News

POST TYPE

SPORTS

ဇနီးသည်၏စကားကို နားထောင်လိုက်သည့်အတွက် အကြမ်းဖက်တိုက်ခိုက်မှု ဘေးအန္တရာယ်က လွတ်မြောက်ခဲ့ခြင်းဟု ရာကီတစ် အသိပေး
24-Sep-2017
ဘာစီလိုနာ၊ စက်တင်ဘာ ၂၄

ဘာစီလိုနာ ကွင်းလယ်ကစားသမား ရာကီတစ်သည် ၎င်းအနေနှင့် ဇနီးသည်၏စကားကို နားထောင်လိုက်ခြင်းကြောင့် အကြမ်းဖက်တိုက်ခိုက်မှု ဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ရမည့် အခြေအနေကို ပွတ်ကာသီကာ ရှောင်လွှဲလိုက်နိုင်ခြင်းဖြစ်ကြောင်း ဖွင့်ဟဝန်ခံသွားခဲ့သည်ဟု Marca က ဖော်ပြထားသည်။

ဘာစီလိုနာအသင်း အခြေစိုက်ရာ ကတ်တလန်ဒေသတွင် လွန်ခဲ့သည့် သြဂုတ်လအတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းအကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီတွင် အဆိုပါနေရာသို့ သွားရောက်ရန် မိသားစုဝင်များကို ၎င်းက ခေါ်နေခဲ့ခြင်းဖြစ်ကြောင်း ရာကီတစ်က ရှင်းပြသွားခဲ့သည်။

ဘာစီလိုနာမြို့ အကြမ်းဖက် တိုက်ခိုက်ခံရမှုသည် ဘာစီလိုနာမြို့လယ်ဗဟိုရှိ ကမ္ဘာ့လှည့်ခရီးသွား အများစု လာရောက် လည်ပတ်လေ့ရှိသော La Rambla နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူမှာ လမ်းလျှောက်နေသည့် လူအုပ်စုကို ဗင်ကားဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာမြို့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်တွင် လူ ၁၃ ဦး သေဆုံးကာ လူ ၁၃၀ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ယင်းဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်မှုကို ဘက်တစ်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါရာသီဖွင့်ပွဲစဉ်တွင် ပွဲမစတင်မီ တစ်မိနစ် ငြိမ်သက်ရပ်တန့်ခြင်း၊ အသင်းဂျာစီအင်္ကျီတွင် ကစားသမားများ၏ နာမည်များကို မရေးထိုးဘဲ ထားရှိခဲ့ခြင်းတို့ဖြင့် ဘာစီလိုနာက ပြသခဲ့ပြီးဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ရာကီတစ်က “အဲ့ဒီနေ့က ကျွန်တော်တို့ မိသားစုဟာ ဘာစီလိုနာမြို့ထဲကို လျှောက်လည်နေခဲ့ကြတာပါ။ La Rambla နေရာကိုသွားဖို့လည်း ကျွန်တော့်မှာ အစီအစဉ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဇနီးသည်က အဲဒီနေရာကို သွားမယ့်အစား အခုလိုနေ့မျိုးမှာ ကလေးတွေကို အိမ်မှာပဲ လွတ်လွတ်လပ်လပ် ကစားစေချင်တယ်လို့ ပြောလာခဲ့ပါတယ်။ သူ့စကားကို နားထောင်လိုက်မိတာက အားလုံး ကံကောင်းဖို့ ဖြစ်လာတာပါပဲ။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော့်တို့ အိမ်ပြန်နေချိန်မှာပဲ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တော့တာပါ”ဟု ပြောကြားသွားခဲ့သည်။


  • VIA