News

POST TYPE

SATIRE

ကိုဗစ်နေ့စွဲများ
29-Mar-2020


ကျွန်တော်တို့ မျက်လုံးချင်း စကားပြောနေကြပြီ။

ထိုသို့ အစချီထားသဖြင့် မောင်ဗြိတစ်ယောက် မိန်းမ မပါလာချိန် ဘယ်ဟာမလေးနဲ့မျက်လုံးချင်း စကားပြောနေပါလိမ့်ဟု အထင်တကြီးမတွေးပါနှင့်။

ကျွန်တော့်လို ပူစီဖောင်းကို မျက်မှန်တပ်ပေးထားသည့်ရုပ်ကို ဘယ်ဟာမလေးကမှလည်း မျက်လုံးချင်း စကားပြောလိမ့်မည်မဟုတ်။ ပြောချင်းပြော ကျွန်တော်လိုကောင်အား သက်ဆိုင်ရာကသာစကားပြောပေလိမ့်မည်။ ယခု ကျွန်တော်နှင့်မျက်လုံးချင်း စကားပြောနေသည့်သူမှာ ကိုသောင်းအေးဖြစ်သည်။တိတိကျကျ ပြောရလျှင် YBS ၂၂ ဘတ်စ်ကား ဒရိုင်ဘာကိုသောင်းအေး ဖြစ်သည်။

ကျွန်တော် ကားပေါ်တက်တက်ချင်းပင် ကိုသောင်းအေးက မျက်လုံးချင်းစကားစပြောတော့သည်။ ကျွန်တော်သည် ဒီအချိန် ဒီမှတ်တိုင်တွင် စီးနေကျဖြစ်သဖြင့် ကိုသောင်းအေး ကားနှင့်အမြဲလိုလိုဆုံသည်။

"ရှေ့ကပုံးထဲကို ယာဉ်စီးခလေးများ ထည့်သွားကြပါ" ဒါက ကိုသောင်းအေး ကားပေါ်ခရီးသည် တက်လာတိုင်းပြောနေကျစကား။

အခုတော့ ကိုသောင်းအေးအသံမကြားရ။ တက်လာသမျှ ခရီးသည်တိုင်းကို ကိုသောင်းအေးက မျက်လုံးဖြင့်သာစကားပြောနေသည်။ အခု ကျွန်တော့်ကိုလည်း ကိုသောင်းအေးက မျက်လုံးဖြင့်စကားပြောသည်။

အရင်ကလို ပုံးထဲသို့ ငွေထည့်ရမည်ကို ကျွန်တော်သိပါသည်။ သို့သော်ငြား ပြဿနာက ကျွန်တော့်တွင် ပါလာသည်က တစ်ထောင်တန်ကြီး။ အရင်ကဆို နှစ်ရာတန်အကြွေဆောင်လာနေကျဖြစ်သော်လည်း ဒီနေ့တော့ မနက်ကတည်းက ပြဿနာတွေကြုံနေရသည့်အတွက် အကြွေဆောင်လာဖို့ မေ့သွားသည်ကိုး။အခုတော့ ဘယ်လိုလုပ်ကြမည်နည်း။

အမ်းမည့် စပယ်ယာကမရှိ။ ပုံးကြီးကိုဖွင့်ပြီး အမ်းဖို့ကလည်းမဖြစ်နိုင်။ ကိုသောင်းအေးကို ကျွန်တော်မျက်ရိပ်ပြပြီး တစ်ထောင်တန်ကြီး ထောင်ပြလိုက်သည်။ သူက ခေါင်းကုတ်ပြသည်။ ပြီးတော့ ကျွန်တော့်ကို ကားအတွင်းထဲသို့ မေးငေါ့ပြသည်။

အင်း...အကြွေမပါလို့ ငါ့ကို အလကားပေးစီးတယ်ဟ ဟု ကိုသောင်းအေး၏ အိုင်းလန်းဂွေ့ကို ကျွန်တော် ဘာသာပြန်မိလိုက်သည်။

