News

POST TYPE

SPECIAL SECTIONS

ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာထွန်းကိုနှင့် တွေ့ဆုံခြင်း
09-May-2018


“မြေမျက်နှာသွင်ပြင်ပြ မြေပုံအပိုင်းကို အရင်က ၁၅ မှတ်ပဲ မေးခဲ့ရာကနေ ခုပုံစံသစ်မှာ အမှတ် ၂၀ ဖိုး မေးမယ်”

ယခုပညာသင်နှစ် (၂၀၁၈ - ၂၀၁၉) မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲကို မေးခွန်းပုံစံသစ်ဖြင့် ပြောင်းလဲစစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ဘာသာရပ်အလိုက် မေးခွန်းပုံစံသစ်များကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် တစ်နေ့ချင်း ပြည်သူလူထုထံမိတ်ဆက်သည်။ မေလ ၈ ရက်တွင် တက္ကသိုလ်ဝင် စာမေးပွဲပထဝီဝင်ဘာသာရပ်မေးခွန်းပုံစံသစ်ကို မိတ်ဆက်သည်။ ထိုမေးခွန်းပုံစံသစ်အကြောင်း ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ ထွန်းကို၏ ဆွေးနွေးအကြံပြုချက်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ပထဝီဝင်ဘာသာရပ်မေးခွန်းပုံစံ ပြောင်းလဲရခြင်းအကြောင်း ပြောပေးစေချင်ပါတယ်။
Dr.HK : မေးခွန်းပုံစံသစ် အဓိကပြောင်းလဲရတဲ့ ရည်ရွယ်ချက်က အခု ၂၀၁၈ ခုနှစ်ထိ မေးခဲ့တဲ့ မေးခွန်းဟောင်းရဲ့ပုံစံက အထူးသဖြင့် ဝိဇ္ဇာဘာသာရပ် ကျောင်းသား၊ ကျောင်းသူတွေမှာဆိုရင် စာတွေကို အလွတ်ကျက်မှတ်နေကြတယ်။ အလွတ်ကျက်တဲ့ ပညာရေးစနစ်ကနေ စဉ်းစားတွေးခေါ်တဲ့ပညာရေးစနစ်ကို ပြောင်းလဲချင်တာက ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒပါ။ ပြောင်းလဲတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူတွေ အခက်အခဲမဖြစ်အောင် ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒီလိုပြောင်းခွင့်ရတုန်းမှာ အကျိုးရှိစေမယ့် ပြောင်းလဲခြင်းမျိုးကို ပြင်ဆင်ဆောင်ရွက်ပေးတာပါ။

