစွာ ယှဉ်ပြိုင်အနိုင်ယူ၍ နိုင်ငံ့ဂုဏ်ကို ထပ်မံ မြှင့်တင်နိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုစာလွှာအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မင်းသက်ဦးက သွားရောက်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။ 

ယင်းအတွက် အောင်လအန်ဆန်းက ယခုလို ပေးအပ်ချီးမြှင့်ခြင်းအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုထက်ပိုမိုကြိုးစားသွားမည်ဖြစ်ပါကြောင်း၊ နောက်ပွဲများတွင်လည်း ဂုဏ်ယူနိုင်အောင် ပိုပြီးကြိုးစားသွားမည်ဖြစ်ပါကြောင်း၊ ယခု အောင်မြင်ခြင်းသည် မြန်မာပရိတ်သတ်များအားပေး၍ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိပြီး အရမ်းချစ်ပါကြောင်းဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောခဲ့သည်ဟု သိရှိရသည်။ 

အောင်လအန်ဆန်းသည် ၎င်းအနေနှင့်ယခုကဲ့သို့ ပွဲစဉ်များထက် ၎င်း၏ ဝိတ်တန်းပြိုင်ဘက်များနှင့်သာ ရင်ဆိုင်ထိုးသတ်လိုပြီး ယင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို အကြာဆုံးထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလိုကြောင်း ဆက်လက်ပြောကြားသွားခဲ့သေးသည်။

 အောင်လအန်ဆန်းသည် ယခုနှစ် ဇွန်လ ၃၀ ရက်တွင်လည်း MMA မယ်ဒစ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုကို ရယူနိုင်ခဲ့ပြီး မြန်မာ့ဇာတိသွေး၊ ဇာတိမာန်ကို ပြသနိုင်ခဲ့သဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဂုဏ်ပြုစာလွှာနှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၁၀၀ ကို ရရှိခဲ့သေးသည်။ 

One Championship နှင့် စာချုပ်ချုပ်ဆိုထားသည့် အောင်လအန်ဆန်းသည် စိန်ခေါ်ပွဲ ငါးပွဲခန့်ထိုးသတ်ပြီးနောက်တွင် ကမ္ဘာ့ချန်ပီယံ မစ်ဒယ်ဝိတ်တန်းကစားသမားတစ်ဦးဖြစ်လာသူဖြစ်ကာ ပထမဆုံး မြန်မာကစားသမားလည်းဖြစ်သည်။