ထို့ကြောင့် သူ့ကိုပြုံးပြပြီး သူ့နောက်ကလွတ်နေသောခုံတွင် ဝင်ထိုင်လိုက်၏။ သို့သော် ကျွန်တော်၏ ကျေးဇူးတင်အပြုံးတို့ကိုလည်း ကိုသောင်းအေး မြင်မည်မထင်ပါ။ တော်တော်သဘောကောင်းသည့် ကိုသောင်းအေး။

ကျွန်တော် ကြည်နူးလို့မှ မဆုံးခင်...ကား နောက်ကြည့်မှန်ထဲမှ ကျွန်တော့်ကို ပြူးပြီး ကြည့်နေသော ကားဆရာကိုသောင်းအေး၏ မျက်လုံးကြီးနှင့် ရင်ဆိုင်လိုက်ရသည်။

ကိုသောင်းအေး ဘာကိုပြူးပြသနည်း။ ကျွန်တော်နှင့်မျက်လုံးချင်းဆုံသည်နှင့် သူ့ကားထောင့်ကို မျက်စပစ်ပြပြန်သည်။

အလို...ကားထောင့်မှာလည်း သံတုတ်ကြီးပါတကား။ ကျွန်တော်လည်း ဘာမှမသိသည့်ပုံစံဖြင့် မျက်လုံးလေးကလယ်ကလယ်နှင့် ပခုံးတွန့်ပြမိသည်။နောက်ဆုံးတော့ ကိုသောင်းအေးသည် သူ့နှာခေါင်းနှင့်ပါးစပ်တွင် စွပ်ထားသော မျက်နှာဖုံးကို ဆွဲဖြုတ်လိုက်ပြီး ကျွန်တော့်ကို ယခုလို ယဉ်ကျေးစွာပြောတော့သည်။

"ဟ...ငပိန်းကောင်ရ...မင်းလို တစ်ထောင်တန်ထောင်ပြတိုင်းသာ အလကားပေးစီးရရင်...ငါတို့ဒေဝါလီခံသွားရလိမ့်မယ်...ငါဆိုလိုတာက...နောက် တက်လာတဲ့သူတွေဆီက စောင့်ပြီး ငွေအမ်းလို့ ပြောတာ...လခွမ်းထဲမှ ဘယ်လိုကောင်နဲ့ လာတွေ့နေမှန်း မသိဘူး...ငါ့အရင်စိတ်နဲ့ဆို မင်းသံတုတ်စာပဲ...၊ နောက် တစ်ခုရှိသေးတယ်...ဒီမှာ လက်ဆေးရည်ဘူး...နောက်ကားပေါ်တက်ရင် လက်ဆေးရမယ်ကွ"

ကျွန်တော် သဘောပေါက်နားလည်လိုက်ပါပြီ။ ဒါမှ သဘောမပေါက်လျှင်လည်း ကျွန်တော့်ကို ကိုသောင်းအေးက မျက်လုံးချင်း စကားပြောတော့မည်မဟုတ်။ မထသ စပယ်ယာဘဝမှ ဒရိုင်ဘာဘဝသို့ ပြောင်းလာရသော ကိုသောင်းအေး၏ သံတုတ်ကြီးနှင့် ကျွန်တော့်နဖူးတို့ စကားပြောရမည်မှာ မြေကြီးလက်ခတ်မလွဲ။

မကြာမီအချိန်တွင် ကျွန်တော်လည်း ကိုသောင်းအေးဘေးက ပုံးလေးထဲတစ်ထောင်တန်ထည့်ပြီး ကားပေါ်တွင်ထားပေးသည့် ဟန်းဂျယ်ဘူးကလေးဖြင့် လက်ဆေးရပါသည်။ လက်ဆေးပြီးသည်နှင့် ကားအတက်ပေါက်လေးတွင် မတ်တတ်ရပ်ကာ နှစ်ရာတန်ပုံးထဲထည့်မည့် ခရီးသည်အစ်ကိုအစ်မများထံမှ အကြွေ ရှစ်ရာမပြည့်မချင်း ထိုင်သိမ်းရင်း ကိုသောင်းအေး ကိုယ်စားလက်ဆေးရန်ပြောပြီး ကိုယ်တိုင်လည်း လက်ဆေးလိုက်ဖြင့်  အလုပ်များရပါတော့သည်။ 

