POST TYPE

SPORTS

မိမိတွင် ဂိုးသွင်းစွမ်းရည် ရှိ၊ မရှိ သိလိုက ဂူဂဲလ်တွင် ရှာဖွေကြည့်သင့်သည်ဟု စီရော်နယ်ဒို တုံ့ပြန်
03-Nov-2017


မက်ဒရစ်၊ နိုဝင်ဘာ ၃

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဂိုးပေါက်ပျောက်ဆုံးနေသည့်ကိစ္စအတွက် ၎င်းကို ဝေဖန်ပြစ်တင်နေသူများအား ဂူဂဲလ်(Google)ကို အသုံးပြု၍ ၎င်း၏ဂိုးသွင်းစွမ်းရည် မည်သို့မည်ပုံရှိသည်ကို ရှာဖွေကြည့်သင့်သည်ဟု တုံ့ပြန်လိုက်ပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် စပါးက ရီးရဲလ်မက်ဒရစ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အပိုင်ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း မိနစ် ၈၀ သို့ရောက်မှသာ အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ရယူပေးနိုင်ခဲ့ပြီး လက်ရှိဘောလုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ ရီးရဲလ်မက်ဒရစ်အတွက် စီရော်နယ်ဒို ရယူပေးနိုင်ခဲ့သည့် သွင်းဂိုးအရေအတွက်မှာ ခုနစ်ဂိုးတည်းသာ ရှိသေးသည်။

စီရော်နယ်ဒိုသည် သွင်းဂိုးခုနစ်ဂိုးအနက် ခြောက်ဂိုးကို ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လာလီဂါတွင်မူ ပွဲစဉ်ခြောက်ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ရာ၌ ၎င်းသွင်းယူနိုင်ခဲ့သည့် သွင်းဂိုးအရေအတွက်မှာ တစ်ဂိုးတည်းသာ ရှိထားသေးသည်။

စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်နှင့် ၎င်းအကြားတွင် စာချုပ်သစ် ထပ်မံချုပ်ဆိုရန် အကြောင်းမရှိတော့ကြောင်းလည်း ဖွင့်ဟပြောကြားထားပြီး လက်ရှိစာချုပ်အရ စီရော်နယ်ဒိုမှာ ရီးရဲလ်မက်ဒရစ်ထံတွင် ၂၀၂၁ ခုနှစ် ဇွန်လတိုင်သည်အထိ ရှိနေလိမ့်ဦးမည်ဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် စီရော်နယ်ဒိုက “အခုအချိန်ထိ တည်ငြိမ်မှုအပြည့်နဲ့ ကစားနိုင်စွမ်းရှိနေတာကြောင့် ကျွန်တော် ကျေနပ်မိပါတယ်။ တစ်ချို့အတွက်ကတော့ ကျွန်တော့်ကို ထိုးနှက်ဖို့အတွက် အခွင့်ကောင်းတွေ ဖြစ်ပြီးရင်းဖြစ်နေမှာပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလောက် ဂိုးတွေ မရရှိတော့တာကြောင့် ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေ ကျဆင်းသွားပြီလို့ ဝေဖန်နေတာတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ ရှည်ရှည်ဝေးဝေး မပြောချင်ပါဘူး။ ဝေဖန်နေတဲ့လူတွေကို ကျွန်တော် ပြောချင်တာက ဂူဂဲလ်မှာ စီရော်နယ်ဒိုသွင်းဂိုးများလို့ ရိုက်ထည့်ပြီး ရှာဖွေကြည့်လိုက်ပါ။ အဲ့ဒီမှာ ကျွန်တော် ဘာတွေလုပ်ပြခဲ့သလဲဆိုတဲ့ မှတ်တမ်းအားလုံးရှိပါတယ်။ အဲ့ဒါမှတ်တမ်းတွေက ကျွန်တော်ဟာ ဘယ်လိုကစားသမားမျိုးဖြစ်တယ်ဆိုတာကို သက်သေထူနေပြီးသားပါ”ဟု ပြောကြားသွားခဲ့သည်။