News

POST TYPE

SPORTS

ဂါလာနီကို ပွဲချီနှစ်ချီနဲ့ အပြတ်ဖြတ်ဖို့ဆိုတာ အောင်လအန်ဆန်းအတွက် လွယ်ပါ့မလား
03-Nov-2017


မြန်မာ့စပါးအုံးလို့ အမည်ပြောင်ပေးအပ်ခြင်းခံထားရတဲ့ ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးကစားသမား အောင်လအန်ဆန်းဟာ ယနေ့(နိုဝင်ဘာလ ၃ ရက်)ညမှာ ကျားသစ်နက်လို့ အမည်ပြောင်ရရှိထားတဲ့ ဟောင်ကောင်ကိုယ်စားပြု ကင်မရွန်းကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား အလိန်းဂါလာနီနဲ့ အထူးစိန်ခေါ်ပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာပဲဖြစ်ပါတယ်။ ဒါဟာ One Championship ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်မှာ ၀ိတ်တန်းမတူတဲ့ကစားသမားနှစ်ဦး ပထမဆုံးအကြိမ်အဖြစ် စိန်ခေါ်ထိုးသတ်တဲ့ပွဲစဉ်ပါပဲ။ အောင်လအန်ဆန်းအတွက် ဒီပွဲဟာ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီးတဲ့နောက် ပထမဆုံးယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်ဖြစ်သလို ၀ိတ်တန်းမတူညီတဲ့ ကစားသမားတစ်ယောက်ကို စိန်ခေါ်ထိုးသတ်မှာဖြစ်လို့ ပိုပြီး စိတ်ဝင်စားစရာကောင်းနေပါတယ်။

ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ အောင်လအန်ဆန်းက “ကျွန်တော် ယုံကြည်ပါတယ်။ ဒီပွဲကို အကောင်းဆုံးကစားနိုင်မယ်ဆိုတာလည်း ယုံကြည်တယ်။ အာလုံးလည်း စိတ်မပူစေချင်ပါဘူး။ ကျွန်တော့်ထက် ဘက်လောက်ပဲ ပိုကြီးကြီး၊ ဘယ်လောက်ပဲမြန်မြန်၊ အတွေ့အကြုံပဲရှိရှိ ဂရုမစိုက်ဘူး။ ကျွန်တော် နိုင်အောင် ထိုးမယ်။ သူ့ကို ကံကောင်းပါစေလို့ပဲ ပြောချင်ပါတယ်။ သူ့ကို နှစ်ချီအတွင်း နိုင်အောင်ထိုးမယ်”လို့ ပြောကြားသွားခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ အဲ့ဒီစကားကို စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်အဖြစ် ဖွင့်ဟပြောဆိုသွားခဲ့တာဖြစ်ပေမယ့် ပြိုင်ဘက်ဖြစ်သူ ဂါလာနီရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှု မှတ်တမ်းတွေအရ ဒါဟာ ဖြစ်မယ်ဆို ဖြစ်လာနိုင်လောက်တဲ့ အခြေအနေမျိုးပါပဲ။

ဂါလာနီဟာ ဖွင့်ပြီး ထိုးရတာကို အရမ်းအားသန်တဲ့ တိုက်ခိုက်ရေးကစားသမားဖြစ်ပါတယ်။ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ဖူးတဲ့ ကစားသမားဖြစ်တာကြောင့် အဲ့ဒီတိုက်ခိုက်နည်းတွေကို အားကိုးအားထားပြုပြီး ပြိုင်ဘက်ကို ဂါလာနီက ဖိအားပေးတတ်လေ့ရှိပါတယ်။ ပြိုင်ဘက်က သူ့ကိုချုပ်ဖို့ ကြိုးစားတာကို မခံရလေအောင် တတ်နိုင်သမျှ ခွာပြီး ထိုးသတ်လေ့ရှိတာကြောင့် အောင်လအန်ဆန်းအနေနဲ့ ဗျူဟာသစ်တစ်ခုကို စဉ်းစားထားမှသာ ဂါလာနီကို ဖိအားပေးနိုင်မှာပါပဲ။ အောင်လအန်ဆန်းက ပြိုင်ဘက်ကိုချုပ်တဲ့ဘက်မှာ ဆရာတစ်ဆူဖြစ်ပေမယ့် ဒီတစ်ကြိမ်တော့ သိပ်မလွယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ mmaweekly.com ၀က်ဘ်ဆိုက်ရဲ့အဆိုအရ ဂါလာနီဟာ အောင်လအန်ဆန်းထက် ပေါင် ၄၀ လောက် သာလွန်နေတဲ့ ကစားသမားဖြစ်တယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ ကိုယ့်ထက် ၀ိတ်သာတဲ့ ကစားသမားတစ်ယောက်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်နိုင်ဖို့ဆိုတာဟာ အောင်လအန်ဆန်းအတွက် ခက်နိုင်ပါတယ်။ 

