News

POST TYPE

SPORTS

ကတ်တလန် လွတ်လပ်နယ်မြေ တည်ထောင်ရေး ဆန္ဒခံယူပွဲတွင် ခွဲထွက်ရေး လိုလားသူများ အောင်ပွဲခံခဲ့ခြင်းက ဘောလုံးလောကကို ရိုက်ခတ်နိုင်
02-Oct-2017

ဘာစီလိုနာ၊ အောက်တိုဘာ ၂

ကတ်တလန် လွတ်လပ်နယ်မြေ ခွဲထွက်တည်ထောင်ရေးအတွက် ဆန္ဒမဲပေးအပ်ပွဲတွင် ခွဲထွက်ရေးလိုလားသူများဘက်က အောင်ပွဲခံသွားခြင်းသည် စပိန်ဘောလုံးလောကအပေါ်သို့ ကြီးစွာသော သက်ရောက်မှုများ ဖြစ်ပေါ်လာစေရန် နီးစပ်နေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

စပိန်အစိုးရအာဏာပိုင်များသည် ၎င်းတို့အနေနှင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း အတိအလင်း အသိပေးထားသော်လည်း ကတ်တလန်ဒေသဆိုင်ရာ အစိုးရအဖွဲ့ကမူ ရွေးကောက်ပွဲရလဒ်ကို စပိန်အစိုးရ အသိအမှတ်ပြုပေးစေရန် ၎င်းတို့အနေနှင့် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းအားလုံးဖြင့် ကြိုးပမ်းသွားမည်သာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီဖြစ်သည်။

အောက်တိုဘာလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကတ်တလန် လွတ်လပ်နယ်မြေ ခွဲထွက်တည်ထောင်ရေး ဆန္ဒမဲပေးအပ်ပွဲတွင် မဲပေးသူအားလုံးအနက်မှနေ၍ ၉၀ ရာခိုင်နှုန်းက ကတ်တလန် လွတ်လပ်နယ်မြေအဖြစ် သီးသန့် ရပ်တည်ခွင့်ရလိုကြောင်း ဆန္ဒပြုခဲ့ကြပြီး အချို့သောသူများမှာ ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲနေသည့်ကြားကပင် ဒဏ်ရာ အနာတရ ဖြစ်မှုများကို ဂရုမပြုဘဲ မဲကို မရအရ ပေးခဲ့ကြခြင်းဖြစ်သည်ဟု ကတ်တလန်ဒေသ အကြီးအကဲ ပစ်ဂ်ဒီမောင့်က ပြောကြားသွားခဲ့သည်။

စပိန်အစိုးရအာဏာပိုင်များသည် ကတ်တလန် လွတ်လပ်နယ်မြေအဖြစ် ခွဲထွက်ရပ်တည်မည်ဆိုပါက ယင်းဒေသကို ကဏ္ဍအရပ်ရပ်တွင် အဆက်ဖြတ်ပစ်မည်ဖြစ်ကြောင်း ဆန္ဒမဲကောက်ခံပွဲ မတိုင်မီကတည်းက သတိပေးထားခဲ့ပြီးဖြစ်ကာ စပိန်ဘောလုံး အဖွဲ့ချုပ်ကလည်း ယင်းသို့သော နိုင်ငံရေး အလှည့်အပြောင်းများ ဖြစ်ပေါ်လာခဲ့ပါက ကတ်တလန်ဒေသတွင် အခြေစိုက်သော ဘာစီလိုနာ၊ အက်စ်ပန်ညိုနှင့် ဂျီရိုနာတို့ကို လာလီဂါပြိုင်ပွဲမှနေ၍ ထုတ်ပယ်ပစ်မည်ဟု ပြောကြားထားပြီးဖြစ်သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်သည် လက်ရှိ အခြေအနေများအရ အနာဂတ်ကာလတွင် စပိန်လက်ရွေးစင်အသင်းကို ဖွဲ့စည်းရာ၌ ကတ်တလန်ဒေသ ဇာတိဖွားများကို အရေအတွက် လျှော့ချသွားဖွယ်ရှိနေပြီး ကတ်တလန်ဒေသဆိုင်ရာ အားကစားဝန်ကြီးကမူ လာလီဂါတွင် ကတ်တလန်ဒေသ ကိုယ်စားပြု အသင်းများကို လက်မခံပါက အခြားသော ထိပ်တန်းလိဂ်များနှင့် ပူးပေါင်းနိုင်ရန် ၎င်းတို့အနေနှင့် နည်းလမ်း ရှာဖွေသွားမည်ဟု ဖွင့်ဟ အသိပေးထားသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ စပိန်လက်ရွေးစင်အသင်း ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ရာတွင် စပိန်အသင်းလူစာရင်း၌ ကတ်တလန်ဒေသဖွား ကစားသမား ခုနစ်ဦးအထိ ပါဝင်ခဲ့ပြီး ယင်းကစားသမား အားလုံးမှာ အသင်းအတွက် အရေးပါသည့် အခန်းကဏ္ဍမှနေ၍ ကစားပေးခွင့် ရခဲ့ကြသူများလည်း ဖြစ်သည်။


  • VIA