News

POST TYPE

SATIRE

ခပ်ယိုင်ယိုင်နဲ့ ၇ နှစ်တိုင်
01-Apr-2020


မြန်မာပြည်မှာ ပုဂ္ဂလိကသတင်းစာတွေ ပြန်ထုတ်ခွင့်ရတာ ၇ နှစ်တောင်ရှိပြီ။ 

The Voice လည်း ၇ နှစ်ပြည့်ပြီ။ 

၇ နှစ်တာလမ်းခရီးက သတင်းစာတိုင်းအတွက် ခက်ခဲကြမ်းတမ်းလွန်းသည်။ ကနဦးထုတ်ဝေခွင့်ရသည့် သတင်းစာက ဆယ်စောင်ကျော်သည်။ သို့သော်လည်း အခုလက်ရှိမှာတော့ ငါးစောင်လောက်သာ ကျန်တော့၏။ 

ကျန်တာတွေက နားတာကနားကုန်သည်။ ရပ်တာကရပ်ကုန်ပြီ။ သို့သော်လည်း ခေတ္တရပ်နားသည်ဟုသာ ပြောကြသည်။ သတင်းစာသမားတွေဆိုတော့ စိတ်ကမကုန်ကြ။ တစ်ချိန်ချိန်တွင် ပြန်လည်ထုတ်ဝေလိုကြသည်။ သို့သော်လည်း အဲ့တစ်ချိန်ချိန်ဆိုတာကဘယ်တော့မှန်းမသိ။ ဒါပေမဲ့ အားတော့မလျှော့။ 

ဟိုးအရင်ကတော့ မီဒီယာသမားတိုင်း သတင်းစာထုတ်ချင်ကြသည်။ အစိုးရသတင်းစာတွေကို အားမရ။ အစိုးရနှင့် တပ်အတွက် ဝါဒဖြန့်သည့်သတင်းစာတွေဟုသာ ထင်ကြသည်။ 

ကိုယ်ထုတ်နေတာကလည်း ဂျာနယ်ဆိုတော့ တစ်ပတ်မှတစ်ခါ။ ဒါကြောင့် သတင်းစာထုတ်ဝေခွင့်ရဖို့ တောင်းဆိုကြသည်။ သတင်းစာထုတ်ခွင့်မရလျှင် ဆန္ဒပြဖို့အထိ စိတ်ဓာတ်ပြင်းထန်ကြသည်။ သတင်းစာလွတ်လပ်ခွင့်အတွက်လည်း ဆန္ဒတွေပြကြသည်။ တိုက်ပွဲတွေဝင်ကြသည်။ 

နောက်တော့အစိုးရက ဆင်ဆာကိုဖြုတ်ပေးသည်။ သတင်းစာထုတ်ဝေခွင့်ပြုသည်။ အဲ့ကတည်းက သတင်းထောက်တွေ ဒုက္ခရောက်တော့သည်။ 

သတင်းစာတွေ ခွင့်ပြုတော့ မီဒီယာတိုင်းက သတင်းစာထုတ်ကြသည်။ သူများတွေထုတ်နေချိန် ကိုယ်ကမထုတ်ရင်လည်း မကောင်း။ ဂျာနယ်တိုက်တိုင်းလိုလိုက သတင်းစာထုတ်ခွင့်တောင်းဆိုခဲ့တာ။ 

အဲ့တော့ ကိုယ်တောင်းဆိုပြီး ကိုယ်မထုတ်လျှင် အရှက်ကွဲမည်။ ဒီတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထုတ်ကြသည်။ ကြားထဲမှာလည်း စီးပွားရေးသမားတွေကလည်း ဝင်ထုတ်ကြသေးသည်။ 

ထုတ်တော့ ဘာဖြစ်တုန်း။ 

ရှုံးတာပေါ့။ 

တိုက်ကြီးတွေကတော့  လူအင်အားကောင်းကောင်းနှင့် ချကြတော့သိပ်မဆိုး။ ရောင်းရသည်။ သို့သော်လည်း ရောင်းတိုင်းရှုံးနေသည့်အခြေအနေ။ တစ်စောင်တိုးတိုင်း ငါးကျပ် တစ်ဆယ်ကနေ ငါးဆယ် တစ်ရာအထိ ရှုံးသူလည်းရှိသည်။ အစောင်ရေ တစ်အားများလွန်းမှသာကိုက်မည်။ လောလောဆယ်အထိတော့ မကိုက်။ အစောင်ရေ တစ်အားများမည့် အခြေအနေလည်း မရှိတော့။ 

ကမ္ဘာပေါ်မှာ အင်တာနက်တွေ အမြဲရပ်ဆိုင်းသွားမှသာ သတင်းစာတွေ ပြန်ရောင်းကောင်းနိုင်သည်။ 

