News

POST TYPE

SPORTS

မက်ဆီကို ခေါ်ယူဖို့အတွက် ပီရက်ဇ် စဉ်းစားနေပြီလို့ သတင်းတွေ ထွက်ပေါ်
08-Sep-2017
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့အတွက် စဉ်းစားနေပြီလို့ သတင်းတွေ ပျံ့နှံ့လာပါတယ်။

အွန်လိုင်းသတင်းမီဒီယာတွေဟာ ပီရက်ဇ်နဲ့ ရင်းနှီးသူတစ်ချို့ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဒီသတင်းကို ဖော်ပြနေကြတာပါ။

လာမာစီယာ အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာ ပရိသတ်တွေရဲ့ ခါးသီးတဲ့အမုန်းကို ခံယူပြီး ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ သုံးသပ်ချက်တွေ ထွက်နေပေမယ့် ပီရက်ဇ်ရဲ့ မိတ်ဆွေတွေကတော့ ပီရက်ဇ်ဟာ ဖီဂိုတုန်းကလိုမျိုး ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ မက်ဆီကို စည်းရုံးနိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေ ရှိနေကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ပီရက်ဇ်ဟာ အသင်းဥက္ကဋ္ဌ အဖြစ် သူတာဝန်ယူထားစဉ် ကာလမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကို ရီးရဲလ်မက်ဒရစ်အတွက် တွဲဖက်ပေးနိုင်လိုက်ရင် အရမ်းကို သမိုင်းတွင်လောက်စေမယ့် စွမ်းဆောင်မှုတစ်ခု ဖြစ်သွားလိမ့်မယ်ဆိုပြီး တွေးဆနေကြောင်း သူ့မိတ်ဆွေတွေက ဆက်လက်ပြောကြားထားပါသေးတယ်။

ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက မက်ဆီဟာ ဘာစီလိုနာဘက်က ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို လက်ခံရုံသာမက လက်မှတ်တောင် ရေးထိုးပြီးပြီလို့ ပြောကြားနေပေမယ့် ကာယကံရှင် ကစားသမားဖြစ်သူ ဘက်ကတော့ ဒီသတင်းတွေကို အတည်ပြုခြင်း မရှိသေးပါဘူး။

မက်ဆီနဲ့ ဘာစီလိုနာအကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့အတွက် စာချုပ်သစ် မချုပ်နိုင်ခဲ့ရင် လာမယ့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်မှာ မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ပေးလိုက်ရမယ့် အခြေအနေကို ဘာစီလိုနာက ရင်ဆိုင်ရတော့မှာပါ။

အသင်းခေါင်းဆောင် အင်နီယေစတာက အသင်းဒါရိုက်တာဘုတ်အဖွဲ့ရဲ့ မူဝါဒရေးရာတွေကို ဘဝင်မကျတဲ့အတွက် သူ့အနေနဲ့ အသင်းက ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို လက်ခံတော့မှာ မဟုတ်ကြောင်း ငြင်းဆိုလိုက်အပြီးမှာ မက်ဆီကလည်း အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ကိစ္စကို တွေဝေမှုတွေ ရှိနေပြီလို့ ဆက်စပ်သတင်းတွေ ထွက်ပေါ်နေပါတယ်။