News

POST TYPE

SPORTS

မော်ရင်ညိုနှင့် ၎င်းအကြားတွင် အဆက်အသွယ် မပြတ်တမ်းရှိကြောင်း မိုရာတာ အသိပေး
04-Nov-2017


လန်ဒန်၊ နိုဝင်ဘာ ၎

ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာသည် မန်ယူနည်းပြ မော်ရင်ညိုနှင့် ၎င်း၏အကြားတွင် လက်ရှိအချိန်တိုင်သည်အထိ အဆက်အသွယ် မပြတ်တမ်းရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟ၀န်ခံလိုက်ပြီး ပြိုင်ပွဲကစားနေချိန်တွင်မူ မော်ရင်ညိုကို မိတ်ဆွေနေရာတွင် ထားရှိတော့မည်မဟုတ်ဘဲ ပြိုင်ဘက်အဖြစ် သတ်မှတ်ကာ ချယ်လ်ဆီးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ရန်သာ အာရုံစိုက်သွားမည်ဟု မိုရာတာက ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မိုရာတာနှင့် မော်ရင်ညိုတို့သည် စာတိုမက်ဆေ့ခ်ျ အပြန်အလှန် ပေးပို့မှုများ  အမြဲတစေရှိနေပြီး လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ အသင်းတိုက်စစ်ကို အားဖြည့်ရန်အတွက် မိုရာတာကိုခေါ်ယူရန် မန်ယူက ကြိုးပမ်းမှုများရှိခဲ့သေးသည်။

မော်ရင်ညိုသည် လုကာကုကို ခေါ်ယူရရှိလိုက်ပြီးသည့်နောက်တွင်မှ မိုရာတာကို ခေါ်ယူရန်စီစဉ်ထားခြင်းများကို ဖျက်သိမ်းပစ်လိုက်ခြင်းဖြစ်ပြီး ၎င်းအနေနှင့် မန်ယူ၏ပြိုင်ဘက် ချယ်လ်ဆီးထံသို့ ပြောင်းရွှေ့ဖြစ်ခဲ့သော်လည်း နည်းပြမော်ရင်ညိုနှင့်မူ အခင်အမင်မပျက်ဘဲ ရင်းနှီးသည့်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ထားနိုင်ဆဲဖြစ်ကြောင်း မိုရာတာက ဆက်လက် ရှင်းပြသွားခဲ့သည်။

မိုရာတာသည် ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို နည်းပြမော်ရင်ညို၏လက်အောက်တွင် စတင်ခွင့်ရခဲ့ပြီး မော်ရင်ညို၏အခွင့်အရေးပေးမှုများကြောင့် လက်ရှိအချိန်တွင် ယခုကဲ့သို့ ထိပ်တန်းတစ်နေရာ၌ တက်ရောက်ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟုလည်း မိုရာတာက ၀န်ခံသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မိုရာတာက “ကျွန်တော်နဲ့ မော်ရင်ညိုအကြားမှာ ပြီးခဲ့တဲ့ နွေရာသီကာလကမှ မဟုတ်ပါဘူး။ အဆက်အသွယ်တွေက မပြတ်တမ်း ရှိခဲ့ပါတယ်။ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးတစ်ရပ်က ကျွန်တော်တို့နှစ်ယောက်အကြားမှာ အခုအချိန်ထိ ရှိနေဆဲပါပဲ။ သူက ကျွန်တော့်ကို ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အစပြုဖို့ အခွင့်အရေးပေးခဲ့တဲ့ လက်ဦးဆရာပါ။ အခုလည်း မက်ဆေ့ခ်ျတွေ အပြန်အလှန်ပေးပို့ပြီး သာကြောင်းမာကြောင်းနဲ့ မိသားစုအကြောင်းတွေကို ကျွန်တော်တို့ အမြဲလိုလို ပြောဖြစ်နေပါတယ်။ ဒါပေမဲ့ ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့ လုံးဝမပြောကြပါဘူး။ တစ်ခါတစ်ရံမှာဆို ရယ်စရာတွေ ပြောဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာတော့ အဲ့ဒီပတ်သက်မှုတွေအားလုံးကို ကျွန်တော်က ကွင်းပြင်မှာပဲ ထားရစ်ခဲ့မှာဖြစ်ပါတယ်။ ဘောလုံးပွဲကစားနေချိန်မှာတော့ မော်ရင်ညိုဟာ ကျွန်တော့်ရဲ့ပြိုင်ဘက်၊ ချယ်လ်ဆီးရဲ့ပြိုင်ဘက်ပါပဲ။ ချယ်လ်ဆီးအသင်း အနိုင်ရလဒ်ကို ဘယ်လိုရယူနိုင်မလဲဆိုတာကိုပဲ ကျွန်တော် အာရုံစိုက်သွားဖို့ ရှိပါတယ်”ဟု ပြောကြားသွားခဲ့သည်။