POST TYPE

SPORTS

အောင်လအန်ဆန်းထံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုလွှာပေးပို့
04-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၎

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကင်မရွန်းနွယ်ဖွား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဂါလာနီကို ပထမပွဲချီ၌ပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သော ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အောင်လအန်ဆန်းထံသို့ ဂုဏ်ပြုလွှာတစ်စောင် ရေးသားပေးပို့လိုက်ပြီဖြစ်ပြီး ယင်းဂုဏ်ပြုလွှာကို အောင်လအန်ဆန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာထက်တွင် လွှင့်တင်ဖော်ပြထားပြီဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းဂုဏ်ပြုလွှာကို နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ရေးသားပေးပို့လိုက်ခြင်းဖြစ်ကာ ယင်းဂုဏ်ပြုလွှာတွင် “ချစ်ခင်ရပါသော သားအောင်လ၊ အံ့သြသင့်ဖွယ်ရာ အောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ မေတ္တာတရားများစွာဖြင့် အန်တီ ဒေါ်အောင်ဆန်းစုကြည်”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှနေ၍ ဂုဏ်ပြုလွှာရရှိခဲ့ခြင်းအတွက် အောင်လအန်ဆန်းက “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အန်တီဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပေးပို့လို့ အတိုင်းမသိ ဝမ်းသာဂုဏ်ယူရပါတယ်ဗျာ။ ကျွန်တော်အနိုင်ရရှိသွားတာကလည်း ပရိသတ်တွေရဲ့ အားပေးဆုတောင်းမှုတွေကြောင့်ပါပဲ။ ကျွန်တော်ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုတာကိုလည်း ပရိသတ်ကြီးအားလုံးကို ကတိပေးပါတယ်ဗျာ”ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ၀မ်းသာစကား ရေးသားလွှင့်တင်ထားပြီး အောင်လအန်ဆန်းမှာ ဂါလာနီနှင့်ပွဲစဉ်ကို မထိုးသတ်မီတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့သေးသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရခဲ့ခြင်းကို အောင်လအန်ဆန်းက “မင်္ဂလာညချမ်းပါ ပရိတ်သတ်ကြီးရေ။ကျွန်တော် ဒီနေ့မှာ အန်တီစုနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်ဗျာ။အန်တီစုက ကျွန်တော်တွေ့ဖူးခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ရိုးသားဖြောင့်မတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးပါပဲဗျာ။ ကျွန်တော့်တို့ဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ စိန်ခေါ်မှုတွေရဲ့အကြောင်းကို အတူတကွ ဆွေးနွေးပြောဖြစ်ခဲ့ကြပါတယ်၊၊ အန်တီစုက သူ့ဘဝမှာ တွေ့ကြုံခဲ့ရတဲ့တိုက်ပွဲတွေအကြောင်းကို ပြန်လည်မျှဝေပြောပြခဲ့ပြီး ကျွန်တော်ကလည်း ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေခွင့်ရခဲ့ပါတယ်ဗျာ။ အကောင်းဆုံးဆိုတဲ့အရာတွေကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဘယ်တော့မှ အလွယ်တကူမရနိုင်ဘူးဆိုတဲ့ အန်တီစုရဲ့ဆုံးမစကားဟာ ကျွန်တော့်ကို ခွန်အားသတ္တိတွေဖြစ်စေပါတယ်ဗျာ။ လောကကြီးမှာ ဘယ်သူမှပြီးပြည့်စုံတဲ့သူဆိုတာ မရှိဘူးဆိုပေမယ့်လည်း ဝါသနာ၊ အနစ်နာခံပြီး နားလည်မှုတွေကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုရင် အားလုံးအတူတူ ရေရှည်လက်တွဲသွားနိုင်ကြမှာပါဗျာ။ ကျွန်တော် အခုလို အန်တီစုနဲ့တွေ့ဆုံခွင့်ရတာကို လှိုက်လှဲစွာဝမ်းသာ ဂုဏ်ယူမိပါတယ်ဗျာ။ ကျွန်တော်တို့တွေအားလုံး ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းလုံးညီညွတ်မှုရှိပြီး အောင်မြင်စွာနေထိုင်နိုင်ဖို့အတွက် ဒီနေ့ခေါင်းဆောင်များနဲ့ အနာဂတ်လူငယ်များအတွက် အန်တီစုက အမြဲတမ်း မားမားမတ်မတ်နဲ့ ဦးဆောင်သွားနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ”ဟု ရေးသား၍ ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်ပင် အသိပေးခဲ့ဖူးသေးသည်။

အောင်လအန်ဆန်းနှင့် ဂါလာနီတို့၏စိန်ခေါ်ပွဲစဉ်သည် ONE Championship ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်တွင် ဝိတ်တန်းမတူသည့် ကစားသမားနှစ်ဦး စိန်ခေါ်ထိုးသတ်သည့် ပထမဆုံးပွဲစဉ်ဖြစ်ပြီး မြန်မာ့စပါးအုံးဟု ချစ်စနိုးခေါ်ဝေါ်ခြင်းခံရသည့် အောင်လအန်ဆန်းက ကျားသစ်နက်ဟု တင်စားခြင်းခံရသော ကင်မရွန်းနွယ်ဖွား ဟောင်ကောင်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား ဂါလာနီကို ပထမပွဲချီ၌ပင် ၎င်း၏နာမည်ကျော်ဗျူဟာဖြစ်သည့် ချုပ်ကွက်ဖြင့် လည်ပင်းကို ပိုင်ပိုင်နိုင်နိုင်ချုပ်ကာ အလဲထိုးဖြင့် အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

Photo Credit - Aung La Nsang(Burmese Python) Facebook Page