News

POST TYPE

SATIRE

နတ်ကြီးလေးပါး ဗိုင်းရပ်စ်အရေး ဆွေးနွေးခန်း
25-Mar-2020


မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁ ရက်နေ့ နံနက်ချိန်ခါသမယ၊ ရန်ကုန်မြို့၊ စီးတီးမတ်စတိုးဆိုင်ကြီးရှေ့တွင် ရန်ကုန်မြို့၏ အထင်ကရ မြို့စောင့်နတ်ကြီးများဖြစ်ကြသော ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တထောင်ဘိုးဘိုးကြီး၊ ဥက္ကလာပဘိုးဘိုးကြီး ၊ မှော်ဘီဘိုးဘိုးကြီးတို့ အမှတ်မထင်တွေ့ဆုံကြလေသော်-

ဆူးလေနတ်ကြီး - အလိုလေး...ဘိုးဘိုးများ...ဆုံမယ့်ဆုံတော့ ဒီလို စည်စည်ကားကား အခြေအနေမှာ လာဆုံကြပါပေါ့လား။

ဥက္ကလာပနတ်ကြီး - ဟုတ်တာပ...ကိုဆူးလေရေ...လူများ ဗိုင်းရပ်စ်ရောဂါထတော့ နတ်များလည်းမနေသာ စီးတီးမတ်ပြေး ဈေးဝယ်ရဆိုသလိုပေါ့ဗျာ။

ဗိုလ်တထောင်နတ်ကြီး - လူတွေများတယ် ခက်သဗျာ...စာမေးပွဲကာလတုန်းကတော့ ကျုပ်ဆီကို အုန်းပွဲ ငှက်ပျောပွဲတွေနဲ့ လာလိုက်ကြတာ။ အခုစာမေးပွဲတွေ ရပ်လိုက်ပြီဆိုတော့ ဗိုလ်တထောင်ဘိုးဘိုးကြီးအတွက် လက်ဆေးဆပ်ပြာလေး၊ ဟန်း ဂျယ်လေးတောင် လာမဆက်ကြတော့ဘူး။ ဘုရားပြီး ညမ်းဖျက်... စာမေးပွဲပြီး ဘိုးဘိုးကြီးကို ထည့်မတွက်ကြတော့ပဲကိုးဗျ... ဒါနဲ့ပဲ... ကျုပ်လည်း လက်ဆေးဖို့အလို့ငှာ ဟန်းဂျယ်လေး ရလိုရငြား လာရတာပ။

မှော်ဘီနတ်ကြီး - အောင်မလေး... ဗိုလ်တထောင်ရယ်...ခင်ဗျားလို အာရကေရွှင်တဲ့ ဘောစိဘိုးဘိုးကများ ဒီအထိ လာတိုးဝယ်ရတယ်လို့... အွန်လိုင်းရှော်ပင်ကနေမှာလိုက်ပေါ့ဗျာ။ နို့... ခင်ဗျားဆီလာပြီး ခင်ဗျားလက်ညှိုးနဲ့အထိုးခံရကြတဲ့ နိုင်ငံခြားကလူတွေ လှူထားတဲ့ငွေတွေ မနည်းမနော ဘယ်သွားစုထားတုံးဗျ။

ဗိုလ်တထောင်နတ်ကြီး - အောင်မလေး...လက်ညှိုးလာထိုးခံကြတာ အကောင်းမှတ်လို့ ကိုမှော်ဘီရေ... အဲဒီလိုမျိုး ကျုပ်လက်ညှိုးကို သူတို့နဖူးတွေနဲ့ လာလာတေ့ကြလွန်းလို့ ဘိုးဘိုးကြီးတွေထဲမှာ ဗိုင်းရပ်စ်အကူးနိုင်ဆုံး ဘိုးဘိုးကြီးဆိုပြီး ဘိုးတော်သိကြားက သံသယလူနာစာရင်းထည့်မယ် တစာစာ ဗျ။ ဒီကြားထဲ အွန်လိုင်းရှော်ပင်ဆိုတဲ့ အဝှာများကလည်း မျက်နှာဖုံးမက်စ်တွေရော၊ ဟန်းဂျယ်တွေပါ ဈေးတင်ရောင်းကုန်တာဗျ။ ကျုပ်ကို လာလှူကြတယ်ဆိုတာကလည်း ဘတ်ငွေတွေဗျ။ ကျုပ်ရတယ်ထင်လို့လား။