ဒီလိုနှင့် သတင်းစာတိုက်အသေးတွေကတော့ ရပ်ကုန်သည်။ ဂျာနယ်ခေတ်က မြတ်ခဲ့တာတွေကလည်း စားလို့ကုန်ပြီ။ ဆက်လုပ်နေသည့် ထုတ်ဝေသူတွေကတော့ အခြားစီးပွားရေးများဖြင့် တောင့်ခံရသည်။ ဆောက်လုပ်ရေးတို့၊ ရောင်းဝယ်ရေးတို့၊ တင်ဒါတို့နှင့်ပေါ့။ 

စိုပြေက သတင်းစာတွေ မထုတ်ခင်ကတည်းက မီဒီယာလောကတွင် ကျင်လည်ခဲ့သည်။ သတင်းထောက်ပေါ့လေ။ သတင်းစာတွေ စထုတ်တော့ သတင်းစာတစ်စောင်တွင် ပါဝင်ခဲ့ပြန်၏။ သတင်းစာမထုတ်ခင်တော့ သူဌေး၊ အယ်ဒီတာနှင့် သတင်းထောက်တို့ အဆင်ပြေကြသည်။ သတင်းထောက်တွေကလည်း စာမူခလေးထုတ်လိုက်။ အယ်ဒီတာတွေကလည်း သတင်းတွေတည်းလိုက်။ သတင်းထောက်တွေကိုဆူလိုက်။ သူဌေးကလည်း ဂျာနယ်တွေရောင်းရလို့ မြတ်။ ဒီတော့ ပြဿနာမရှိ။ အားလုံးအဆင်ပြေပြေ၊ ပျော် ပျော်ရွှင်ရွှင်။ 

သတင်းစာတွေလည်းထုတ်ရော ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ် စသည်ဖြင့် စိတ်ကူးယဉ်လိုက်ကြသေးသည်။ သို့သော်လည်း တကယ်တမ်းလုပ်တော့ မလွယ်။ သတင်းထောက်တွေလည်း နေ့တိုင်းဆိုတော့ ပင်ပန်းသည်။ အဲ့တော့ အယ်ဒီတာတွေနဲ့ ရန်ဖြစ်။ သူဌေးကလည်းရှုံးတော့ စာမူခတွေဖြတ်။ ဝန်ထမ်းတွေလည်း ပုံမှန်ရတာတွေမရတော့ မကျေနပ်။ ဒီလိုနဲ့ စိုပြေလုပ်ခဲ့သောသတင်းစာလည်း ရပ်။ 

တကယ်တော့ သတင်းစာတွေတင်မဟုတ်။ ဂျာနယ်တွေပါ ရပ်ကုန်ခြင်းဖြစ်သည်။ သတင်းစာတွေ ထွက်ပေါ်လာတော့ ဂျာနယ်တွေလည်း ပုံမှန်ရပ်တည်လို့မရ။ ဒီလိုနှင့် ဂျာနယ်တွေ မရှိကြတော့။ အရင် မဂ္ဂဇင်းသတင်းစာတွေ တော်တော်များများရပ်တော့ သတင်းထောက်တွေလည်း အလုပ်လက်မဲ့ဖြစ်ကုန်သည်။ 

အချို့လည်း NGO များတွင် ဝင်လုပ်ကြသည်။ ကုမ္ပဏီများ၏ သတင်းပြန်ကြားရေးလုပ်သူတွေလည်း လုပ်ကုန်သည်။ ဈေးရောင်းသူလည်းရောင်းကြသည်။ အဆင်ပြေသူတွေလည်းရှိသလို အဆင်မပြေသူတွေလည်း မနည်းမနော။ ရွာပြန် လယ်လုပ်နေသူများပင် ရှိ၏။ 

သတင်းစာတွေ ရှုံးတာကတော့ မြန်မာပြည်တင်မဟုတ်။ နိုင်ငံခြားကသတင်းစာတွေလည်း ရပ်ကုန်ကြသည်။ အချို့ကတော့ ပုံနှိပ်သတင်းစာကနေ အွန်လိုင်းမီဒီယာအဖြစ် ပြောင်းကုန်သည်။ သို့သော်လည်း ဝင်ငွေရှာရခက်သည်။ ယခင်က ပုံမှန်သွားနေကြ စီးပွားရေးလုပ်ငန်းနှင့် ကွဲပြား၏။ အရင်ကတော့သတင်းစာမှာ ကြော်ငြာထည့်၊ သတင်းစာကိုရောင်း။ အဲ့လိုနှင့် ပိုက်ဆံရှာသည်။ အခု အွန်လိုင်းမှာတော့ ကိုယ်အသုံးပြုသည့် ပလက်ဖောင်းက သူ့အလိုလို ပိုက်ဆံရှာပေးတာလည်း ရှိသည်။ ကိုယ်တိုင်ရှာရတာလည်းရှိသည်။ 

