News

POST TYPE

SPORTS

မာတစ်အပြောင်းအရွှေ့အတွက် ၎င်းဘက်က စတင်လှုပ်ရှားခဲ့ခြင်း မဟုတ်ဘဲ မာတစ်၏အေးဂျင့်က စတင်ဆက်သွယ်ခဲ့ခြင်းဟု မော်ရင်ညို အသိပေး
04-Nov-2017

မန်ချက်စတာ၊ နိုဝင်ဘာ ၄

မန်ယူနည်းပြ မော်ရင်ညိုသည် မာတစ်ကို ချယ်လ်ဆီးမှနေ၍ မန်ယူထံသို့ခေါ်ယူခဲ့ရာတွင် ၎င်းဘက်က စတင်လှုပ်ရှားခဲ့ခြင်း မဟုတ်ဘဲ မာတစ်၏အေးဂျင့်က ၎င်းထံသို့ စတင်ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။

မော်ရင်ညိုသည် မာတစ်၏အေးဂျင့်ဖြစ်သူက ၎င်းထံသို့ ဖုန်းခေါ်ဆိုလာချိန်တွင် လွန်စွာ အံ့သြတကြီးဖြစ်သွားခဲ့ရသည်ဟုလည်း ဖွင့်ဟအသိပေးသွားခဲ့ပြီး မာတစ်၏အေးဂျင့်က ၎င်းကို မာတစ်အား ခေါ်ယူလိုခြင်း ရှိ၊ မရှိ ပွင့်ပွင့်လင်းလင်း အဖြေပေးရန် တောင်းဆိုခဲ့ကာ မိမိ၏သဘောဆန္ဒအပေါ်တွင်မူတည်၍ ၎င်းဘက်က အလုပ်လုပ်ပေးမည်ဟု မာတစ်၏အေးဂျင့်က ပြောကြားခဲ့ကြောင်း မော်ရင်ညိုက ပြန်ပြောင်းပြောပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “မာတစ်ရဲ့အေးဂျင့်က ကျွန်တော့်ဆီကို ဖုန်းဆက်သွယ်လာချိန်မှာ အရမ်းကို အံ့သြသွားခဲ့ရပါတယ်။ ဖုန်းကိုင်လိုက်တာနဲ့ “ကောင်လေးကို ခင်ဗျားလိုချင်စိတ် ရှိနေသေးလား”လို့ သူက ကျွန်တော့်ကို မေးတော့တာပါပဲ။ မာတစ်ရဲ့အေးဂျင့်နဲ့ အလုပ်လုပ်ရတာကို ကျွန်တော် သဘောကျပါတယ်။ သူက ဘယ်တော့မှ ဝေ့ဝိုက်မနေပါဘူး။ လိုရင်းကို ချက်ချင်းပဲ တန်းမေးတတ်သူပါ။ “ခင်ဗျားလိုချင်တယ်ဆိုရင် ကောင်လေးကို ခင်ဗျားဆီ ပြန်ရောက်အောင် ကျုပ်လုပ်ပေးမယ်”လို့ သူက ဆက်ပြောခဲ့ပါတယ်။ ကျွန်တော် ပြန်ပြောလိုက်တာက Yes(ဟုတ်ကဲ့) ဆိုတာပါပဲ”ဟု အသိပေးသွားခဲ့သည်။

မာတစ်သည် လွန်ခဲ့သည့်နွေရာသီကာလ၌ ရာသီကြိုခြေစမ်းခရီးစဉ်သွားရောက်မည့် ချယ်လ်ဆီးအသင်းလူစာရင်းမှနေ၍ ဖယ်ထုတ်ချန်လှပ်ခံရကာ တစ်ကိုယ်ရည်လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်လိုက်ရအပြီးတွင် အသင်းပြောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းတာဝန်ရှိသူများမှာ အစောပိုင်း၌ မာတစ်ကို ပြိုင်ဘက် မန်ယူထံသို့ မရောင်းချဘဲ စီးရီးအေကလပ် ဂျူဗင်တပ်ထံသို့ လက်လွှတ်ပေးလိုက်ရန် ကြံစည်ခဲ့သေးသည်။

မော်ရင်ညိုသည် မာတစ်ကို ခေါ်ယူရရှိလိုက်သည့်အတွက် အသင်းကွင်းလယ်ကို ယမန်နှစ်ကထက် ပိုမိုဟန်ချက်ညီစေရန် ပြုပြင်လိုက်နိုင်ပြီဖြစ်ပြီး ချယ်လ်ဆီးမှာ မာတစ်ကို ရောင်းထုတ်လိုက်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဘောလုံးရေးရာကျွမ်းကျင်သူများနှင့် အသင်းအားပေးသူ ပရိသတ်များ၏ဝေဖန်ပြစ်တင်မှုကို လက်ရှိအချိန်တိုင်သည်အထိ ရင်ဆိုင်နေရဆဲဖြစ်သည်။



  • VIA