Voice : ဒီပြောင်းလဲတဲ့မေးခွန်းပုံစံမှာ မေးခွန်းဟောင်းနဲ့မတူအောင် ဘာတွေပြောင်းလဲထားပါသလဲ။
Dr.HK : လူတွေကပြောကြတာ မေးခွန်းပြောင်းတယ်ဆိုတော့ မေးခွန်းကြီးတစ်ခုလုံး ပြောင်းလိုက်တာလားပေါ့။ ဘာတွေများအခက်အခဲကြုံရမလဲဆိုပြီး မိဘတွေရော၊ ကျောင်းသားတွေရော စိတ်ပူကြတယ်။ အကုန်လုံးကြီးမပြောင်းပါဘူး။ ခုပြောင်းလဲပေးလိုက်တာသည် အရင်နှစ်ကထိ မေးခွန်းရဲ့ ၂၅ ရာခိုင်နှုန်းပဲ ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဒီ ၂၅ ရာခိုင်နှုန်းမှာလည်း ပထဝီဝင်မေးခွန်းမှာ အပိုင်း (က) မှာ ဓမ္မဒိဋ္ဌာန် မေးခွန်းရှိတယ်။ နောက် (ခ)၊ (ဂ)၊ (ဃ)၊ (င) ဆိုတဲ့ အပိုင်း ၄ ပိုင်းမှာ ကျက်စာလို့ပြောလို့ရတဲ့ မေးခွန်းတွေမေးထားပါတယ်။ အပိုင်းအနေနဲ့ ပြောရမယ်ဆိုရင် အပိုင်း (ခ) သဘာဝပထဝီဝင်အပိုင်း၊ အပိုင်း (ဂ) စီးပွားရေးပထဝီဝင်အပိုင်း၊ အပိုင်း (ဃ) မြန်မာ နိုင်ငံပထဝီဝင်အပိုင်း၊ အပိုင်း (င) ကမ္ဘာ့ပထဝီဝင်အပိုင်းဆိုပြီး ကလေးတွေပြောပြောနေတဲ့ ကျက်စာလို့ခေါ်တဲ့ အပိုင်းက ၄ ပိုင်းပါပါတယ်။ အဲဒီ ၄ ပိုင်းထဲ မှာ တစ်ပိုင်းကို တစ်ပုဒ် ၁၅ မှတ်ဖိုးစီ မနှစ်ကမေးခဲ့တဲ့ မေးခွန်းထဲမှာ အမှတ် ၆၀ ဖိုးမေးထားတယ်။ အဲဒီမှာ ဘာရှိလဲဆိုတော့ အပိုင်း (ဂ) စီးပွားရေးပထဝီဝင်အပိုင်းမှာ ကျွန်တော်တို့ စာစစ်မှူးချုပ်အတွေ့အကြုံအရကျောင်းသား၊ ကျောင်းသူတွေ ဒုက္ခအရောက်ဆုံးအပိုင်းပါ။ စီးပွားရေးပထဝီဝင်အပိုင်းမှာပါတဲ့ ခေါင်းစဉ်တွေဟာ မြန်မာနိုင်ငံပထဝီဝင်ထဲမှာပါတဲ့ ခေါင်းစဉ်တွေနဲ့ ဆင်တူယိုးမှာဖြစ်နေတာများတယ်။ ကလေးတွေမှာ ဒီစာတွေကိုကျက်ပြီးတော့ ရှေ့နဲ့ နောက်နဲ့ မကဘူး၊ ရောတယ်ဆိုတဲ့ ဒုက္ခတွေကြုံရသလို စာစစ်မှူးတွေအနေနဲ့လည်း ဒီအပိုင်းမှာ ကလေးတွေရဲ့ အမှားတွေအများကြီး တွေ့ရပါတယ်။ လက်ရှိ ခေတ်အရလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးပထဝီဝင်မှာပါတဲ့ အကြောင်းအရာတွေကလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ပြန်ပါနေတော့ ပြဋ္ဌာန်းစာအုပ်ထဲမှာရှိတဲ့ အပိုင်း (ဂ) စီးပွားရေးပထဝီဝင်ဟာ Overlapping Topic တွေဖြစ်နေတယ်။ ဒါကြောင့် မေးခွန်းဟောင်းရဲ့ အပိုင်း (ဂ) ဖြစ်တဲ့ စီးပွားရေးပထဝီဝင်အပိုင်းကို ဖြုတ်ပစ်လိုက်တယ်။ ကျက်စာက သဘာဝပထဝီဝင်၊ မြန်မာနိုင်ငံပထဝီဝင်၊ ကမ္ဘာ့ပထဝီဝင်ဆိုပြီး ၃ ပိုင်းပဲ ၄၅ မှတ်ဖိုးအနေနဲ့ ကျက်စာပါမယ်။ ဒါကကျွန်တော်တို့ ပြောင်းလဲလိုက်တဲ့ နံပါတ် ၁ အချက်။ နောက် နံပါတ် ၂ အချက်က ကျက်စာတစ်ပိုင်းစီမှာ မေးခွန်း ရှည်က ၂ ပုဒ် မေးခွန်းတိုက ၄ ပုဒ်မေးတယ်။ မေးခွန်းတို ၄ ပုဒ်ထဲမှာမှ ၂ ပုဒ်ဖြေရတယ်။ ရွေးစရာက ၄ ပုဒ်ထဲက ၁ ပုဒ်ဖြေရတယ်။ တစ်နည်းအားဖြင့် ရွေးချယ်စရာများတာက ကျောင်းသားတွေအတွက် အခွင့်အရေးပိုရမယ်လို့ ယေဘုယျအားဖြင့် ထင်တာပေါ့။ ဒါပေမဲ့ တကယ်ဆန်းစစ်ကြည့်တော့ မဟုတ်ဘူး။ ကျောင်းသားတွေအတွက် အခက်အခဲပိုကြုံရတယ်။ ရွေးစရာတွေများတဲ့အတွက် ချန်လှပ်ကြည့်လို့ မရတော့ဘူး။ တစ်နည်းအားဖြင့် ချန်ဖို့အတွက် ခက်သွားတယ်။ 
ဒါကြောင့် ခုမေးခွန်းပုံစံသစ်မှာ မေးခွန်းတိုကို အရင်နှစ်တွေက ၄ ပုဒ်အစား ဒီနှစ်မှာ ၂ ပုဒ်ပဲ မေးတဲ့အတွက်ကြောင့် ၃ ပုဒ်ပေါ်ကနေ တစ်ပုဒ်ပဲ ရွေးချယ်ခွင့်ပေးလိုက်တယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာကျက်မှတ်တဲ့အပိုင်းကို အတိအကျကျက်မှတ်သွားနိုင်တယ်။ တတိယအချက်အနေနဲ့ နောက်ဆုံးပြောင်းလဲတာက လက်ရှိ ပညာရေးဝန်ကြီးဌာနက ချထားတဲ့မူအရ စဉ်းစားတွေးခေါ်မှုအပိုင်းကို ဦးစားပေးရမယ်။ ပထဝီဝင်မှာ စဉ်းစားတွေးခေါ်မှုအပိုင်းက လက်တွေ့ပထဝီဝင်မှာ ပိုများတယ်။ အရင်မေးခွန်းတုန်းက လက်တွေ့ပထဝီဝင်ကို နံပါတ်အရဆိုရင် ၁၄ (က) နဲ့ (ခ) ဆိုပြီး ၂ ပုဒ်ပဲမေးတယ်။ ခု ၂၀၁၉ မေးခွန်းမှာ လက်တွေ့ပထဝီဝင်ကို ၃ ပုဒ်မေးမယ်။ အရင် ၂၀၁၈ မေးခွန်းမှာ စကေးပုစ္ဆာနဲ့ ဧရိယာဖိုတိုပုစ္ဆာကို တစ်လှည့်စီမေးတယ်။ တစ်ခါတလေမှာ စကေးပုစ္ဆာမေးတယ်။ တစ်ခါတလေ ကောင်းကင်ဓာတ်ပုံပုစ္ဆာမေးတယ်။ ကျောင်းသားတွေအနေနဲ့က ဘာကိုကြည့်ရမှန်းမသိဘူး။ ခုပုံစံမှာ စကေးကိုလည်း တစ်ပုဒ်ပုဒ် မဖြစ်မနေမေးမယ်။ ကောင်းကင်ဓာတ်ပုံကိုလည်း တစ်ပုဒ်မဖြစ်မနေမေးမယ်။ အဲဒီ ၂ ပုဒ်ကို ၁၀ မှတ်စီပေးမယ်။ ဒါကကျောင်းသား၊ ကျောင်းသူတွေစာကျက်စရာမလိုဘူး။ နားလည်ရင်ရေးဖြေလို့ရတဲ့ အနေအထား။ နောက်တစ်ခါ မြေမျက်နှာသွင်ပြင်ပြ မြေပုံအပိုင်းကို အရင်က ၁၅ မှတ်ပဲ မေးခဲ့ရာကနေ ခုပုံစံသစ်မှာ အမှတ် ၂၀ ဖိုး မေးမယ်။ ဒါကြောင့် လက်တွေ့ပထဝီဝင်သည် စုစုပေါင်းအမှတ် ၄၀ ဖြစ်သွားပြီ။ နံပါတ် ၁ မေးခွန်းက ၁၅ မှတ်ဖြစ်တဲ့အတွက် ဓမ္မဒိဋ္ဌာန်မေးခွန်းကိုလည်း ကောင်းမွန်စွာဖြေနိုင်မယ်။ လက်တွေ့ပထဝီဝင်ကိုလည်း ပိုင်နိုင်စွာဖြေနိုင်မယ်ဆိုရင် ၅၅ မှတ်ဖိုးသည် စာတစ်လုံးမှ ကျက်စရာမလိုဘဲ ရနိုင်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူများအတွက် ပြောင်းလဲလိုက်တဲ့ မေးခွန်းပုံစံအသစ်ဟာ အလွတ်ကျက်ခြင်းမှ ကင်းလွတ်စေသော စဉ်းစားတွေးခေါ်မှုကိုအားပေးသော ပြောင်းလဲခြင်းလို့ ပြောလို့ရပါတယ်။