ဆူးလေနတ်ကြီး - ဘာဗျ... ဘယ်လို... ဘယ်လို။ ဘတ်ငွေဆိုတော့... ဒီငွေတွေကို ဂေါ... ဂေါ... ဂေါ။

ဗိုလ်တထောင်နတ်ကြီး - ဟာ...ဟေဟေ့... အဲဒီလို တလွဲမတွေးပါနဲ့ဗျာ... တော်ကြာသတင်းစာထဲ ကျုပ်က အဲလိုပြောပါတယ်ဆိုပြီး အဲဒီ ဂေါတွေက ဘုရားပေါ်က ကျုပ်ကိုတရားလာစွဲနေပါ့မယ်ဗျာ... ဒီလိုဗျ... တစ်နေ့တစ်နေ့ ကျုပ်ဆီလာပြီး ပဝါဆက်ကြ၊  လက်ညှိုးထိုးခံရတဲ့လူတွေက ထိုင်းနိုင်ငံသားတွေ များတယ်ဗျ။ ဒီတော့ ဘတ်ငွေတွေလှူကြတာပေါ့ဗျာ။ အဲ့ဒါပြောတာ။ အဲဒီ ဘတ်ငွေဆိုသဟာလည်း ကျုပ်လက်ကြားမှာ ခဏကိုင်ရတာပါဗျာ။ ကျန်တာဖြင့် ဂေါပက,က ဘုရားကြီးရန်ပုံငွေဆိုပြီး သိမ်းသွားကြ တာပါဗျ။ အထင်မကြီးပါနဲ့ ဘိုးဘိုးတို့ရာ။

ဥက္ကလာပနတ်ကြီး - ဒါနဲ့ ဘိုးဘိုးတို့... ဒီ ကိုဗစ်ဗိုင်းရပ်စ်ဆိုတာကြီးက ကမ္ဘာပတ်ပြီးမှနောက်ဆုံး ကျုပ်တို့ဆီ ရောက်လာတာမဟုတ်လား။ ဒါနဲ့ ကမ္ဘာပတ်လာကြတဲ့ မြန်မာနတ်ကြီးများကရော ဘယ့်နှယ်နေကြတုံး။

မှော်ဘီနတ်ကြီး - အလိုဗျာ ဘိလပ်ပြန် နတ်များလား။ ကျုပ်တို့ပြည်တွင်းဖြစ်နတ်များသာ ဟိုဟာတိုးဝယ်ရ၊ ဒီဟာတိုးဝယ်ရ တိုင်ပတ်နေတာ။ သင်းတို့က ဟိုတယ်မှာထားပြီး မပူဇော်လို့ဆိုလား။

ဗိုလ်တထောင်နတ်ကြီး - အိမ်း... ဘိလပ်ပြန်တွေများ၊ လူရော နတ်ပါတယ်လည်း ပူဇော်ပသခံချင် ကြသကိုးဗျ။ ဟိုတယ်မှာနေချင်သပဆိုလည်း အီတလီက ဟိုတယ်ကြီးဆီ နတ်ဒိုးလေးတီးပြီး ပို့ပေးလိုက်ကြပါတော့လား။

ဆူးလေနတ်ကြီး - အလို ဘိုးဘိုးတို့ရဲ့... ဒီလိုအခြေအနေမှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်ဖို့ မနေကြပါနဲ့တော့... အခုအရေးကြီးတာက ရှေ့မှာတိုးနေတဲ့ လူအုပ်ကြီးကိစ္စဗျ။

မှော်ဘီနတ်ကြီး - လူစုလူဝေးနဲ့ဆို ရောဂါကူးမှာစိုးလို့ လူစုလူဝေးကို ရှောင်ဖို့အတွက် အိမ်ထဲနေဖို့  လူစုလူဝေးကြီးထဲတိုးပြီး ဈေးဝယ်ကြတဲ့ လူအုပ်ကြီးကို ဘယ့်နှယ်လုပ်ကြမတုံး

ဗိုလ်တထောင်နတ်ကြီး - ကိုမှော်ဘီရေ... သူတို့ အပြစ်မပြောနဲ့... တစ်ခုခုဆို ကျုပ်တို့နတ်တွေတောင် ကြောက်ကြလို့ အခုလာကြရပြီပဲ... ကဲ... အခုပဲ အထဲသွားပြီး တစ်လစာ ဝင်တိုးလိုက်ရအောင်။

