News

POST TYPE

SPORTS

IFFHS တစ်နှစ်တာ အကောင်းဆုံးဂိုးသွင်းရှင်ဆုကို စီရော်နယ်ဒို ဆွတ်ခူး
04-Nov-2017

မက်ဒရစ်၊ နိုဝင်ဘာ ၄

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အပြည်ပြည်ဆိုင်ရာ ဘောလုံးသမိုင်းနှင့် အချက်အလက်ပြုစုရေးအဖွဲ့အစည်း(IFFHS)က ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးရှင်ဆုကို ၎င်း၏ကစားသမားဘဝဖြတ်သန်းမှုအတွင်း တတိယအကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

IFFHS သည် ၂၀၁၆ ခုနှစ်အတွင်း ကစားသမားတစ်ဦးချင်းစီက ကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင်အသင်းတို့ကို ကိုယ်စားပြု၍ ဂိုးသွင်းယူပေးခဲ့ခြင်းများကို ပေါင်းစုတွက်ချက်ကာ ယခုဆုကို ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်ပြီး စီရော်နယ်ဒိုမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီတို့ကို ကျော်ဖြတ်၍ ယခုဆုကို ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် ၂၀၁၆ ခုနှစ်အတွင်း ရီးရဲလ်မက်ဒရစ်နှင့် ပေါ်တူဂီလက်ရွေးစင်အသင်းတို့ကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၅၇ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာတွင် သွင်းဂိုး ၅၅ ဂို၊ ဂိုးဖန်တီးမှုပေါင်း ၁၇ ကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အတွက် ပွဲစဉ်ပေါင်း ၄၄ ပွဲ ပါဝင်ကစားပေးခွင့်ရခဲ့ရာတွင် သွင်းဂိုး ၄၂ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၄ ကြိမ်၊ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲစဉ်ပေါင်း ၁၃ ပွဲ ပါဝင်ကစားခွင့်ရခဲ့ရာတွင် သွင်းဂိုးပေါင်း ၁၃ ဂိုးနှင့် ဂိုးဖန်တီးမှု သုံးကြိမ် စီရော်နယ်ဒိုက ရယူပေးခဲ့ခြင်းဖြစ်ကြောင်း IFFHS က အသိပေးထားသည်။

စီရော်နယ်ဒိုသည် များမကြာမီကပင် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)တို့က ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုများကို အသီးသီး ဆွတ်ခူးရယူနိုင်ခဲ့သေးကာ လက်ရှိ ၂၀၁၇ ခုနှစ် နှစ်ကုန်ကာလတွင် ပေးအပ်ချီးမြှင့်မည့် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို ဆွတ်ခူးရရှိရန်လည်း ၎င်းက ထိပ်ဆုံးနေရာမှနေ၍ ရေပန်းစားနေဆဲဖြစ်သည်။



  • VIA