Voice : ဒါဆိုရင် ခုမေးခွန်းပုံစံမှာ စဉ်းစားတွေးခေါ်မှုအပိုင်းက ၅၅ ရာခိုင်နှုန်းပါတယ်လို့ ပြောလို့ရမလား။
Dr.HK : စဉ်းစားတွေးခေါ်မှုအပိုင်းက ၅၅ ရာခိုင် နှုန်းပါတယ်ဆိုတာက ကျွန်တော်တို့ ပြောင်းလဲလိုက်တာက ၂၅ ရာခိုင်နှုန်းပဲ ပြောင်းလိုက်တာ။ အရင် မေးခွန်းဟောင်းမှာလည်း စဉ်းစားတွေးခေါ်တဲ့မေးခွန်းတွေပါပြီးသားဖြစ်တယ်။ ဒါကြောင့်၁၀၀ ရာခိုင်နှုန်း အနေနဲ့ပြောမယ်ဆိုရင် ပထဝီဝင်မေးခွန်းရဲ့ ၅၅ ရာခိုင်နှုန်းသည် စဉ်းစားတွေးခေါ်မှုပုံစံပြောင်းလဲပေးလိုက်တယ်။ ၄၅ ရာခိုင်နှုန်းက ပြဋ္ဌာန်းစာအုပ်ကလည်း အဟောင်းဖြစ်တဲ့အတွက် အလွတ်ကျက်တဲ့ဟာကို ပယ်လို့မရသေးဘူး။ ဒါကြောင့် ၄၅ မှတ်ဖိုးက အလွတ်ကျက်တဲ့အပိုင်းမှာ ရှိနေဆဲပဲပေါ့။

