POST TYPE

SPORTS

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ပီအက်စ်ဂျီ ရေပန်းအစားဆုံးဖြစ်
02-Nov-2017



ပဲရစ်၊ နိုဝင်ဘာ ၂

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိလိုက်သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အပြီးတွင် လက်ရှိဘောလုံးရာသီ၌ ချန်ပီယံလိဂ် ချန်ပီယံဆုကို ဆွတ်ခူးရရှိရန် ရေပန်းအစားဆုံးအသင်းများစာရင်းတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။

ပီအက်စ်ဂျီသည် အန်ဒါလက်ခ်ျကို နောက်ခံလူ ကာဇာဝါ၏ဟက်ထရစ်သွင်းဂိုးအပါအ၀င် ဗာရတ်တီ၊ နေမာတို့၏သွင်းဂိုးများနှင့်အတူ ငါးဂိုးပြတ် အနိုင်ရရှိလိုက်ခြင်းဖြစ်ပြီး ကာဇာဝါမှာ မော်ဒန်ခေတ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံးနောက်ခံကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်သည်။

ပီအက်စ်ဂျီသည် အန်ဒါလက်ခ်ျကို အနိုင်ရရှိလိုက်သည့်ပွဲစဉ်အပြီးတွင် အားကစားရေးရာ ကံစမ်းကုမ္ပဏီများ(ဘွတ်ကီများ)၏အလေးပေးချက်ထုတ်ပြန်မှု၌ ချန်ပီယံလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရရှိရန် အလေးပေးချက်ပမာဏ ခုနစ်လေး နှစ်လေးဖြင့် ထိပ်ဆုံးနေရာသို့ ရောက်သွားခဲ့ခြင်းဖြစ်ပြီး အသင်းသမိုင်းကြောင်းတစ်လျှောက်တွင် ပီအက်စ်ဂျီမှာ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ရန်အတွက် အမြင့်ဆုံးအလေးပေးချက်ကို ပထမဆုံးအကြိမ် ပိုင်ဆိုင်ရရှိဖူးခြင်းလည်းဖြစ်သည်။

ပီအက်စ်ဂျီ၏နောက်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌  ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးဖြစ်နေသည်မှာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်နှင့် မန်စီးတီးတို့ ဖြစ်ကြပြီး ရီးရဲလ်မက်ဒရစ်မှာ အလေးပေးချက်ပမာဏ ကိုးလေး နှစ်လေး၊ မန်စီးတီးမှာ အလေးပေးချက်ပမာဏ ၂၅ လေး တစ်လေး အသီးသီး ရရှိထားကြသည်။