ဒီကနေ့သည် တော်တော် အဆင်မပြေသည့်နေ့။ အဆင်မပြေသည်က မနက်ကတည်းကပင်။ မနက်မိုးလင်းပြီဆိုကတည်းက ထူးထူးခြားခြား ကျွန်တော့် ပတ်ဝန်းကျင်တွင် အပြုံးများပျောက်ဆုံးကုန်သည်။

ကျွန်တော်က မနက်စောစော စာထရေးတတ်သူမို့ အိပ်ရာထစောသည်။ ကျွန်တော် စာရေးနေသည့်အချိန်တွင် ကျွန်တော့်လေဒီကနိုးလာပြီး ကျွန်တော် စာရေးသည့်အခန်းထဲသို့လာကာ ဒီနေ့ဘယ်သွားစရာ ရှိသေးလဲ။ ဘာချက်ရမလဲ ဆိုသည်တို့ကို လာမေးနေကျ။

အခုမနက်တော့ ကျွန်တော်၏ ချစ်လှစွာသော မဒမ်ဗြိသည် ကျွန်တော်စာရေးသည့်အခန်းဝတွင် မျက်နှာကို ခွဲစိတ်ခန်းသုံး မျက်နှာဖုံးအစိမ်းကြီးအုပ်ပြီး လာမတ်တတ်ရပ်နေသည်။ ကျွန်တော့်မိန်းမ၏ အလှကား မျက်နှာဖုံးအုပ်လိုက်မှ ပိုလှသွားချေတော့သည့်တကား။

မျက်နှာဖုံးအုပ်ထားသော ဇနီး၏အလှကို ကြာရှည်မခံစားနိုင်အား။ ယောကျာ်းတို့ ဝတ္တရားရှိသည့်အတိုင်း စိုက်ကြည့်လျှင် အလိုက်သိရပါမည်။ ထို့ကြောင့် မနက်စာအတွက် အီကြာကွေး၊ လက်ဖက်ရည်ဝယ်ရန် လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့ရပြန်သည်။

လမ်းတစ်လျှောက်တွင်လည်း ဒီနှယ့် ဒီလိုတွေ ကြုံရပြန်၏။ လမ်းထိပ်ကားရေဆေးဆီထိုးဆိုင်မှ နှုတ်ဆက်ပြုံးပြနေကျ ကိုဖက်တီး၏ နှုတ်ဆက်အပြုံးကိုလည်း မမြင်ရ။ ကွမ်းယာသည် အန်တီအေး၏ လောကွတ်အပြုံးကိုလည်း မတွေ့ရ။ လက်ဖက်ရည်ဆိုင်မှ အဖျော်ဆရာ ကိုကျော်အေး၏ ခပ်ယဲ့ယဲ့အပြုံးပင် ဒီနေ့မှာ ပျောက်ဆုံးလျက်။

ကျွန်တော်သိသမျှ လူတွေကို လိုက်ကြည့်ကြည့်သည်။ အားလုံးက မျက်လုံးချင်းသာ စကားပြောနေကြသည်။ ပါးစပ်တွေ၊ နှာခေါင်းတွေ သူတို့မျက်နှာပေါ်က ပျောက်ကုန်ကြပြီ။ အကုန်လုံး မျက်နှာဖုံး ကိုယ်စီနှင့်။ ဘယ့်နှယ် တစ်မြို့လုံး ဟိုဖေ့စ်ဘွတ်ခ်ကဆရာမလေးကို အားကျပြီး မျက်နှာဖုံးတွေရဲ့ အောက် ရောက်ကုန်တာလား။