အောင်လအန်ဆန်းက ဂါလာနီနဲ့ပတ်သက်လို့ “သူက အားအရမ်းရှိတယ်။ ဒါပေမဲ့ သူက ပထမအချီ၊ ဒုတိယအချီမှာတော့ အားလျော့တယ်။ အဲ့ဒီအတွက် ကျွန်တော် အဲ့ဒီအချိန်မှာပဲ အနိုင်ယူနိုင်ဖို့ ပစ်မှတ်ထား ပြင်ဆင်ထားပါတယ်။ သူက ဟဲဗီးဝိတ်ဆိုတော့ အားအရမ်းကောင်းတယ်။ မွေထိုင်းချန်ပီယံလည်းဖြစ်တော့ တံတောင်တွေ၊ ဒူးတွေ အရမ်းကောင်းတယ်။ အဲ့ဒါတွေ သတိထားရမယ်”လို့ မှတ်ချက်ပေးထားပါတယ်။ ဒီပြောကြားချက်မှာ သဘောမတူနိုင်တာက ပထမအချီနဲ့ ဒုတိယအချီတွေမှာ ဂါလာနီက အားလျော့တတ်တယ်ဆိုတဲ့ အချက်ပါပဲ။ အနီးစပ်ဆုံးအဖြစ် ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးကစားသမား ဟီဒီကီ ဆီကိုင်းနဲ့ပွဲမှာဆိုရင် ဂါလာနီက ပွဲအစ ၁၁ စက္ကန့်မှာတင် အလဲထိုးရလဒ်နဲ့ ပွဲဖြတ်လိုက်ပြီး One Championship ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အမြန်ဆုံးအလဲထိုးနိုင်မှုစံချိန်ကိုတောင် တင်ရှိပစ်လိုက်သေးတာပါ။ ဂါလာနီ ထိုးသတ်ခဲ့ပြီးတဲ့ပွဲစဉ်တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ပွဲချီပြည့်တဲ့အထိ ရောက်ခဲ့တာဆိုလို့ တစ်ပွဲတည်းသာ ရှိခဲ့တာကို တွေ့ရပါလိမ့်မယ်။ ထိုးသတ်ခဲ့ပြီးတဲ့ One Championship ပွဲစဉ်ခြောက်ပွဲမှာ ဂါလာနီက သုံးပွဲနိုင်၊ သုံးပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ရရှိထားပြီး အဲ့ဒီပွဲစဉ်ခြောက်ပွဲအနက် ငါးပွဲက နှစ်ချီအတွင်းမှာတင် အရှုံးအနိုင် အဖြေပေါ်ခဲ့လို့ နိုင်ရင်နိုင် မနိုင်ရင်ရှုံးဆိုတဲ့စိတ်နဲ့ ဂါလာနီက ဖွင့်ကစားတတ်တယ်ဆိုတာ လုံးဝ အထင်အရှားပါပဲ။ 

