News

POST TYPE

SPORTS

စီရော်နယ်ဒိုရဲ့ ငါးပွဲပယ်ပြစ်ဒဏ်ကို အယူခံတင်ဖို့ ရီးရဲလ်မက်ဒရစ်ကို ၁၀ ရက် အချိန်ပေးလိုက်ပြီ
15-Aug-2017

လာလီဂါ ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို သူတို့ဘက်က ငါးပွဲပယ် ပြစ်ဒဏ်ချမှတ် အရေးယူတာကို မကျေနပ်ခဲ့ရင် ၁၀ ရက်အတွင်း အယူခံ တင်သွင်းနိုင်တယ်လို့ ရီးရဲလ်မက်ဒရစ်ဆီကို အကြောင်းကြားစာ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

လာလီဂါပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ စီရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်ကနေ ဘာစီလိုနာကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီဖွင့် စပိန်စူပါဖလားပွဲစဉ် ပထမအကျော့မှာ ကွင်းလယ်ဒိုင်လူကြီးကို နောက်ကနေ တွန်းထိုးပြီး စော်ကားခဲ့တာကြောင့် အခုလိုမျိုး ငါးပွဲပယ်ပြစ်ဒဏ် ချမှတ်အရေးယူလိုက်တာပါ။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စပိန်စူပါဖလားပွဲစဉ် ပထမအကျော့ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ဘင်ဂေါ့ဇီယာဟာ အဲ့ဒီပွဲစဉ်မှာ စီရော်နယ်ဒိုကို အင်္ကျီချွတ် အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်တစ်ကြိမ်၊ ဟန်ဆောင်ဒိုင်ဗင် ထိုးခဲ့တာကြောင့် အဝါကတ်တစ်ကြိမ် ပြသပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ နှစ်ဝါတစ်နီ ပြသထုတ်ပယ်ခံလိုက်ရချိန်မှာ စိတ်မထိန်းနိုင် ဖြစ်သွားခဲ့ပြီး ဒိုင်လူကြီးကို နောက်ကနေ တွန်းထိုးကာ ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ဒေါသပေါက်ကွဲခဲ့တာပါ။

လာလီဂါပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုကို ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေးငွေ ၃,၄၉၅ ပေါင် တပ်ရိုက်လိုက်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ကစားသမားဖြစ်သူရဲ့ အမူအကျင့်ပိုင်းဆိုင်ရာကို မထိန်းသိမ်းနိုင်ခဲ့မှုအတွက် လာလီဂါ ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒဏ်ကြေးငွေ ပေါင် ၁,၅၉၀ ပေးဆောင်စေခဲ့ပါတယ်။