News

POST TYPE

SPORTS

ဥရောပ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို စီရော်နယ်ဒို ၂ နှစ်ဆက် ဆွတ်ခူး
25-Aug-2017
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပေးအပ်ချီးမြှင့်သည့် ဥရော ပတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက် ဆွတ်ခူးသိမ်းပိုက် ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ၎င်း၏ပြိုင်ဘက်များ ဖြစ်သည့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနှင့် ဂျူဗင်တပ် ဂိုးသမား ဘူဖွန်တို့ကို မဲရလဒ်အပြတ်အသတ်ဖြင့် အနိုင်ယူကာ ဥရောပ တစ်နှစ်တာအ ကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါ အမှတ်ပေးချန်ပီယံဆု၊ ချန်ပီယံလိဂ် ချန်ပီယံဆု၊ စပိန်စူပါဖလား ချန်ပီယံဆုနှင့် ဥရောပ စူပါဖလား ချန်ပီယံဆုတို့ကို ဆွတ်ခူးရယူနိုင်ခဲ့ခြင်းက ၎င်းကို ဥရောပ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိစေရန် ပံ့ပိုးပေးလိုက်ခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် ယမန်နှစ် ဘောလုံးရာသီ၌ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်အတွက် သွင်းဂိုး ၁၂ ဂိုး ရယူပေးကာ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဥရောပ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ယမန်နှစ် ဘောလုံးရာသီ၌ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့သည့် အသင်းများ၏နည်းပြ ၈၀ နှင့် ဥရောပ အားကစား မီဒီယာအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် အားကစားနယ်ပယ်ဆိုင်ရာ စာနယ်ဇင်းပညာရှင် ၅၀ တို့က မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် ဥရောပ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ထောက်ခံမဲ ပမာဏအပေါ်တွင် မူတည်၍ ရမှတ်ပေါင်း ၄၈၂ မှတ် ရယူနိုင်ခဲ့ကာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ရမှတ်ပမာဏ ၁၄၁ မှတ်၊ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်က ရမှတ်ပမာဏ ၁၀၉ မှတ် အသီးသီး ရရှိသွားခဲ့ကြသည်။

ဆုလက်ခံရယူအပြီးတွင် စီရော်နယ်ဒိုက “ကျွန်တော် ဒီနေရာဆီကို နောက်ထပ်တစ်ကြိမ် ထပ်လာခွင့် ရခဲ့ပြန်ပါပြီ။ ဒီအတွက် အရမ်းကို ကျေနပ်ဝမ်းသာဖြစ်ရပါတယ်။ ကျွန်တော့်ကို ဒီဆုရယူနိုင်စေဖို့အတွက် အဘက်ဘက်က ထောက်ပံ့ကူညီပေးခဲ့တဲ့ အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေကို အရမ်းပဲ ကျေးဇူးတင်မိပါတယ်။ နောက်ထပ် ကျေးဇူးတင်ရမယ့် သူတွေကတော့ ပရိသတ်တွေပါပဲ။ သူတို့ရဲ့ ထောက်ခံအားပေးမှု မပါဘဲနဲ့ ဒီလိုစွမ်းဆောင်ပြနိုင်ဖို့ ဆိုတာဟာ ကျွန်တော့်အတွက် မလွယ်လှပါဘူး” ဟု ဝမ်းသာစကား ပြောကြားသွားခဲ့သည်။