News

POST TYPE

SATIRE

တရားခံ ကျိုက်ထီးရိုးသေနတ်
22-Mar-2020


ဒီကာလထဲ မောင်ဂျေတစ်ယောက် လွှတ်တော်ချန်နယ်တွေဘက် အာရုံရောက်နေတယ်။ အဲဒီလိုရောက်ပြီး စောင့်ကြည့်ဖြစ်လိုက်တဲ့အခါ လွှတ်တော်တွင်းကနေ ပြည်သူ့အရေး စွမ်းစွမ်း တမံဆောင်ရွက်နေကြတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေကို တွေ့ရတယ်။

ဝမ်းနည်းစရာက တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကို တချို့လူတွေ ဝေဖန်ကြတာပဲ။ ဘယ်လိုဝေဖန်လဲဆိုတော့ လွှတ်တော်တွင်းက ရွေးကောက်ခံ မဟုတ်သူတွေလို့ ပြောဆိုဝေဖန်ကြတာ။ ဒီလိုအသုံး အနှုန်းတွေကို ကြားရတိုင်း တပ်မတော်သားတွေအပေါ် မောင်ဂျေဖြင့် အားနာနေမိတော့တာပါပဲ။ အဲဒီဝေဖန်စကားက မမှန်လို့လားဆိုတော့လည်း မှန်နေတာပါပဲ။ မဟုတ်လို့လားဆိုတော့လည်း ဟုတ်နေတာပဲ။ သို့ပေမယ့် သူတို့ခမျာ လူထုအကျိုးအတွက် ဟောသည် လွှတ်တော် ကြီးထဲ တကူးတက၊ ဒုက္ခသုက္ခခံ၊ အငြိုငြင်ခံပြီး လာနေရတာ မဟုတ်လား။ စာနာပေးကြ၊ နားလည်ပေးကြဖို့ တော့လိုတာပေါ့။

သူတို့ခမျာ ဆိုခဲ့သလိုပဲ ပြည်သူ့အကျိုးစီးပွားတွေ၊ ပြည်သူ့အရေးအရာတွေကို ထမ်းရွက်ပေးလိုတာကြောင့် လွှတ်တော်တွင်း မထိုင်ချင်ပါဘဲ လာထိုင်နေကြရ၊ မပြောချင်ပါဘဲ ဝင်ပြောနေကြရ၊ မပါချင်ပါဘဲ ဝင်ပါနေကြရရှာသူတွေပါ။ သူတို့ ရွေးကောက်ခံမဟုတ်ရတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံရဲ့ပေးထားချက်အရဖြစ်ပြီး လွှတ်တော်တွင်းမှာ ၂၅ ရာခိုင်နှုန်းသာ နေရာရတဲ့ လူနည်းစုအဖြစ် ရပ်တည်နေရရှာတာပါ။ ပြည်သူ့အကျိုး မထိခိုက်စေဖို့ဆိုတဲ့ ထက်သန်တဲ့စေတနာနဲ့ သူတို့ မကြာမကြာ ထထကန့်ကွက်မိတာလေးကိုတော့ နားလည်ပေးစေလိုတာပါပဲ။

တကယ်တော့ တပ်မတော်ဆိုတာ ကျွန်တော် မောင်ဂျေ လူမှန်းသိတတ်စ ၁၉၈၈ ကာလနောက်ပိုင်း ကတည်းက ချစ်ခင်လေးစား နှစ်သက်အားကိုး(လေးနှစ်ကိုးဟု ချဲဂဏန်းမကောက်ယူရ) ရတဲ့အဖွဲ့အစည်း တစ်ရပ်ပါ။ တပ်မတော်အပေါ် တခြားသောပြည်သူလူထုက ဘယ်လိုသဘောထားရှိမယ် သေချာမသိပေမယ့် မောင်ဂျေ့ဘက်ကတော့ လူမှန်းသိပြီးနောက် လူလားမြောက်၊ လူလားမြောက်ပြီး အရွယ်ရောက်၊ အရွယ်ရောက်ပြီးနောက် အခုအရွယ်လွန်ကာလ ဖြတ်သန်းခဲ့ရာ အဆက်ဆက်မှာလည်း ချစ်ပြီးရင်းချစ်၊ ယုံကြည်ပြီးရင်းယုံကြည်၊ အားကိုးပြီးရင်း အားကိုးခဲ့ရတဲ့အဖွဲ့အစည်းတစ်ရပ်ပါ။

