News

POST TYPE

SPORTS

မိမိထက်သာလွန်သည့် နည်းပြဖြစ်ကြောင်းကို စကားအပြောဖြင့် မဟုတ်ဘဲ ဆုဖလား ၂၆ လုံးဖြင့် သက်သေပြရန် မော်ရင်ညို တောင်းဆို
05-Nov-2017


မန်ချက်စတာ၊ နိုဝင်ဘာ ၅

မန်ယူနည်းပြ မော်ရင်ညိုသည် အချို့သောနည်းပြများမှာ လေလုံးထွားသည့်စကားများကို ပြောကြားနေသော်လည်း အောင်မြင်မှုရယူနိုင်ခြင်းတွင်မူ မိမိကို လိုက်မမီသေးကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ယင်းနည်းပြများအနေနှင့် ကိုယ်ရည်သွေးစကားများ၊ သူတစ်ပါးကို တိုက်ခိုက်ထိုးနှက်သည့်စကားများ ပြောကြားရန် စဉ်းစားနေမည့်အစား ဆုဖလားများ ဆွတ်ခူးရယူနိုင်ရေးကို ပိုမိုအားထုတ် အာရုံစိုက်သင့်ကြောင်း မော်ရင်ညိုက မှတ်ချက်ပေးသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။

မော်ရင်ညိုသည် လက်ရှိအချိန်တွင် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုအတွင်း ဆုဖလားပေါင်း ၂၅ လုံးကို ဆွတ်ခူးရယူနိုင်ခဲ့ပြီဖြစ်ပြီး ၎င်းကို ထိုးနှက်ဝေဖန်လိုသူများအနေနှင့် ဆုဖလား ၂၆ လုံးပိုင်ရှင်ဖြစ်လာစေရန် ဦးစွာပထမ ကြိုးပမ်းသင့်ကြောင်းလည်း မော်ရင်ညိုက ထောက်ပြသွားခဲ့သေးသည်။

မော်ရင်ညိုသည် ပရော်ဖက်ရှင်နယ်နည်းပြဘ၀ဖြတ်သန်းမှုအတွင်း ဆုဖလား ၂၅ လုံး ဆွတ်ခူးရယူနိုင်သည့် နည်းပြဟူသည်မှာ အောင်မြင်သည့်နည်းပြအဖြစ် လက်မထောင်ခွင့်ရှိကြောင်း ၀င့်ကြွားသွားခဲ့သေးကာ ၎င်း၏အောင်မြင်မှုမှာ ရပ်တန့်နေမည်မဟုတ်သည့်အတွက် ပြိုင်ဘက်များအနေနှင့် ယခုအချိန်ကတည်းကပင် အားထုတ်မှုများ စတင်သင့်နေပြီဖြစ်ကြောင်း မော်ရင်ညိုက ထပ်လောင်း သတိပေးသွားခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ ချယ်လ်ဆီးနည်းပြ ကွန်တီ၊ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်နှင့် စပါးနည်းပြ ပိုချက်တီနိုတို့သည် ဆုဖလားဆွတ်ခူးရရှိမှုတွင် မော်ရင်ညိုက အမီလိုက်နိုင်ရန် လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး ဂွါဒီယိုလာမှာ ဆုဖလား ၂၁ လုံး၊ ကွန်တီမှာ ဆုဖလား ခြောက်လုံး၊ ဂျာဂင်ကလော့ပ်မှာ ဆုဖလား ငါးလုံးနှင့် ပိုချက်တီနိုမှာ ဆုဖလားရယူနိုင်ခြင်း မရှိသေးသူအဖြစ် ရပ်တည်နေကြသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကျွန်တော်က ဆုဖလားတစ်လုံး ရယူလိုက်နိုင်ပြီဆိုရင် ကျွန်တော် နည်းနည်းပိုတော်လာပြီလို့ ခံယူထားပါတယ်။ အခုအချိန်မှာ ကျွန်တော် ဆွတ်ခူးရယူနိုင်ခဲ့တဲ့ ဆုဖလားအရေအတွက်က ၂၅ လုံး ရှိနေပါပြီ။ ဒါဟာ အောင်မြင်တဲ့နည်းပြတစ်ယောက်အဖြစ် သတ်မှတ်ပေးလို့ရနိုင်တဲ့ ဆုဖလားရယူနိုင်မှုပါပဲ။ တစ်ချို့နည်းပြတွေက ကျွန်တော့်အောင်မြင်မှုကို လိုက်မီနိုင်ဖို့ ဆုဖလား လေးလုံး၊ ၁၂ လုံး၊ ၁၅ လုံး၊ ၂၄ လုံး စသဖြင့် ရယူနိုင်ဖို့ လိုအပ်နေပါသေးတယ်။ သူတို့ကို စကားတွေ အများကြီးပြောနေတာထက် အလုပ်တွေ အများကြီးပိုလုပ်တာက ပိုကောင်းလိမ့်မယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်။ ကျွန်တော့်ရဲ့အောင်မြင်မှုတွေဟာ ဒီလောက်နဲ့ အပြီးသတ်သွားဖို့ မရှိသေးပါဘူး။ ကျွန်တော်ဟာ အခုအချိန်ထိ အောင်မြင်မှုတွေကို အရမ်းပဲ ဆာလောင်နေဆဲဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။