Voice : ဆရာ၊ ဆရာမတွေအတွက်ရော သင်ကြားမှုပုံစံမှာ ဘာတွေပြင်ဆင်ထားဖို့လိုပါမလဲ။ 
Dr.HK : အခြေခံပညာကျောင်းအသီးသီးက ဆရာများသည် ပြဋ္ဌာန်းစာအုပ်ကိုနဂိုတည်းက ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားမယ်ဆိုရင် ယနေ့လည်းပဲ ဒီတိုင်းပဲဆက်သင်ပေးပါ။ မေးခွန်းပုံစံသစ်နဲ့ အံဝင်ပါလိမ့်မယ်။ သို့သော် အချို့ကျောင်းတွေမှာ ကျက်စာကိုပဲ ဦးစားပေးသင်တယ်ဆိုရင် သတင်းစကားပါးချင်တာက လက်တွေ့ပထဝီဝင်ကို ပိုပြီးသင်စေချင်တယ်။ အဆင့်လိုက်တွက်ချက်ရတဲ့ ပုံစံအလိုက် ကျကျနန သင်ပေးဖို့လိုပါတယ်။ ဒါဆိုရင် မေးခွန်းပုံစံသစ်အတိုင်း အံဝင်ပါလိမ့်မယ်။

Voice : အရင်နှစ်စာမေးပွဲတွေအတိုင်း မေးခွန်းဟောင်းတွေကို အားပြုပြီး လေ့ကျင့်ရင်ရော အဆင်ပြေနိုင်ပါ့မလား။
Dr.HK : မေးခွန်းနမူနာမပေးချင်တာက တခြားကြောင့်မဟုတ်ဘူး။ နမူနာမေးခွန်းကို တကယ့်မေးခွန်းလို့ ထင်သွားမှာစိတ်ပူတာ။ လေ့ကျင့်ရုံဆို ပြဿနာမရှိဘူး။ ဒါပေမဲ့ ဝန်ကြီးရဲ့ ဆန္ဒအရ မေလမကုန်ခင်လေးမှာ ဘာသာရပ်တစ်ခုချင်းစီအတွက် ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ နမူနာမေးခွန်းတွေသုံးစုံစီ ဖော်ပြပေးမှာပါ။ အဲဒီနမူနာမေးခွန်းတွေကိုလေ့ကျင့်ယူရင် ဆရာတို့လာမယ့် ၂၀၁၉ မေးခွန်းအတွက် အခက်အခဲမရှိပါဘူးလို့ ပြောချင်ပါတယ်။

Voice : နောက်ဆုံးအနေနဲ့ ဘာများပြောချင်တာ ရှိပါမလဲ။
Dr.HK : တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံကို ပြောင်းလိုက်တာက ကျောင်းသား၊ ကျောင်းသူတွေကို အခက်အခဲမဖြစ်စေဖို့ပါ။ ပညာရေးပြုပြင်ပြောင်းလဲမှုတွေအရ ပြောင်းလဲပေးခြင်းဖြစ်တဲ့အတွက် ဒီဘာသာရပ်က အလွတ်ကျက်ရတဲ့ ဒုက္ခကနေ စဉ်းစားတွေးခေါ်တဲ့ ပညာရေးစနစ်ကို ပြောင်းလဲပေးခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။ 

မြဇာခြည်သင်း