ဒီမောင် အခုလိုဖြစ်ရတာဟာလည်း သူတို့ဖြတ်သန်းခဲ့တဲ့သမိုင်းစဉ်၊ သူတို့ဖော်ဆောင်ခဲ့တဲ့ ပြည်သူ့ အကျိုးပြုတွေက သက်သေပါပဲ။ ပြည်သူလူထုအပေါ်သူတို့ ဘယ်လောက်စေတနာထားတယ်၊ ဘယ်လောက် အနစ်နာခံတယ်၊ ဘယ်လောက်ကိုယ်ကျိုးစွန့်ခဲ့ကြတယ်ဆိုတာ သမိုင်းကိုလှန်ကြည့်ရင် အထင်းသားကြီး တွေ့ရမှာပါ။ (ဒီနေရာမှာ တစ်ခုသတိပေးချင်တာက သမိုင်းကိုပဲလှန်ဖို့ပါ။ ကျန်တာတွေ သွားလှန်မိရင် ဒုက္ခများကုန်နိုင်ပါတယ်။ ဥပမာ - ထဘီလှန်မိရင် လက်ရောက် မှုနဲ့ငြိစွန်းသွားနိုင်တာမျိုးကို ဆိုလိုပါတယ်။)

ဒါတောင် ၁၉၅၈ တို့၊ ၁၉၆၂ တို့ဆိုတာ ကျွန်တော် မောင်ဂျေ မမွေးသေး၊ လူမှန်းမသိသေးလို့ပါ။ အဲဒီအချိန်ကတည်းကသာ မောင်ဂျေကိုမွေးခဲ့ပြီး လူမှန်းသိနေခဲ့ ပြီဆိုရင် တပ်မတော်ကြီးကို အဲဒီအချိန်ကတည်းက ချစ်ခင်လေးစား နှစ်သက်အားကိုး (ပါလာပြန်ပြီ ဒီလေးနှစ်ကိုး) မိမှာအမှန်ပါပဲ။

ဟုတ်တယ်လေ။ အခု ခြေ/ဥပြင်ဆင်ရေး ဆွေးနွေးပွဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကြီးများဘက်က အဲဒီ ၁၉၅၈ ခုနှစ်မှာ နိုင်ငံရေးပဋိပက္ခတွေကြောင့် အိမ်စောင့်အစိုးရက ဝင်ရောက်ထိန်းသိမ်း တာဝန်ယူခဲ့ရမှု၊ ၁၉၆၂ ခုနှစ်မှာ ပြည်ထောင်စုပြိုကွဲမယ့် အရေးအပေါ်တော်လှန်ရေးကောင်စီက တာဝန်ယူ စောင့်ရှောက်ခဲ့ရမှုနဲ့ ၁၉၈၈ ခုနှစ်မှာ အထွေထွေမကျေနပ်မှုကနေဖြစ်လာတဲ့ ဆန္ဒထုတ်ဖော်မှုအပေါ် နိုင်ငံရေး အမြတ်ထုတ်မှုတွေရှိလာတာကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က မလွှဲမရှောင်သာ နိုင်ငံ့တာဝန်ကို ယူခဲ့ရမှုတို့အကြောင်း ထည့်သွင်းရှင်းပြ၊ ပြောပြသွားကြတာများ မောင်ဂျေဖြင့် ကြက်သီးဖြန်းဖြန်းထရပါတယ်။