ဂါလာနီထက် အောင်လအန်ဆန်း အားသာတာက ပြိုင်ပွဲအတွေ့အကြုံ ရင့်ကျက်မှုပဲဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်တွေ ပါဝင်ယှဉ်ပြိုင်နေခဲ့တဲ့ အောင်လအန်ဆန်းဟာ လက်ရှိအချိန်မှာ ပွဲစဉ်ပေါင်း ၃၀ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးပါပြီ။ ဒီပွဲစဉ် ၃၀ မှာ အောင်လအန်ဆန်းက ပွဲ ၂၀ နိုင်၊ ၁၀ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကို ရယူနိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့ ပွဲ ၂၀ အနက် ခုနစ်ပွဲကို အလဲထိုးရလဒ်နဲ့ အောင်လအန်ဆန်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အောင်လအန်ဆန်းရဲ့နိုင်ပွဲအများစုဟာ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ အနိုင်ရတာတွေ ဖြစ်နေတာပါပဲ။ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း နှစ်ချီနဲ့ ပွဲဖြတ်မယ်ဆိုတဲ့ အောင်လအန်ဆန်းရဲ့ကြုံးဝါးသံကို သိပ်မယုံရဲတာပါ။ ဒါပေမဲ့ ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပြိုင်ပွဲတွေမှာ တစ်ချက်ကောင်းထိချက်တွေရှိလို့ အဲ့ဒီလိုမျိုးအခြေအနေသာဖြစ်လာခဲ့ရင်တော့ အောင်လအန်ဆန်းအတွက် အခွင့်ကောင်းတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဂါလာနီဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကမှ ကိုယ်ခံပညာစုံတိုက်ခိုက်ရေးလောကဆီကို ပြောင်းရွှေ့အခြေချလာခဲ့တာပါ။ ဟဲဗီးဝိတ်တန်းအဆင့်ပွဲစဉ်တွေသာ စိန်ခေါ်ထိုးသတ်ဖူးတဲ့ သူ့အတွက်လည်း အောင်လအန်ဆန်းနဲ့ပွဲက အသစ်အဆန်းတစ်ခုဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂါလာနီဟာ အခုမတိုင်ခင်မှာ သုံးချီပွဲစဉ်တွေသာ ထိုးသတ်ခဲ့ဖူးလို့ပါပဲ။ ဒါဟာ ဂါလာနီအတွက် သူ့ရဲ့ပရော်ပက်ရှင်နယ်ကစားသမားဘ၀ ဖြတ်သန်းမှုတစ်လျှောက် ပထမဆုံးသော ငါးချီစိန်ခေါ်ပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။ အောင်လအန်ဆန်းဟာ ကိုယ်ခံပညာစုံ မစ်ဒယ်ဝိတ်တန်းတိုက်ခိုက်ရေးကစားသမားစာရင်းမှာ ကမ္ဘာ့အဆင့် ၆၆ ကို ပိုင်ဆိုင်ရရှိထားသူပါ။ ဂါလာနီကတော့ ဟဲဗီးဝိတ်တန်းရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၃၇ နေရာကို ရယူရပ်တည်နေပါတယ်။ 

အတန်းမတူတဲ့ ကစားသမားနှစ်ယောက် စိန်ခေါ်ပွဲယှဉ်ပြိုင်ကြပြီဆိုရင် ၀ိတ်တန်းနိမ့်သူတွေဘက်က အသာစီးရတယ်ဆိုတာ ရှားပါးလွန်းလှပါတယ်။ လက်ဝှေ့ပွဲစဉ်တွေမှာ အတန်းတက်ပြီး ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲစဉ်တွေ မကြာခဏ ထွက်ပေါ်ခဲ့ဖူးပြီး အတန်းတက်ရောက်ထိုးသတ်တဲ့ ကစားသမားတွေ ရလဒ်ကောင်းရတယ်ဆိုတာဟာ ရှာမှရှားပါပဲ။ အောင်လအန်ဆန်းအတွက် မွေးရပ်ဇာတိ မြန်မာနိုင်ငံဟာ အောင်မြေသဘောမျိုးဖြစ်လို့နေပါတယ်။ အောင်လဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း မြန်မာနိုင်ငံဆီကိုလာရောက်ပြီး ပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ သုံးပွဲလုံး အနိုင်ရရှိခဲ့ပြီး One Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံရွှေခါးပတ်ကိုလည်း မြန်မာပရိသတ်ရှေ့မှောက်မှာပဲ ဆွတ်ခူးသိမ်းပိုက်ခဲ့တာပါ။ အခုထိုးသတ်မယ့် ဂါလာနီနဲ့ပွဲစဉ်ကတော့ အောင်လအန်ဆန်းအတွက် မြန်မာ့မြေ မြန်မာ့ရေမှာ ထိုးသတ်တဲ့ပွဲစဉ်တွေအားလုံးအနက် စိန်ခေါ်မှုအပြင်းထန်ဆုံးပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ 

