POST TYPE

SPORTS

ပွဲမတိုင်မီ ပြောကြားခဲ့သည့်စကားကို အောင်လအန်ဆန်း အကောင်အထည်ဖော်၊ အလိန်းဂါလာနီကို ပထမပွဲချီ၌ပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရ
03-Nov-2017


ရန်ကုန်၊ နိုဝင်ဘာ ၃

မြန်မာ့စပါးအုံးဟု နာမည်ပြောင်ပေးအပ် မှည့်ခေါ်ခြင်းခံထားရသည့် ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အောင်လအန်ဆန်းသည် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့သည့် One Championship;Hero’s Dream ပြိုင်ပွဲ၏Main Event အထူးစိန်ခေါ်ပွဲတွင် ဟောင်ကောင်ကိုယ်စားပြု ကင်မရွန်းနွယ်ဖွား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အလိန်းဂါလာနီကို ပထမပွဲချီအတွင်း၌ပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ယူကာ ပွဲမတိုင်မီ ၎င်းပြောကြားထားသည့်စကားကို အကောင်အထည်ဖော်သွားခဲ့ပြီဖြစ်သည်။

One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းနှင့် မွေထိုင်း ဟဲဗီးဝိတ်တန်းချန်ပီယံ ဂါလာနီတို့၏ပွဲစဉ်သည် One Championship ပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်တွင် ဝိတ်တန်းမတူညီသည့် ကစားသမားနှစ်ဦး ပထမဆုံးအကြိမ်အဖြစ် စိန်ခေါ်ထိုးသတ်သည့်ပွဲစဉ်ဖြစ်ကာ အောင်လအန်ဆန်းမှာ ပွဲမတိုင်မီ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့စဉ်ကတည်းက ဂါလာနီကို နှစ်ချီအတွင်း အလဲထိုးအနိုင်ယူပြမည်ဟု ပြောကြားထားခဲ့ခြင်းဖြစ်သည်။

ဂါလာနီသည် ပွဲစသည်နှင့် အောင်လအန်ဆန်ကို လျင်မြန် အားပါသည့်လက်သီးချက်များဖြင့် ဖိအားပေးရန် ကြိုးပမ်းခဲ့ပြီး အောင်လအန်ဆန်းကမူ ၎င်း၏နာမည်ကျော်ဗျူဟာဖြစ်သည့် ချုပ်ကွက်ကို အသုံးပြုရန်သာ အားထုတ်သွားခဲ့သည်။

ဂါလာနီသည် အောင်လအန်ဆန်းနှင့် လုံးထွေးသွားချိန်တွင် အောင်လအန်ဆန်း၏မျက်နှာကို လက်သီးဖြင့် တရစပ်ထိုးရန် ကြိုပမ်းခဲ့သော်လည်း ချုပ်ပုံချုပ်နည်း မှန်ကန်ခဲ့သော အောင်လအန်ဆန်း၏ခုခံကာကွယ်ပုံများကြောင့် ၎င်းစိတ်တိုင်းကျ လုပ်မရဖြစ်ခဲ့ရပြီး ယင်းနောက်တွင် ဂါလာနီ၏ဖိအားမှုကို တွန်းလှန်ကာ အောင်လအန်ဆန်းက မတ်တပ်ပြန်ရပ်နိုင်ခဲ့သည်။

အောင်လအန်ဆန်းသည် မတ်တပ်ရပ်အနေအထားသို့ ပြန်လည်ရောက်ရှိအပြီးတွင် ဂါလာနီကို ချုပ်၍ ကိုင်ပေါက်ရန် ကြိုးပမ်းခဲ့သေးကာ ဝိတ်ချင်းမမျှသည့်အချက်က အောင်လအန်ဆန်းကို အခက်အခဲဖြစ်စေခဲ့သည်။

သို့သော် ဂါလာနီက ၎င်းကို ပြန်လည်ကိုင်ပေါက်ကာ တွန်းလှဲလိုက်ချိန်တွင် ဂါလာနီ၏လည်ပင်းကို အောင်လအန်ဆန်းက ပိုင်ပိုင်နိုင်နိုင် ချုပ်လိုက်နိုင်ပြီး ယင်းချုပ်ကွက်ဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး စက္ကန့်ပိုင်းအတွင်း၌ပင် ဂါလာနီမှာ ကြမ်းပြင်ကို လက်ဖြင့်ပုတ်၍ အရှုံးပေးကြောင်း အချက်ပြသွားခဲ့ရသည်။

အောင်လအန်ဆန်းသည် ၎င်းက ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၃၁ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၂၁ ပွဲမြောက်နိုင်ပွဲကို ရယူလိုက်နိုင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်ထိုးသတ်ခဲ့သည့် ပြိုင်ပွဲလေးပွဲလုံးတွင် လေးပွဲလုံး ရာနှုန်းပြည့် အနိုင်ရခဲ့သည့်အတွက် မြန်မာနိုင်ငံမှာ အောင်လအန်ဆန်းအတွက် အောင်မြေသဖွယ် ဖြစ်လာခဲ့ပြီလည်းဖြစ်သည်။ အောင်လအန်ဆန်းသည် အနိုင်ရရှိခဲ့သည့်ပွဲစဉ်ပေါင်း ၂၁ ပွဲတွင် ရှစ်ပွဲကို အလဲထိုးရလဒ်ဖြင့် အနိုင်ရလိုက်ခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

Photo Credit - onefc.com


  • VIA