အဲ... အဲဒီလို ထည့်သွင်းဆွေးနွေးတဲ့အပေါ် တချို့သောသူတွေကတော့ စစ်အစိုးရခေတ်နိုင်ငံပိုင်သတင်းစာတွေကို ပြန်ဖတ်နေရသလိုပဲလို့ ဝေဖန်ကြတာတွေတော့ ရှိတာပေါ့လေ။ ဒါကလည်း တပ်မတော်ကြီးရဲ့ စေတနာ အရင်းခံအမှန်ကို သူတို့ မသိလို့ ဝေဖန်ကြတာ နေမှာပါ။

နောက်ထပ် ပြောလိုတာက တပ်မတော်ဘက်က ဘယ်လောက်အထိ ငြိမ်းချမ်းရေးလိုချင်သလဲဆိုတာပါပဲ။ သူတို့ ငြိမ်းချမ်းရေး ဘယ်လောက်လိုချင်သလဲဆိုရင် အခုခြေ/ဥပြင်ရေးဆွေးနွေးပွဲက အသံတွေသာ နားထောင်ကြည့်ပါတော့လို့ မတရားစွပ်စွဲပုတ်ခတ်နေသူတွေကို ဒီနေရာကနေ မောင်ဂျေ ပြောလိုက်ချင်မိတာပါပဲ။ ဒီလို တပ်မတော်က လိုချင်နေတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုလူတွေက ကဖျက်ယဖျက်လုပ်တုတ်နဲ့ ထိုးနေသလဲလို့တောင် ဆိုချင်မိပါတယ်။ အဲ့လိုလူတွေဟာ တိုင်းပြည်နဲ့လူမျိုး မျက်နှာမှမထောက်၊ ဆန်ကော လောက်မှစောက်မနက်၊ လူစိတ်သူစိတ်မရှိတဲ့ လူ့နလပိန်းတုံး၊ လူ့အန္ဓ၊ လူ့ခွစာ၊ လူ့ငနွားတွေလို့သာ ပျစ်ပျစ်နှစ်နှစ်ဆိုလိုက်ချင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ အားမလိုအားမရဖြစ်ပြီး ပြောချင်တာက ခြေ/ဥပြင်ရေးဆွေးနွေးပွဲမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ သူတို့ နဂိုတင်သွင်းထားတဲ့ အမည်စာရင်းအတိုင်း အယောက်စီတိုင်း ဆွေးနွေးသွားသင့်တယ်လို့ မောင်ဂျေတော့ မြင်မိတာပဲ။ သူတို့ဆွေးနွေးသွားခဲ့ကြတဲ့အထဲမှာ ပြည်သူ့ အကျိုး၊ နိုင်ငံ့အကျိုး၊ ငြိမ်းချမ်းရေး၊ အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးတွေထည့်သုံးပြီး ဆွေးနွေးသွားကြတာများ မောင်ဂျေအတွက် နောက်ထပ် ကြက်သီးဖြန်းဖြန်းထလောက်တဲ့ ဆွေးနွေးချက်တွေပါပဲ။ ကျန်စစ်သားနဲ့ စောလူးမင်းတောင် အဆစ်ပါလိုက်သေး မဟုတ်လား။ အခုတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အယောက် ၅၀ ရဲ့ဆွေးနွေးချက်ကိုသာ နားထောင်ရတာဟာ မောင်ဂျေဖြင့် အားမလိုအားမရဖြစ်လိုက်ပါဘိ။ အားလုံးပါဝင်ဆွေးနွေးခွင့်ရရင်ဖြင့် ဒီထက်ပိုပြီး အားရကျေနပ်မိမှာအမှန်ပါပဲ။

