News

POST TYPE

SPORTS

ရီးရဲလ်မက်ဒရစ်၏ ၇၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့်စံချိန် ကျိုးပျက်
21-Sep-2017
ရီးရဲလ်မက်ဒရစ်အသင်းသည် ဘက်တစ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ရသည့် လာလီဂါပွဲစဉ်အပြီးတွင် ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ် ၇၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သည့် စံချိန်ကောင်းတစ်ခု ကျိုးပျက်သွားခဲ့ရကြောင်း Daily Mail က ဖော်ပြထားသည်။

ဘက်တစ်သည် အသင်း၏ နောက်ဆုံး ၁၉ နှစ်တာကာလ ဖြတ်သန်းမှုအတွင်း ရီးရဲလ်မက်ဒရစ် အသင်းပိုင် ဘာနေဗျူး ဘောလုံးကွင်းတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ပွဲတစ်ပွဲ ပြန်လည်ရှာဖွေရရှိခြင်း ဖြစ်ပြီး ဘက်တစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၉၄ မိနစ်သို့ အရောက်တွင် ဆာနာဘရီးယားက သွင်းယူပေးသွားခဲ့ခြင်း ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် လက်ရှိတွင် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရသည့် လာလီဂါပွဲစဉ် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရပြီ ဖြစ်ကာ ရီးရဲလ်မက်ဒရစ်အသင်း သမိုင်းကြောင်းတစ်လျှောက်တွင် အိမ်ကွင်း၌ အမှတ်ပေးပွဲစဉ် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်သည့် အခြေအနေမှာ တတိယအကြိမ်မြောက်အဖြစ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်နှင့် ဘက်တစ်တို့သည် ပွဲမစတင်မီတွင် မက္ကဆီကိုနိုင်ငံ၌ လှုပ်ခတ်သွားခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၁ ပြင်းအားရှိသည့် ငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ကြရသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ရပ်တန့်ခဲ့ပြီး ယင်းငလျင်သဘာဝဘေးတွင် အသက်ဆုံးရှုံးခဲ့ရသူ အရေအတွက်မှာ ၂၂၉ ဦးရှိကြောင်း မက္ကဆီကို အစိုးရက သတင်းထုတ်ပြန်ထားပြီ ဖြစ်သည်။