News

POST TYPE

SPORTS

ကမ္ဘာပေါ်ရှိ ဘောလုံးပရိသတ်များအားလုံးအနက် လေးပုံ တစ်ပုံမှာ မန်ယူပရိသတ်များဖြစ်သည်ဟု မော်ရင်ညို ဆို
05-Nov-2017


မန်ချက်စတာ၊ နိုဝင်ဘာ ၎

မန်ယူနည်းပြ မော်ရင်ညိုသည် ကမ္ဘာပေါ်ရှိ ဘောလုံးပရိသတ်အားလုံးအနက် လေးပုံ တစ်ပုံပမာဏမှာ မန်ယူကို အားပေးသူများဖြစ်သည်ဟု ပြောကြားလိုက်ပြီး ယင်းအတွက်ကြောင့်ပင် မန်ယူအသင်းအမာခံအားပေးသူပရိသတ်အဖွဲ့တစ်ဖွဲ့ဖြစ်သော Manchester United Supporters’ Trust က နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခဲ့သည်ကို ၎င်းအနေနှင့် လက်မခံဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ညိုက ရှင်းပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

Manchester United Supporters’ Trust အဖွဲ့သည် မန်ယူပရိသတ်များနှင့် နည်းပြမော်ရင်ညိုအကြားတွင် နားလည်မှုလွဲမှားခြင်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ဆုံညှိနှိုင်းခြင်းနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် မော်ရင်ညိုကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံရမည်ဆိုပါက ကမ္ဘာ့ဘောလုံးပရိသတ်အားလုံး၏လေးပုံ တစ်ပုံမျှပမာဏကို ခေါ်ယူတွေ့ဆုံမှသာလျှင် တရားမျှတလိမ့်မည်ဖြစ်ကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သည်။

မန်ယူပရိသတ်များသည် နည်းပြမော်ရင်ညိုက နောက်ပိုင်းကစားသည့်ပွဲစဉ်များတွင် ခံစစ်အားပြုလွန်းသည့် နည်းဗျူဟာများဖြင့် အသင်းကို အထိုင်ချပုံဖော်နေခြင်းအား လွန်စွာစိတ်ပျက်နေကြပြီး ယင်းအချက်ကြောင့်ပင် နည်းပြမော်ရင်ညိုနှင့် အသင်းအားပေးသူများအကြား၌ သဘောထားတင်းမာမှုအချို့ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။

မော်ရင်ညိုသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူပရိသတ်များက တိုက်စစ်မှူး လုကာကုကို အားမပေးခဲ့ခြင်း၊ ရတ်ရှ်ဖို့ဒ်အစား မာတီရယ်လ်ကို လူစားလဲလှယ်ထည့်သွင်းလိုက်ချိန်တွင် သံသေးသံကြောင်များဖြင့် လှောင်ပြောင်အော်ဟစ်ခဲ့ခြင်း စသည့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ကို အလွန်အမင်း ဒေါသပေါက်ကွဲခဲ့ပြီး ပွဲအပြီးတွင် ၎င်း၏နှုတ်ခမ်းကို လက်ညှိုးဖြင့်တေ့ကာ သရုပ်ပြ၍ အသင်းပရိသတ်များကို မော်ရင်ညိုက တုံ့ပြန်ထေ့ငေါ့သွားခဲ့သည်။
မော်ရင်ညိုသည် မန်ယူကာ ဘင်ဖီကာကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများက ၎င်းကို ပြိုင်ပွဲနှင့်ပတ်သက်၍ မှတ်ချက်စကားတစ်ရပ် ပြောကြားပေးပါရန် တောင်းဆိုခဲ့သည်ကိုသည်ကိုလည်း “ပွဲတစ်ပွဲကို ကျွန်တော့်ထက်ပိုပြီး အကဲဖြတ်တတ်တဲ့ ကျွမ်းကျင်အဆင့် ပညာရှင်တွေ အများကြီးရှိပါတယ်ဗျာ။ သူတို့ကို သွားမေးလိုက်ပါလား”ဟု ပြောကြား၍ မန်ယူပရိသတ်များကို ထိုးနှင်တိုက်ခိုက်ခဲ့သေးသည်။

သတင်းထောက်များနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “မန်ယူပရိသတ်အဖွဲ့က သူတို့နဲ့လာရောက်တွေ့ဆုံစကားပြောဆိုဖို့ ဖိတ်ခေါ်တာကို ကျွန်တော့်ဘက်က လက်မခံဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာကြီးမှာ နေထိုင်တဲ့ ဘောလုံးပရိသတ်စုစုပေါင်းရဲ့လေးပုံ တစ်ပုံက မန်ယူကို အားပေးသူတွေ ဖြစ်နေကြလို့ပါ။ တွေ့ဆုံမယ်ဆိုရင် သူတို့အားလုံးကို လက်ခံတွေ့ဆုံမှသာ ကျွန်တော့်ဘက်က တရားမျှတပါလိမ့်မယ်။ ဒီလောက်များပြားလှတဲ့ ပရိသတ်အရေအတွက်ကို အချိန်ပေးတွေ့ဆုံဖို့ဆိုတာဟာ ကျွန်တော့်အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ မန်ယူပရိသတ်တွေကို ကျွန်တော့်ဘက်က ကတိပေးနိုင်တာ တစ်ခုတည်းပဲရှိပါတယ်။ အဲ့ဒါကတော့ အသင်းကို ကောင်းသည်ထက် ပိုကောင်းလာအောင် ကျွန်တော့်ဘက်က လုပ်ဆောင်ပေးသွားမယ် ဆိုတာပါပဲ”ဟု ပြောကြားသွားခဲ့သည်။