News

POST TYPE

SPORTS

ကွန်တီမှာ ကံအလွန်ကောင်းပြီး ၎င်းတည်ဆောက်ပေးခဲ့သည့်အသင်းကို အဆင်သင့် အမွေဆက်ခံခွင့်ရခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ညို စိတ်ဓာတ်စစ်ဆင်ရေးစကားဆို
04-Nov-2017


မန်ချက်စတာ၊ နိုဝင်ဘာ ၎

မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးနှင့် မန်ယူတို့ ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်မီတွင် ချယ်လ်ဆီးနည်းပြ ကွန်တီကို စိတ်ဓာတ်စစ်ဆင်ရေးစကားတစ်ရပ်ဖြင့် ထိုးနှက်တိုက်ခိုက်လိုက်ပြီး ကွန်တီမှာ ၎င်းတည်ဆောက်စုဖွဲ့ပေးခဲ့သည့်အသင်းကို အဆင်သင့် အမွေဆက်ခံ၍ လွယ်ကူချောမွေ့လွန်းသည့် လမ်းတစ်ခုကို လျှောက်နေရခြင်းဖြစ်ကြောင်း မော်ရင်ညိုက မှတ်ချက်ပေးပြောကြားသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။

မော်ရင်ညိုသည် ၎င်း၏ဘ၀တစ်လျှောက်တွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသောအသင်းများကိုသာ ယခုအချိန်တိုင်သည်အထိ တာဝန်ယူဖြစ်နေဆဲဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပြီး ယင်းသို့သော စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ရသည်အား ၎င်းအနေနှင့် လွန်စွာ သဘောကျမိကြောင်းလည်း မော်ရင်ညိုက အသိပေးသွားခဲ့သေးသည်။

မော်ရင်ညိုသည် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဖြစ်စေရန် စွမ်းဆောင်ပေးခဲ့အပြီး ခုနစ်လအကြာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ရာထူးထုတ်ပယ်ခြင်းခံခဲ့ရပြီး ချယ်လ်ဆီးအတွက် ကွန်တီက အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးရယူပေးချိန်တွင် ယင်းအသင်း၌ အဓိကကစားသမားများအဖြစ် ပါဝင်ကြသူ အများစုမှာ ၎င်းခေါ်ယူစုစည်းပေးထားခဲ့သူများသာဖြစ်သည်ဟု မော်ရင်ညိုက ထောက်ပြသွားခဲ့သည်။

မော်ရင်ညိုသည် မန်ယူမှာလည်း အသင်းကို ပြန်လည်စုဖွဲ့တည်ဆောက်ရမည့် အရေးပေါ်အခြေအနေကို ဖြေရှင်းရန်အတွက် ၎င်းကို ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ဖူးပြီး မန်ယူမတိုင်မီတွင် ချယ်လ်ဆီး၊ အင်တာမီလန်နှင့် ရီးရဲလ်မက်ဒရစ်တို့ကို တာဝန်ယူကာ ယင်းအသင်းများအားလုံးကို လမ်းကြောင်းမှန်များထက်သို့ ၎င်းက ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းလည်း မော်ရင်ညိုက ၀င့်ကြွားပြောဆိုသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကွန်တီက ကံအရမ်းကောင်းလွန်းပါတယ်ဗျာ။ ကျွန်တော် အပင်ပန်းခံ တည်ဆောက်စုဖွဲ့ထားတဲ့ ချယ်လ်ဆီးကို သူက လွယ်လင့်တကူနဲ့ပဲ အမွေဆက်ခံခွင့်ရခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့အတူ မနှစ်ကဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တော့ သူ့အသင်းရဲ့အဓိကအရေးပါသူအများစုက ကျွန်တော် ခေါ်ယူစုစည်းပေးထားခဲ့သူတွေချည်းပါပဲ။ ကျွန်တော်ကတော့ စိန်ခေါ်မှုတွေနဲ့ အသားတကျဖြစ်နေသူပါ။ ဒါကို ချယ်လ်ဆီး၊ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဆီမှာ ကျွန်တော် သက်သေပြခဲ့ပြီးပါပြီ။ အဲ့ဒီအသင်းတွေဟာ ကျွန်တော့်ရဲ့ဦးဆောင်မှုအောက်ကို ရောက်မလာခဲ့သေးခင်က လမ်းပျောက်နေခဲ့ကြတာပါ။ သူတို့အတွက် အရမ်းကို အရေးပါတဲ့ အသင်းတည်ဆောက်စုဖွဲ့မှုတွေကို ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။ မန်ယူကိုလည်း အခုအချိန်မှာ တည်ဆောက်စုဖွဲ့မှုတွေ ကျွန်တော် လုပ်နေရတုန်းပါ။ မော်ရင်ညို စုဖွဲ့တည်ဆောက်ထားတဲ့ အသင်းတစ်သင်းကို ရာထူးဆက်ခံခွင့်ရဖို့ဆိုတာဟာ အားလုံးအတွက် စိတ်ကူးယဉ်စရာကောင်းတဲ့ အိပ်မက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းဟာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အာမခံချက်တွေ ပြည့်နှက်နေလို့ပေါ့”ဟု အသိပေးသွားခဲ့သည်။