ခက်တာက သတင်းစာလိုစောင်ရေ ဘယ်လောက် ဘာညာဆိုပြီး ညာလို့မရ။ ကိုယ့်ကြော်ငြာ၊ ကိုယ့်သတင်းကို ဘယ်လောက်ကြည့်သွားသည်၊ ဘယ်လောက်သဘောကျသည်ဆိုတာကို တန်းမြင်ရသည်။ ဒီတော့ ပိုက်ဆံရှာရခက်သည်။ 

လူတွေကလည်း နိုင်ငံရေးသတင်းတွေ၊ စီးပွားရေးသတင်းတွေကို စိတ်မဝင်စား။ မင်းသား၊ မင်းသမီးတွေဘာလုပ်သည် ညာလုပ်သည်ကိုပဲ စိတ်ဝင်စားကြ၏။ ဒီတော့ အွန်လိုင်းပေါ်တွင် အောင်မြင်နေသည်မှာ ပေါ့မီဒီယာ၊ ဆယ်လီမီဒီယာတွေပဲ ဖြစ်သည်။ 

ဒီကြားထဲ လူနှစ်ယောက်နှင့် မီဒီယာလုပ်သူတွေလည်းရှိသေးသည်။ သူတို့ကတော့ သူခိုးတွေပေါ့လေ။ တရားဝင်မီဒီယာကတင်သည့် သတင်းတွေကိုခိုးသည်။ သူများပုံတွေခိုးသည်။ မဟုတ်ကဟုတ်က သတင်းတွေရေးသည်။ ပြီးတော့ သူ့စာမျက်နှာပေါ်တင်သည်။ ပုံစံပြောင်းရေးသည်။ အဲ့တော့ ဖေ့စ်ဘွတ်ခ်တို့၊ ဂိုဂဲလ်တို့ကပေးသည့် ကြော်ငြာခတွေကို သူတို့ကရသည်။ အဲ့ဒါကလည်း မနည်းလှ။ အချို့ဆို လူနည်းနည်းနှင့် သတင်းဝက်ဘ်ဆိုက်အတုပေါင်းများစွာ ဖန်တီးသည်။ ပြီးတော့ ပေါက်ကရသတင်းတွေနှင့် လျှောက်ရေးသည်။ ဒီတော့လူတွေက ဟုတ်မလားဆိုပြီးဝင်ကြည့်။ ဖန်တီးသူတွေအတွက် ပိုက်ဆံတွေပဲပေါ့။ 

ခက်တာက ပြည်သူတွေကလည်း ဘယ်ဟာက မီဒီယာအတု၊ ဘယ်ဟာက မီဒီယာအစစ်ဆိုတာကို နားမလည်ကြ။ သိလည်းမသိကြ။ ဒီတော့ ဟိုသတင်းသူခိုးတွေ ပေါက်ကရလုပ်တိုင်း မီဒီယာသမားတွေ သိမ်းကြုံးပြီးအဆဲခံရသည်။ 

နောက်တစ်မျိုးကတော့ စီးပွားရေးလုပ်ငန်းတွေနှင့် ပူးပေါင်းတာ။ သတင်းစာအတွက် စီးပွားရေးသမားတွေက ငွေကြေးထောက်ပံ့။ နောက်တစ်ခုကတော့ နိုင်ငံခြားအထောက်အပံ့ယူတာ။ နိုင်ငံခြား NGO တွေက မြန်မာပြည်က သတင်းစာတွေ၊ ဂျာနယ်တွေ ဆက်လက်ရပ်တည်ရေးအတွက် ငွေကြေးထောက်ပံ့ခြင်းဖြစ်သည်။ 

လက်ရှိတော့ တစ်နည်းနည်းဖြင့် မီဒီယာတွေ ရှင်သန်နေကြရသည်။ ဒါပေမဲ့ အကုန်လုံးက ခပ်ယဲ့ယဲ့။ 

စိုပြေတို့ မီဒီယာသမားတွေ ဘဝကလည်း သတင်းစာနှင့်အတူ ရှင်သန်နေရတော့ ခပ်ယဲ့ယဲ့ပဲပေါ့။ ဒီကြားထဲ Covid-19 က ဖြစ်နေပြန်တော့ ပိုဆိုး။ ဒါတင်မကသေး အစိုးရက တရားစွဲလိုက်၊ တပ်ကတရားစွဲလိုက်၊ ရဲကဖမ်းလိုက်။ သူပုန်လည်း သတင်းစာ တိုက်ကို ဗုံးနဲ့ခွဲမည်ဟု ခြိမ်းခြောက်ပြန်။ ပြည်သူတွေကလည်း သူတို့မကြိုက်သည့်သတင်းရေးလျှင် ဝိုင်းဆဲ။ 

သတင်းသမားတိုင်းက ဘယ်အချိန် ဘယ်လိုရပ်မည်မသိသည့် ရထားကြီးပေါ်မှာ ခုန်စွခုန်စွ စီးနေကြဆဲ။ 

အချို့လည်း ခုန်ချလို့ ကောင်းစား။ 

အချို့လည်း အကျမတော်လို့ ကျိုးပဲ့။ 

စိုပြေ