ဟော... အခု ခြေ/ဥပြင်ရေး မဲခွဲဆုံးဖြတ်ကြတဲ့အခါမှာလည်း ကန့်ကွက်မဲတွေများပြီး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်မလာတဲ့အပေါ် ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဘက်ကိုပဲ ဝေဖန်အပြစ်ဆိုကြပြန်တယ်။ အခုမဲပေးတာဟာ လျှို့ဝှက်ဆန္ဒမဲ မဟုတ်လား။ ခြေ/ဥပြင်ရေးဆွေးနွေးစဉ်ကလို မတ်တတ်ရပ်ကန့်ကွက်တာမျိုးက သိသာထင်ရှားပေမယ့် အခုမဲပေးတာက လျှို့ဝှက်ဆိုတော့ မသေချာဘဲ လျှောက်လျှောက်ပြီး စွပ်စွဲတာမျိုး မောင်ဂျေဖြင့် နည်းနည်းလေးမှ မကြိုက်ပါဘူး။ အကယ်၍များ ကန့်ကွက်သည်မှန်ရင်လည်း အထက်မှာဆိုခဲ့သလိုပဲ ပြည်သူ့အကျိုး မထိခိုက်စေဖို့ဆိုတဲ့ ထက်သန်တဲ့စေတနာနဲ့ သူတို့ကန့်ကွက်မိတာလေးကိုတော့ နားလည်ပေးစေလိုတာပါပဲ။ ပြည်သူ့အကျိုး ပျက်စီးရာပျက်စီးကြောင်းကို တပ်မတော်က ဘယ်တော့မှ မလုပ်ပါဘူး။ လုပ်ရင်လည်း တပ်မတော် မဟုတ်ဘူးဆိုတာလောက်တော့ အားလုံးသိနားလည်သင့်ပါတယ်။

ကဲ...ကဲ...ရှိစေတော့...ရှိပါစေတော့။ စာလည်း အတော်ရှည်သွားပြီ။ သမိုင်းအဆက်ဆက် ဖြတ်သန်းခဲ့တဲ့ တပ်မတော်ကြီးရဲ့ ကောင်းကျိုး၊ ကောင်းကွက်တွေကို ပြောရရင်ဖြင့် တစ်ထောင့်တစ်ညပုံပြင်လိုပဲ ဖြစ်နေမှာပေါ့။ ပြောမကုန်အောင်များလွန်း၊ ရှည်လျားလွန်းတာကို ဆိုလိုတာပါ။ အခါအခွင့်သင့်ရင်ဖြင့် နောင်များ အတွဲ(၁)၊ (၂)၊ (၃)၊ (၄)ဆိုပြီး အခန်းဆက်နဲ့ ရေးသွားပါဦးမယ်။

အခုတော့ လက်ကျန်စာမျက်နှာလေးမှာ အချိန်လုပြောချင်တာက ပိုင်ရှင်မဲ့ကျည်ဆန်ကိစ္စပဲ။ တိုက်ပွဲတွေကြား ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးကြတဲ့အခါမှာလည်း တပ်မတော်က အပြစ်မလွတ်ပြန်ဘူး။ နေရာတကာပါနေတဲ့ ပါလေရာငါးပိချက်ကြီးကို ဖြစ်လို့ ဝေဖန်နေသူတွေရဲ့ လုပ်ပေါက်ပြောပါတယ်။ သစ်ခိုးကားမိသလို၊ မူးယစ်ဆေးဝါး အချီကြီးမိသလို ဘယ်ကလာလို့လာမှန်းမသိ၊ ဘယ်သူပိုင်လို့ပိုင်မှန်းမသိ၊ ဘယ်သူနဲ့ဆိုင်လို့ဆိုင်မှန်း သေချာ ဂဃနဏမသိတဲ့ ကျည်ဆန်ကို ဒီတပ်မတော်ပဲ လက်ညှိုးလာလာထိုးတာကတော့ သိပ်ကိုလွန်လွန်းလာပြီလို့ ဆိုချင်တာပဲ။