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်နှင့် ပတ်နေသော ကိုဗစ်သည် ကျွန်တော်တို့ဆီရောက်ခဲ့ပြီ။ တတ်နိုင်သူတွေက ရသလောက်ဝယ်ပြီး အိမ်တွင်းပုန်းလို့ရချိန်တွင် ကျွန်တော်တို့ ဆင်းရဲသားရပ်ကွက်ကား အိမ်တွင်းပုန်းလို့ မရသေး။ နေ့သွင်းတွေ ရှိသည်။ ဈေးရင်းတွေ ရှိသည်။ တစ်နေ့လုပ်မှ တစ်နေ့စားကြရမည့်သူတွေရှိ သည်။ ထို့ကြောင့် မျက်နှာဖုံးလေးများစွပ်၊ လက်ကလေးများ နာနာဆေးကြရုံသာ။

အရင်က တစ်ခုနှစ်ရာတန် မျက်နှာဖုံးတွေက တစ်ခုတစ်ထောင်ဖြင့်ပင် ရှာမရတော့သောကြောင့် မျက်နှာဖုံးတပ်ထားသော အဖျော်ဆရာကို မျက်နှာဖုံးစွပ် ဘယ်မှာရမလဲ သွားမေးကြည့်သည်။

"ဒီလိုပဲပေါ့ဗျာ...ကြံဖန်ရတာပေါ့...ကျွန်တော့်ဆီက စားပွဲထိုးမောင်အေး မနက်က ဂျမခါနာအမျိုးသမီး ဆေးရုံကို လက်ဖက်ရည်သွားပို့ရင်း မွေးခန်းဘေးက ကောက်လာပေးတာလေ...အပိုတွေရှိသေးတယ်... ယူမလား...ဟေ့...မောင်အေး...မနက်က ကောက်လာတဲ့ဟာတွေ ရှိသေးတယ်မဟုတ်လား...ဒီမှာ ကိုဗြိကို ... တစ်စုံ..."

"ဟာ...ဟေ့ဟေ့...နေနေ...နေပါစေ...ကျွန်တော့်ဟာ ကျွန်တော် ရှာဝယ်လိုက်ပါ့မယ်... ရော့... ဒီမှာ လက်ဖက်ရည်နဲ့ အီကြာကွေးဖိုး...လစ်ပြီဗျိုး"

မွေးခန်းဘေးမှ မျက်နှာဖုံးနှင့် လက်အိတ်ရန်ကို အလွတ်ရှောင်နိုင်ခဲ့သည့် ကျွန်တော့်မှာ မနက်စာစားပြီးသည်နှင့် မျက်နှာဖုံးရှာပုံတော်ဖွင့်ရန် ယခုလို YBS ပေါ်ရောက်ခဲ့ရခြင်းပေတည်း။

မကြာမီ ကားပေါ်သို့ အန်တီကြီးသုံးယောက်တက်လာသည်။ သူတို့ကား ကျွန်တော်လို့ပင် မျက်နှာဖုံးမပါ။ မျက်နှာဖုံးမပါသဖြင့် မျက်လုံးချင်း စကားမပြောကြ။ ပါးစပ်ဖြင့်ပင် စကားပြောကြတော့၏။

"ရိုးရိုးမျက်နှာဖုံးတွေက စိတ်မချရဘူး... N95 ဆိုလား...အဲ့ဒါမှတဲ့"
"တမာရွက်စားရင် ပျောက်တယ်တဲ့"
"ဆရာတော်ကြီး အိပ်မက်အရ ဆီးသီးနဲ့သံပရာသီး တင်ရမယ်တဲ့"
"အိမ်က ဟာကြီးကတော့ အရက်သောက်ရင် ပျောက်တယ်ဆိုပြီး မိုးလင်းထဲက ကစ်နေတာ"

