News

POST TYPE

SPORTS

ခေါင်းရှုပ်မခံလိုသည့်အတွက် အခွန်ငွေများကို ပေးဆောင်ရန် သဘောတူညီလိုက်ခြင်းဖြစ်သည်ဟု မော်ရင်ညို ရှင်းလင်း
03-Nov-2017


မက်ဒရစ်၊ နိုဝင်ဘာ ၃

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် စပိန်အစိုးရရှေ့နေများက စွပ်စွဲထားသည့် အခွန်တိမ်းရှောင်ခြင်းအမှုကို အမြန်ပြီးပြတ်စေလိုသည့်အတွက် တောင်းဆိုထားသော အခွန်ငွေနှင့် ဒဏ်ကြေးများကိုပေးဆောင်ရန် ချက်ချင်းသဘောတူညီလိုက်ခြင်းဖြစ်သည်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် ယနေ့(သောကြာနေ့)တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ တရားရုံးတော်သို့ အမှုစစ်ဆေးခံရန် ရောက်ရှိလာခဲ့ပြီး တရားခွင်သို့ ရောက်ရှိပြီးသည်နှင့် မော်ရင်ညိုက စပိန်အစိုးရရှေ့နေများ စွပ်စွဲထားသည့် တိမ်းရှောင်ထားသည်ဟူသော အခွန်ငွေများကို ၎င်းဘက်က ပြန်ပေး၍ အမှုကို အပြီးသတ်လိုက်လိုသည်ဟု တောင်းဆိုသွားခဲ့ခြင်းဖြစ်သည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် အမှုကို ကာလရှည်ကြာ ခုခံချေပနေရမည်ကို စိတ်မရှည်ကြောင်းလည်း ဖွင့်ဟအသိပေးသွားခဲ့ကာ လက်ရှိတွင် မော်ရင်ညိုက တိမ်းရှောင်ထားသည်ဟူသော အခွန်ငွေများကို ပြန်ပေးမည်ဟု သဘောတူညီလိုက်သည့်အတွက် အမှုမှာ ပြီးပြတ်သွားခဲ့ပြီဖြစ်ကြောင်း စပိန်အစိုးရရှေ့နေတစ်ဦးက အတည်ပြုလိုက်ပြီဖြစ်သည်။

တရားရုံးမှနေ၍ ပြန်အထွက်တွင် မော်ရင်ညိုက “စောဒကတက်ရတာတွေ၊ အငြင်းအခုံလုပ်ရတာတွေကို ကျွန်တော် စိတ်မရှည်ပါဘူး။ စပိန်အစိုးရရှေ့နေတွေက ကျွန်တော့်ကို အခွန်ရှောင်ထားတယ်လို့ စွပ်စွဲပါတယ်။ သူတို့ပြောထားတဲ့ အခွန်ငွေတွေကို ကျွန်တော့်ဘက်က ပြန်ပေးမယ်လို့ ပြောပြီး အမှုကို အဆုံးသတ်လိုက်နိုင်ပါပြီ။ အမှုရင်ဆိုင်ဖို့ မက်ဒရစ်မြို့ဆီ မကြာခဏ လာရောက်ပြီး အချိန်ကုန်ခံ၊ ခေါင်းရှုပ်ခံနေရမှာကို ကျွန်တော် မလိုလားပါဘူး။ အခုတောင် ချယ်လ်ဆီးနဲ့ အရေးပါတဲ့ပွဲစဉ်ကို ယှဉ်ပြိုင်ရမယ့်အချိန်မှာ အသင်းကိုပစ်ပြီး မက်ဒရစ်မြို့ဆီ အမှုရင်ဆိုင်ဖို့ ကျွန်တော်လာခဲ့ရတာပါ။ နှစ်ဖက်သဘောတူညီမှုရပြီး အမှုကို အမြန်ဆုံး အဆုံးသတ်ပစ်လိုက်နိုင်တဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်”ဟု ပြောကြားသွားခဲ့သည်။

မော်ရင်ညိုသည် ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူခဲ့စဉ်ကာလအတွင်း ၂၀၁၀ ပြည့်နှစ်မှနေ၍ ၂၀၁၃ ခုနှစ်တိုင်သည်အထိ ပုံရိပ်အသုံးပြုခြင်းဆိုင်ရာ မူပိုင်ခွင့်ကတစ်ဆင့်ရရှိသည့် ၀င်ငွေများအတွက် အခွန်ငွေ ပေါင် ၂ ဒသမ ၉ သန်း ပေးချေရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရကာ အမှုလာရောက် ရင်ဆိုင်ရခြင်းဖြစ်သည်။