ပိုင်ရှင်မဲ့ကျည်တွေ ဘယ်ကလာသလဲ မသိရင် သေချာမှတ်ထား။ အဲဒါ ကျိုက်ထီးရိုးသေနတ်တွေက လာတာ။ ဘာလဲ။ ဒီလိုပြောလို့ မျက်လုံးကြီးပြူးကြည့်နေပြီ မဟုတ်လား။ လာပြူးမကြည့်နဲ့။ ကြည့်ချင် ပဲခူးတိုင်းဝန်ကြီးချုပ်ကို သွားကြည့်။ ပြည်တွင်းစစ်ဖြစ်တာ ကျိုက်ထီးရိုးကလာတဲ့ ဝါးသေနတ်တွေကြောင့်လို့ သူပဲပြောခဲ့တာ။ ကျိုက်ထီးရိုးသေနတ်တွေကြောင့် ပြည်တွင်းစစ်ဖြစ်။ ပြည်တွင်းစစ်ဖြစ်တော့ ပစ်ကြ၊ ခတ်ကြ။ ပစ်ကြ၊ ခတ်ကြတော့ ဒေသခံတွေကိုထိ။ ဒေသခံတွေထိတော့ ပိုင်ရှင်ကမပေါ်။ အေး...နောက်ဆုံး အရင်း စစ်လိုက်ရင် တာဝန်အရှိဆုံး လက်သည်တရားခံဟာ ကျိုက်ထီးရိုးသေနတ်ပဲဆိုတာ သိကြဖို့လိုတယ်။ အားအားရှိ တပ်မတော်ပဲ လက်ညှိုးထိုးမနေကြနဲ့။

အဲဒီပိုင်ရှင်မဲ့ကျည်ဆန်တွေကလည်း လွန်လွန်းတယ်ဆိုရမယ်။ အိမ်ထဲမှာ သူ့ဟာသူနေတဲ့သူကို လာမှန်တယ်။ သေတယ်။ လမ်းပေါ် သူ့ဟာသူသွားနေတဲ့ သူကို လာမှန်တယ်။ သေတယ်။ ရွာထဲမှာ ကစားနေတဲ့ ကလေးအပေါ်ကျတယ်။ သေတယ်။ ယုတ်စွအဆုံး စစ်ပွဲကိုကြောက်လို့ တောထဲဝင်ပုန်းတဲ့သူကို လာမှန်တယ်။ သေပြန်တယ်။ တစ်နေ့ကပဲ ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး သေသွားပြန်တယ်။

ဒီလောက် ဆိုးသွမ်းတဲ့ပိုင်ရှင်မဲ့ကျည်ဆန်တွေ ကိစ္စတုံးဖို့လိုတယ်။ ပြည်တွင်းစစ်ဖြစ်စေတဲ့ ကျိုက်ထီးရိုး သေနတ်တွေကိစ္စ သိမ်းဖို့လိုတယ်။ အဲဒီအတွက် လုပ်စရာနှစ်နည်းပဲရှိတယ်။ တစ်နည်းက ထွက်လာသမျှ ကျိုက်ထီးရိုးသေနတ်တွေကို မီးရှို့ဖျက်ဆီးဖို့၊ နောက်တစ်နည်းက အဲဒီသေနတ်ထုတ်လုပ်သူတွေကို ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေဆီ မတက်မနေရ အတင်းဖိတ်ခေါ်။ ငြိမ်းချမ်းရေးဆွေးနွေးခိုင်း။

ဒါဆို ပြည်တွင်းစစ်လည်းရပ်တန့်၊ ငြိမ်းချမ်းရေးလည်းရ၊ တိုက်ပွဲဖြစ်ရာဒေသတွေဆီက လူထုကိုဒုက္ခပေးနေတဲ့ ပိုင်ရှင်မဲ့ကျည်ဆန်တွေလည်း ချုပ်ငြိမ်း။ တစ်ချက်ခုတ်ရာကနေ နှစ်ချက်၊ သုံးချက်ပြတ်မယ့်ကိစ္စပဲမဟုတ်လား။ ကဲ... ဘယ်လောက်နိပ်လိုက်သလဲ။

မောင်ဂျေ