News

POST TYPE

SPORTS

အီဗရာကို အသင်းမှနေ၍ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မာဆေး ထုတ်ပြန်ကြေညာ
04-Nov-2017


မာဆေး၊ နိုဝင်ဘာ ၎

ပြင်သစ်လီဂူးကလပ် မာဆေးအသင်း တာဝန်ရှိသူများသည် ဂွီမာရေ့စ်က မာဆေးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် ပွဲမစတင်မီ သွေးပူလေ့ကျင့်ရေးများ ဆောင်ရွက်နေစဉ်၌ အသင်းအားပေးသူပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့သော ဘယ်နောက်ခံလူ အီဗရာကို အသင်းမှနေ၍ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မာဆေးအသင်းအားပေးသူများသည် အသင်းကစားသမားများ သွေးပူလေ့ကျင့်ရေး ဆောင်ရွက်နေစဉ်တွင် မခံမရပ်ဖြစ်လောက်ဖွယ်ရာ စကားရပ်များ၊ သံသေးသံကြောင်များဖြင့် အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ယင်းလုပ်ရပ်ကို မကျေမနပ်ဖြစ်ရာကတစ်ဆင့် အီဗရာနှင့် ပရိသတ်များအကြား စကားအချေအတင်ဖြစ်ကာ ပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် တုံ့ပြန်လိုက်မိသည်အထိ အီဗရာက ဒေါသပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

မာဆေးအသင်းတာဝန်ရှိသူများသည် အသက် ၃၆ နှစ်အရွယ်ရှိ အီဗရာကို နောက်ဆက်တွဲအရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားဖွယ်ရှိနေပြီး ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ကလည်း အီဗရာကို ကာလရှည် ပွဲပယ်ပြစ်ဒဏ်တစ်ရပ်ချမှတ်ရန် သေချာနေပြီဖြစ်သည်။

မာဆေးအသင်းကစားသမားများနှင့် ကွင်းလုံခြုံရေးဝန်ထမ်းများသည် ဒေါသပေါက်ကွဲခဲ့သည့် အီဗရာကို ခက်ခက်ခဲခဲ ဟန့်တားထိန်းချုပ်ခဲ့ကြရပြီး ယင်းလုပ်ရပ်ကြောင့် အီဗရာကို ကွင်းလယ်ဒိုင်လူကြီး တာမတ်စ်ဘော့ဂ်နာက ပွဲမစမီကတည်းကပင် ထုတ်ပယ်ပစ်ခဲ့သည်။

အီဗရာသည် ယူအီးအက်ဖ်အေဖလားပြိုင်ပွဲကို ယူရိုပါလိဂ်ဟု အမည်ပြောင်းလဲ မှည့်ခေါ်လိုက်ပြီးသည့်နောက်၌ ပွဲမစတင်မီတွင် ပထမဆုံးထုတ်ပယ်ခံခဲ့ရသည့် ကစားသမားအဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပြီး အတိတ်ကာလ၌ မန်ယူတိုက်စစ်မှူးဟောင်း ကန်တိုနာမှာလည်း ခရစ္စတယ်ပဲလေ့စ်ပရိသတ်တစ်ဦးကို ကွန်ဖူးကစ်ဖြင့် ကန်ကျောက်ခဲ့ဖူးသည်။

ကန်တိုနာသည် ၁၉၉၅ ခုနှစ်တွင် ခရစ္စတယ်လ်ပဲလေ့စ်အသင်းပိုင် ဆဲလ်ဟော့စ်ပါ့ခ်ဘောလုံးကွင်းသို့ မန်ယူနှင့်အတူ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ၌ ယင်းပြစ်မှုကို ကျူးလွန်မိခဲ့ခြင်းဖြစ်ကာ အဆိုပါလုပ်ရပ်အတွက် ကန်တိုနာမှာ ကိုးလပွဲပယ်ပြစ်ဒဏ်နှင့် လူမှုရေးလုပ်ငန်းများ နာရီ ၁၂၀ ဆောင်ရွက်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသည်။

အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်သည့် အီဗရာသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၌လည်း မန်ယူအသင်းကို ကိုယ်စားပြု၍ ချယ်လ်ဆီးအသင်းပိုင် စတမ်းဖို့ဒ်ဘရစ်ခ်ျဘောလုံးကွင်းသို့ ပြိုင်ပွဲယှဉ်ပြိုင်ရန် သွားရောက်ခဲ့ရာတွင် ချယ်လ်ဆီးဘောလုံးကွင်းတာဝန်ခံနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် လေးပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရဖူးသည်။