မှော်ဘီနတ်ကြီး  - ဘယ့်နှယ်ပြောလိုက်ပါလိမ့်...ဗိုလ်တထောင်ရယ်...ထပ်သရီး... နတ်ကြီးတန်မဲ့နဲ့...လူကြားထဲ တိုးမလို့လား။ ကျုပ်တို့က နတ်ဗျ။ ဟိုမှာ နဖူးကို ဘာကြီးတွေနဲ့ တေ့နေမှန်းမသိဘူး။ လူတကာနဲ့ တေ့ထားတဲ့ဟာကြီး ကျုပ်တို့ နတ်နဖူးလာတေ့တာ ခံမလို့လားဗျ။

ဥက္ကလာပနတ်ကြီး - သြော်...မှော်ဘီနဲ့ မင်္ဂလာဒုံ နဲ့နီးပြီး ကန့်လန့်တိုက်၊ ကဏန်းစိတ်တွေဝင်နေတော့ ခက်ပြီ။ လူလူ နတ်နတ် အားလုံးကျန်းမာရေးကို ကာကွယ်ဖို့ အတေ့ခံသင့်ခံရမှာပဲဗျ။ လူတော၊ နတ်တော မတိုးဝံ့တဲ့ အစိမ်းသဘက်စိတ်တွေ မမွေးစမ်းပါနဲ့... ကဲ... သွားတန်းစီပြီး အပူချိန်တိုင်းစို့ဗျာ။

ဆူးလေနတ်ကြီး - ဟုတ်ပ... ဟုတ်ပ... ခေတ်ကာလကြီးက... ကောင်းတာမဟုတ်။ အစိမ်းသဘက်တွေ ပါဝါတက်နေတဲ့ခေတ်ကြီး။ တော်ကြာ ဆူးလေနတ်ကြီး... ကားပြာစီးပြီး အင်းစိန်ထောင်မှာ နတ်နန်း ဆောက်နေရတယ်ဆို ကြားမကောင်းဘူးဗျ... ဆင်ခြင်မှပါ ဆင်ခြင်မှပါ။

ဥက္ကလာပနတ်ကြီး - ကဲ... ကဲ... ဒါတွေ ဒီလိုပြောနေရမယ့် အချိန်မဟုတ်ဘူးဗျို့။ တစ်ကမ္ဘာလုံးပတ်ပြီး ကိုယ့်ဆီ နောက်ဆုံးမှ လမ်းကြုံဝင်နှုတ်ဆက်နေတဲ့ ဗိုင်းရပ်စ်ငတိကို လူတွေ၊ နတ်တွေပေါင်းပြီး ခုခံရမယ့် အချိန်ပေမို့... လူစုလူဝေးကိုရှောင်ပြီး အားလုံး လက်ဆေးကြစို့ဗျာ။

မှော်ဘီနတ်ကြီး - နို့... အခုဟာက လက်ဆေးကြဖို့အရေး လူစုလူဝေးထဲတိုးရမှာဗျ။

ဆူးလေနတ်ကြီး - လူစုလူဝေးထဲ မတိုးရင် လက်ဆေးဖို့ ဟန်းဂျယ်ဘယ့်နှယ်ဝယ်မတုံး။

ဗိုလ်တထောင်နတ်ကြီး - ဟန်းဂျယ်မဝယ်ရင် ကိုရိုနာကူးမှာနော်။

ဥက္ကလာပနတ်ကြီး - လူအုပ်ကြီးထဲတိုးရင် ကိုရိုနာကူးမှာနော်။

မှော်ဘီနတ်ကြီး - ငါလခွမ်း... ထဲမှာ... အဲ့ဒါ အခု အစိုးရမကောင်းလို့။

ဗိုလ်တထောင်နတ်ကြီး - ဂန်းမသားကြီး မဆဲနဲ့... အဲ့ဒါ အရင်အစိုးရကြောင့်။

ဥက္ကလာနတ်ကြီး  - အနီတွေညံ့လို့ကွ...။

ဆူးလေနတ်ကြီး  - အစိမ်းကောင်တွေ အသုံးမကျတာကွ... ။

အားလုံးပြိုင်တူ - ... အဟမ်း... အဟမ်း... အဟွတ်... အဟွတ်။

ထိုသို့ဖြင့် နတ်ကြီးများသည် လူအုပ်ကြီးကြားထဲ ဆဲရင်း ဆိုရင်း တိုင်းရင်းထွာရင်း ရောဂါကူးကုန်ကြကာ အားလုံး ဝေဘာဂီနတ်နန်းသို့ Quarantine လုပ်ရန် ပင့်ဆောင်ခြင်းခံသွားရရှာ လေတော့သတည်း။           

ဗြိတိသျှကိုကိုမောင်