News

POST TYPE

SPORTS

လာလီဂါပြိုင်ပွဲကိုစွန့်ခွာရန် ဆွေးနွေးသွားတော့မည်ဟု ဘာစီလိုနာဥက္ကဋ္ဌ အတည်ပြု
03-Oct-2017

ဘာစီလိုနာ၊ အောက်တိုဘာ ၃

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူသည် ၎င်းတို့အနေနှင့် လာလီဂါပြိုင်ပွဲကို ကျောခိုင်းစွန့်ခွာ၍ အခြားသော ဥရောပထိပ်တန်း အမှတ်ပေးပြိုင်ပွဲ တစ်ခုတွင် ပါဝင်ကစားရန်အတွက် လာလီဂါပြိုင်ပွဲ ကျင်းပရေး ကော်မတီတာဝန်ရှိသူများနှင့် တရားဝင် တွေ့ဆုံဆွေးနွေးသွားတော့မည်ဟု အတည်ပြု ပြောကြားလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ကတ်တလန် လွတ်လပ်နယ်မြေ ခွဲထွက်တည်ထောင်ခွင့် ရနိုင်ရေး လူထုဆန္ဒခံယူပွဲ အခမ်းအနားတွင် ခွဲထွက်ရေးကို လိုလားကြောင်း ထောက်ခံမဲပမာဏ ၉၀ ရာခိုင်နှုန်း ရရှိခဲ့ခြင်းသည် စပိန်အစိုးရ အာဏာပိုင်များကို ခြိမ်းခြောက်မှုများ ရှိနေပြီဖြစ်ပြီး ဆန္ဒမဲပေးအပ်ပွဲ အခမ်းအနားကို စပိန်အစိုးရ အာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အကြမ်းဖက် ဖြိုခွဲခဲ့သည့်လုပ်ရပ်က ကတ်တလန် နယ်မြေတွင် နေထိုင်သူများ၏ စပိန်အစိုးရ အာဏာပိုင်များအပေါ် အမြင်မကြည်မှုကို ပိုမိုတိုးပွားသွားစေခဲ့ပြီလည်း ဖြစ်သည်။

ဘာစီလိုနာအသင်း လိဂ်ပြောင်းရွှေ့ကစားမည့် အစီအစဉ်ကို ကတ်တလန် ဒေသခံများက အပြည့်အဝ ထောက်ခံကြလိမ့်မည်ဟုလည်း ဘာတိုမြူက အခိုင်အမာ ယုံကြည်ထားပြီး ဥရောပရှိထိပ်တန်းလိဂ်များအနက် ဘာစီလိုနာ ပြောင်းရွှေ့ရန် ဆန္ဒအရှိဆုံး နေရာမှာ ပရီးမီးယားလိဂ်ဖြစ်လျက်ရှိသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဘာတိုမြူက “ဘာစီလိုနာဆိုတာ ကတ်တလန်နယ်မြေကို ကိုယ်စားပြုထားတဲ့ ဘောလုံးအသင်း တစ်သင်းပါ။ ကတ်တလန်သားတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ကျွန်တော်တို့ အမြဲရှိပါတယ်။ ကတ်တလန်သာ သီးသန့် နယ်မြေအဖြစ် ခွဲထွက်သွားခဲ့ရင် ကျွန်တော်တို့ကို လာလီဂါပြိုင်ပွဲကနေ ထုတ်ပယ်ပြီး အဆက်အသွယ် ဖြတ်တောက်ပစ်မယ်ဆိုတာကို ကျွန်တော်တို့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ အခုလည်း သူတို့ဘက်က မစခင် ကျွန်တော်တို့ဘက်ကနေစပြီး ဆွေးနွေးပါတော့မယ်။ ကျွန်တော်တို့မှာ ပရိသတ် တစ်သိန်းနီးပါး ဝင်ဆံ့တဲ့ ဘောလုံးကွင်းကြီး ရှိပါတယ်။ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ကို လက်ခံမယ့် လိဂ်ပြိုင်ပွဲတွေ အဆင်သင့်ရှိနေမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသားပါ။ ကျွန်တော်တို့ကို အလိုမရှိတဲ့နေရာကို တွယ်ဖက်နေမယ့် အသင်းတွေထဲမှာ ဘာစီလိုနာ မပါဝင်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။


  • VIA