News

POST TYPE

SPORTS

ပရိသတ်တစ်ဦး ဘောလုံးကွင်းအတွင်းသို့ ဝင်ရောက်၍ မက်ဆီ၏ ဘယ်ခြေထောက်နမ်းကာ ဂုဏ်ပြု
28-Sep-2017
ဘာစီလိုနာ၊ စက်တင်ဘာ ၂၈

ဘာစီလိုနာက စပို့တင်းလစ္စဘွန်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ဘောလုံးပွဲ လာရောက်ကြည့်ရှုသူ လူငယ်ပရိသတ်တစ်ဦးသည် ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်၍ ၎င်းလေးစားအားကျရသည့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၏ ဘယ်ခြေထောက်ကို နမ်းရှုံ့ဂုဏ်ပြုသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ဘာစီလိုနာအသင်းသည် စပို့တင်းလစ္စဘွန်းနှင့် ပွဲစဉ်တွင် စပို့တင်းလစ္စဘွန်း နောက်ခံလူ ကိုအာတက်စ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့သည့်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိပိုင်ဆိုင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးမှာ မက်ဆီက ပြစ်ဒဏ်ဘော ကန်တင်ပေးပို့လိုက်သည်ကို ဆွာရက်ဇ်က ခေါင်းတိုက်လိုက်ရာတွင် ကိုအာတက်စ်နှင့်ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့ခြင်း ဖြစ်သည်။

မက်ဆီကို လေးစားအားကျသည့် ယင်းပရိသတ် လူငယ်လေးသည် ဘာစီလိုနာအသင်း ဂိုးရရှိသွားခဲ့အပြီးတွင် ကွင်းအတွင်းသို့ ဝင်ရောက်၍ မက်ဆီ၏ ဘယ်ခြေထောက်ကို နမ်းရှုံ့ဂုဏ်ပြုခဲ့ခြင်း ဖြစ်ကာ မက်ဆီမှာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သည့် မိတ်ဆွေတစ်ဦးကို ပြန်တွေ့လိုက်ရသကဲ့သို့ ယင်းလူငယ်လေးကို နွေးထွေးစွာဖြင့် ဆက်ဆံသွားခဲ့ကြောင်းလည်း ၎င်းတို့နှစ်ဦး၏ အနီးပတ်ဝန်းကျင်တွင် ရှိနေခဲ့သူများက ပြန်ပြောင်းပြောပြ သွားခဲ့ကြသည်။

မက်ဆီသည် ကွင်းလုံခြုံရေး ဝန်ထမ်းဖြစ်သူက ယင်းလူငယ်လေးကို လာရောက်ဆွဲထုတ်သွားချိန် တိုင်သည်အထိ လူငယ်လေး၏ လက်ကမ်းပေးမှုကို အရေးတယူဖြင့် တလေးတစား တုံ့ပြန်သွားခဲ့ကာ လွန်ခဲ့သည့်လအတွင်း၌ ဥရုဂွေးနိုင်ငံသို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် သွားရောက်ချိန်တွင်လည်း ပရိသတ်ကလေးငယ်တစ်ဦးကို မက်ဆီက အလေးထား ဆက်ဆံခဲ့ခြင်းကြောင့် လုံခြုံရေး တာဝန်ယူထားသူများပင်လျှင် တအံ့တသြ ဖြစ်သွားခဲ့ကြရသည်။

မက်ဆီကို နှစ်ခြိုက်သဘောကျသည့် ဥရုဂွေးနိုင်ငံသား ဘောလုံးပရိသတ် ကလေးငယ်လေးသည် မက်ဆီနှင့် တွေ့ဆုံလိုသည့်အတွက် အာဂျင်တီးနားအသင်း တည်းခိုမည့် ဟိုတယ်ရှေ့တွင် နာရီပေါင်းများစွာ အချိန်ကုန်ခံ၍ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကာ မက်ဆီ ရောက်ရှိလာချိန်တွင် မက်ဆီအနီးသို့ သွားရောက်နိုင်ရန် ကြိုးစားခဲ့သော ၎င်းကို လုံခြုံရေးများက ဆွဲထုတ်ဖယ်ရှားခဲ့သည့်အတွက် ဝမ်းနည်းပက်လက်ဖြင့် ၎င်းက ငိုကြွေးခဲ့သည်။

မက်ဆီသည် ကလေးငယ်၏ ငိုသံကို ကြားလိုက်ရအပြီးတွင် လုံခြုံရေးဝန်ထမ်းများကို ဘေးဖယ်စေကာ ယင်းကလေးငယ်ကို ၎င်းအနီးသို့ ခေါ်ယူ၍ နှစ်သိမ့်အားပေးခဲ့ပြီး ကလေးငယ်ဖြစ်သူမှာ ၎င်းလေးစားအားကျသည့် မက်ဆီနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုခွင့် ရခဲ့သည့်အတွက် လွန်စွာကျေနပ်ပီတိ ဖြစ်သွားကြောင်းကို ရုပ်သံမှတ်တမ်းများတွင် တွေ့မြင်ခဲ့ကြရသည်။