အလိုလေး ဒီတစ်ခုတော့ ငါနဲ့ကိုက်ပြီဟ...ဟု တွေးကာ တံတွေးပင်မျိုချမိရုံရှိသေး အန်တီကြီးတို့၏ စကားကားမပြီးသေး။

"အစိုးရကလည်း ရောဂါကူးစက်သူစာရင်း ကြေညာလိုက်ရင် ညသန်းခေါင်မှချည်းပဲ"
"အေးလေ...ဒီကြားထဲ ပြောရေးဆိုခွင့်ရှိသူဆိုတဲ့ အဒေါ်ကြီးကလည်း ချဲဂဏန်းအတိတ်စိမ်းပေးသလို ညညဆို ဖေ့စ်ဘွတ်ခ်ပေါ်တက်ပေးသေး။ သူ့ကိုယ်သူ သီရိဒုံထင်လားမသိ"
"အေးဟယ် ရောဂါသတင်းစောင့်နေပါတယ်ဆို ပြန်ကြားရေးဝန်ကြီးဌာနက ည ၁၂ နာရီအတိမှာ တင့်ကားကြီးတွေ၊ သေနတ်ကြီးတွေပုံနဲ့ တပ်မတော်နေ့အား ဂုဏ်ပြုပါသည်ဆိုတာချည်း တက်လာတော့ လူတွေကို ရင်ထိတ်သွားတာပဲ၊ ဗိုင်းရပ်စ်ထက် ဆိုးတော့မှာလားလို့"
"ဒီပိုးက နိုင်ငံခြားက ပြန်လာတဲ့သူတွေဆီက ချည်းကူးတာ။ အောင်မယ်လေး...သူတို့ကလည်းနော်... ဒီအချိန်ကျမှ"

ဒီစကားဝိုင်းထဲ ကျွန်တော် ဝင်မပါလို့မဖြစ်တော့။

"ဒီမယ် အန်တီတို့...ခုချိန်က တစ်ကမ္ဘာလုံးရင်ဆိုင်နေတဲ့ ကပ်ရောဂါပါ။ ဒီချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ့ကိုမှ အပြစ်မတင်ကြဘဲ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင်ရမယ့်အချိန်ပါ အန်တီတို့... အစိုးရ၊ ပြည်သူ၊ တပ်မတော် အတိုက်အခံရန်ဖြစ်နေမယ့် အချိန်မဟုတ်ဘူးဆိုတာ အန်တီတို့ သတိပြုပါ။ နိဂုံး ချုပ်ပြောချင်တာကတော့ အားလုံးလက်ဆေးကြပါ...အန်တီတို့"

ကျွန်တော်က ခပ်တည်တည်နဲ့ မိန့်ခွန်းခြွေ အပြီးမှာ အန်တီကြီးသုံးယောက် ခဏငြိမ်သက်သွားသည်။ ပြီးတော့မှ ကျွန်တော့်ကို ပြန်ပြောလိုက်သော စကားကြောင့် ကျွန်တော့်မှာ ဘတ်စ်ကားပေါ်မှ ဆင်းပြေးခဲ့ရလေတော့သတည်း။

အန်တီမမတို့၏ ပြောစကားမှာကား... "နင် ပြောတာကို လက်ခံပါတယ်...ဒါပေမဲ့...ငါတို့အသက်က အခုမှ လေးဆယ်ကျော်ပဲရှိသေးတယ်...နင့်မျက်ခွက်ကြီးနဲ့ အန်တီလို့ခေါ်တာ ငါတို့ကို ခပ်စိမ်းစိမ်းခေါ် တာပဲ...မသကာအစ်မလို့ ခေါ်ချင်ခေါ်ပါ့... ဒီခေတ်ကြီးမှာ အခေါ်အဝေါ်မတတ်ရင် တရားစွဲခံရနိုင်တယ် ဆိုတာ နင်မသိတာလား"

ကိုရိုနာဘေးကင်းဝေးကြစေတမုံ။
ဗြိတိသျှကိုကိုမောင်