မြန်မာပရိသတ်တွေဟာ အောင်လအန်ဆန်းကို ဒီပွဲမှာ ဂါလာနီကို အနိုင်ထိုးသတ်ပြီး စစ်မှန်တဲ့ ကမ္ဘာ့ချန်ပီယံအဖြစ် သက်သေပြစေချင်ကြောင်း အွန်လိုင်းလှုမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် သူတို့ရဲ့ဆန္ဒသဘောထားကို ထုတ်ဖော်ပြောကြားနေကြပါတယ်။ အောင်လအန်ဆန်းရဲ့အားသာချက်က ဂါလာနီထက် ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်ပြီး ငါးချီစိန်ခေါ်ပွဲတွေကို မကြာခဏ ထိုးသတ်ခဲ့ဖူးတာပါပဲ။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် ရုရှားကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဘစ်ဂ်ဒတ်ရှ်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာလည်း အောင်လအန်ဆန်းက သူ့ရဲ့ခံနိုင်ရည်မြင့်မားမှုကို သက်သေပြခဲ့ပြီးပါပြီ။ အောင်လအန်ဆန်းဟာ ဂါလာနီနဲ့ ထိုးသတ်ရာမှာ အလောတကြီး ပွဲဖြတ်ဖို့တော့ မကြိုးပမ်းသင့်ပါဘူး။ အထူးသဖြင့် နှစ်ချီနဲ့ ပွဲဖြတ်ပြမယ်ဆိုတဲ့စကားကို အကောင်အထည်ဖော်ချင်ဇောနဲ့ အောင်လအန်ဆန်း ဖွင့်ပြီး ထိုးသတ်လိုက်ရင် ဂါလာနီအကြိုက်ဖြစ်သွားမှာပါ။ ဖြစ်နိုင်မယ်ဆိုရင် မက်ဂရီဂေါ်နဲ့ထိုးသတ်ခဲ့တဲ့ စိန်ခေါ်ပွဲစဉ်တုန်းက မေ၀ယ်သာ ကျင့်သုံးသွားခဲ့တဲ့ နည်းလမ်းမျိုးကို အောင်လအန်ဆန်း ကျင့်သုံးသင့်ပါတယ်။ သုံးချီပွဲစဉ်သာ အမြင့်ဆုံးယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဂါလာနီဟာ လေးချီ၊ ငါးချီအထိ ပွဲဆက်သွားခဲ့ရင် ယုံကြည်ချက်ပျောက်သွားနိုင်ပါတယ်။

“ဒီပွဲအတွက် ကျွန်တော် ဂါလာနီလိုမျိုး ဟဲဗီးဝိတ်ကစားသမားတွေနဲ့ လေ့ကျင့်ခဲ့ပါတယ်။ ၀ိတ်ပိုတက်အောင် လုပ်ထားတယ်။ ၀ိတ်ကြီးတဲ့ကစားသမားတွေနဲ့ နပမ်းလုံးတာတွေ လုပ်ခဲ့ပါတယ်။ သူက Ground Game (ပြိုင်ဘက်ကို ကြမ်းပြင်တွင် လှဲသိပ်ထိန်းချုပ်ခြင်း) သိပ်မကောင်းလို့ ကျွန်တော် အဲ့ဒီအပိုင်းကို သေချာကျင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူက Standing (ထိုးသတ်မှုပိုင်း)မြန်တဲ့အတွက် ကျွန်တော့်အနေနဲ့ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်အောင်လည်း ပြင်ဆင်ထားပါတယ်”လို့ ပြောကြားထားတဲ့ အောင်လအန်ဆန်းဟာ One Championship ပြိုင်ပွဲသမိုင်းမှာ ကိုယ့်ထက်ဝိတ်တန်းမြင့်တဲ့ကစားသမားကို အနိုင်ယူပြီး မော်ကွန်းသစ်တစ်ခု ရေးထိုးစိုက်ထူသွားလေတော့မလားဆိုတာကို One Championship:Hero’s Dream ညမှာ ရင်ခုန်လိုက်ကြပါစို့လား။

Photo Credit – One Championship Facebook Page