News

POST TYPE

SPORTS

New Balance အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုကို ဖယ်လိုင်နီ တရားစွဲ
05-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၅

မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစု New Balance ကို တရားစွဲဆိုလိုက်ပြီဖြစ်ပြီး ယင်းသို့ တရားစွဲဆိုရသည်မှာ New Balance ကုမ္ပဏီထုတ် ဘောလုံးကန်ဖိနပ်များက ၎င်း၏ခြေထောက်ကို လွန်စွာနာကျင်စေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဖယ်လိုင်နီက ရှင်းပြသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

ဖယ်လိုင်နီသည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်၌ New Balance ကုမ္ပဏီထုတ် ဘောလုံးကန်ဖိနပ်များကို ဝတ်ဆင်ကစားပေးရန်အတွက် လေးနှစ်သက်တမ်း စပွန်ဆာစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစာချုပ်အရ ဖယ်လိုင်နီမှာ တစ်နှစ်လျှင် စပွန်ဆာကြေးပမာဏ ပေါင်ခြောက်သိန်း အကျိုးခံစားခွင့်ရခဲ့သော်လည်း New Balance ဘောလုံးကန်ဖိနပ်ကြောင့် ခြေထောက်နာကျင်မှုများ ဖြစ်ပေါ်လာခဲ့အပြီးတွင် ယင်းစာချုပ်ကို သက်တမ်းမကုန်ဆုံးမီ၌ပင် ဖယ်လိုင်နီက ဖျက်သိမ်းပစ်လိုက်ကြောင်း ၎င်း၏အကျိုးတော်ဆောင်ရှေ့နေများက အသိပေးသွားခဲ့ကြသည်။

ဖယ်လိုင်နီသည် New Balance အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုကို လန်ဒန်တရားလွှတ်တော်တွင် အမှုစွဲဆိုထားခြင်းဖြစ်ပြီး New Balance မှာ ၎င်းအတွက် ဘောလုံးကန်ဖိနပ်များ ထုတ်လုပ်ပေးခဲ့ရာတွင် အရည်အသွေးညံ့ဖျင်းလွန်းသည့်ဖိနပ်များကိုသာ ထုတ်လုပ်ပေးခဲ့ကြောင်းလည်း ဖယ်လိုင်နီက စွပ်စွဲထားသည်။

ဖယ်လိုင်နီသည် ၎င်း၏ထိခိုက်နစ်နာခဲ့ရမှုများအတွက် New Balance ထံမှနေ၍ လျော်ကြေးငွေ ပေါင် ၂ ဒသမ ၁ သန်း ရရှိလိုကြောင်း တောင်းဆိုထားပြီး New Balance ကမူ ဖယ်လိုင်နီဘက်က လက်ခံသဘောတူညီသည့် ဘောလုံးကန်ဖိနပ်မျိုးကိုသာ ၎င်းတို့ဘက်က ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတော်သို့ အထောက်အထားများ တင်ပြ၍ စွပ်စွဲချက်ကို ငြင်းဆန်ပယ်ချထားသည်။

New Balance သည် ဖယ်လိုင်နီက ၎င်းတို့ထုတ်လုပ်ပေးလိုက်သည့် ဘောလုံးကန်ဖိနပ်အမျိုးအစားတစ်ခုကို ပြီးပြည့်စုံကြောင်း ချီးကျူးကာ ယင်းသို့သော ဖိနပ်မျိုး ၁၂ စုံကို ၎င်းအတွက် ပေးပို့စေလိုကြောင်း တောင်းဆိုခဲ့သည့်စာကို တရားရုံးတော်သို့ အထောက်အထားအဖြစ် တင်ပြထားခြင်းဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ဖယ်လိုင်နီကို စာချုပ်သစ်ချုပ်ဆိုရန်အတွက် အသက် ၃၀ နှင့်အထက် ကစားသမားများအတွက် သတ်မှတ်ထားသည့် စာချုပ်သစ်ချုပ်ဆိုခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေပြီး ဖယ်လိုင်နီမှာ လာမည့်သီတင်းပတ် သုံးပတ်အတွင်း၌ အသက် ၃၀ ပြည့်တော့မည်ဖြစ်သည်။ 

မန်ယူသည် လက်ရှိတွင် အသက် ၃၀ နှင့်အထက် ကစားသမားများကို တစ်နှစ်သက်တမ်းစာချုပ်သာ သက်တမ်းတိုးရန် စည်းမျဉ်းပြဌာန်းထားခြင်းဖြစ်ပြီး ဖယ်လိုင်နီနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသည့်စာချုပ်မှာ လက်ရှိဘောလုံးရာသီတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

ဖယ်လိုင်နီကိုခေါ်ယူရန် ပရီးမီးယားလိဂ်ပြိုင်ဘက်များအပါအဝင် တူရကီထိပ်သီးကလပ်အသင်းအချို့က စိတ်ဝင်စားမှုများရှိနေသည့်အတွက် စာချုပ်သစ်ကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် မန်ယူအသင်းတာ ဝန်ရှိသူများက လိုလားနေကြပြီး မန်ယူဘက်က ဖယ်လိုင်နီကို ၂ နှစ်သက်တမ်းရှိစာချုပ်သစ်ကို ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။



  • VIA