News

POST TYPE

SATIRE

အတိုက်အခံဗြိ
18-Mar-2020


တော်လှန်သောဗြိ ပြန်လာပြီ။ ဘာကို တော်လှန်မှာတုံး ဆိုတော့ကာ...

အိမ်း..ဒီခေတ်ဒီခါ တော်လှန်စရာ ဘာများရှိသတုံး။ ရဲဘော်မေမေ အစိုးရကိုပဲပေါ့။

ဘယ်ပုံဘယ်နည်း တော်လှန်မည်နည်းဆို။

အို...ကွန်မြူနစ်အကြမ်းနည်းက ခေတ်ကုန်ပြီပဲ။ ဒီမိုကရေစီနည်းကျကျ အတိုက်အခံလုပ်ပြီး တော်လှန်မှာပေါ့။အစိုးရကောင်းတို့မည်သည် အတိုက်အခံကောင်းရှိရစမြဲတဲ့။ ဒီတော့ အစိုးရကောင်းဖို့ အရေးအတိုက်အခံကောင်းတွေ လိုပြီမဟုတ်ပေလားဗျာ။

ခုဆို ကိုရိုနာဗိုင်းရပ်စ်ကလည်း ခေါဘဏီသောပုလိပ်တပ်ကြီး ဝိုင်းခံရတဲ့ နှစ်ရာကြေးဖဲဝိုင်းလေးလို မျက်နှာမွဲ မြန်မာပြည်ကို ဝိုင်းထားလေရဲ့။

ဥက္ကာပျံကြီးကလည်း လာနေပြီဆိုလား။

ဒီလို ကမ္ဘာ့ကပ်ဆိုးကြီးတွေကြား ဗိုင်းရပ်စ်မရှိသေးတဲ့ မြန်မာပြည်လေး ဗိုင်းရပ်စ်အလွန်ကာလမှာ လက်မထောင်နိုင်အောင် အလို့ငှာ မောင်ဗြိတစ်ယောက် အတိုက်အခံလုပ်ဖို့ ဆုံးဖြတ်ခြင်းရယ်ပါ။

ဟုတ်ပြီ။ အတိုက်အခံလုပ်တာတော့ ဟုတ်ပါပြီ။ အတိုက်အခံဆိုတာ ဘုံဆိုင်မှာ သူများဒကာခံသမျှ အရက်လိုက်သောက်တဲ့ ကုန်းဆင်းအတိုက်အခံလို အလွယ်လေးမဟုတ်ဘူး။

အတိုက်အခံဆိုတာ နောက်ခံနိုင်ငံရေးအင်အားစုရှိမှ ဖြစ်တာ။

ဘယ်မလဲ။ နင့် အတိုက်အခံအင်အားစု။

ကျောင်းသင်္ကြန်မှာ ကပြီး ခုန်ပြီးမှ ကိုရိုနာကို အရေးပေါ်ကြောက်လာလို့ စာမေးပွဲတွေ စတော့ခိုင်းတဲ့ ကျောင်းသားတွေလား။

ဒါမှမဟုတ် ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရလို့ မကျေနပ်ကြတဲ့ ရုပ်ရှင်ချစ်သူတွေလား။

ဘုရားပွဲတွေ ပါမစ်ပိတ်တော့ အမျိုးဘာသာသာသနာပျက်ပြီအော်နေတဲ့ ဖုန်ရှူ ဖင်နှိုက် ပွဲကြိုက် မောင်တွေလား။

နို့ ဘယ်သူတွေကို နင်စည်းရုံးမှာလဲဆို။

နိုး...နိုး...နိုး။

မောင်ဗြိဟာ ဒီလောက်ညံ့လိမ့်မလားဗျာ။

နိုင်ငံရေးမှာ ဘယ်လူတန်းစားကို အခြေခံမယ် ဆိုတဲ့ ကိုယ့်ဘက်ဂရောင်းကာလာကို အချိန်မတန်ဘဲ ထုတ်မရှိုးရဘူးတဲ့ဗျ။

နိုင်ငံရေးဆိုတာ ပါးပါးလေး။ အထူးသဖြင့် အတိုက်အခံနိုင်ငံရေးဆိုတာ ပိုဖြင့် ခက်သေးတယ်။

မောင်ဗြိရဲ့ ပုလင်းခွက်လှည့် ဘကြီးမူးမြင့်အောင်က တစ်ခါပြောဖူးတယ်။

အခုဆို အရင်အတိုက်အခံဘဝကလာတဲ့သူတွေ အစိုးရဖြစ်တော့ အစိုးရဖြစ်ရတာ မလွယ်ဘူးဆိုတာ သိသွားတယ်။

အစိုးရဘဝက ဈာန်လျှောသွားတဲ့သူတွေကလည်း အတိုက်အခံဖြစ်တော့ အတိုက်အခံဖြစ်ရတာ မလွယ်ဘူးဆိုတာ သိသွားတယ်တဲ့။

ပြည်သူတွေကလည်း ဘယ်သူဘာဖြစ်ဖြစ် ငါတို့လည်း မလွယ်ဘူးဆိုတာ သိသွားတယ်တဲ့။

အခုအရွယ်မှ ကျည်ပွေ့အတက်ပေါက် (အင်း... သူ့ပုံက ကျည်ပွေ့လောက်တော့ ရှိဟန်မတူဘူးဗျ)  ဝါးတူလောက်ဆိုတော့ ဝါးတူအတက်ပေါက်ပြီး ရန်ကုန်တက္ကသိုလ်၊ မြန်မာစာကျောင်းသားလုပ်နေတဲ့ ဘကြီးမူးမြင့်အောင် ပြောတာနော်။

ကျွန်တော်မောင်ဗြိ အာဘော်မဟုတ်ပါ။

အိမ်း... ပြန်ဆက်ကြဦးမယ်ဗျာ။

ဒီလို မလွယ်တဲ့ နိုင်ငံတော်ကြီးရဲ့ မလွယ်တဲ့ နိုင်ငံ ရေးကြီးမှာ ဗြိဟာ အတိုက်အခံအင်အားစုကို ဦးဆောင်တော့မှာဆိုတော့ ဒီကောင် မလွယ်တဲ့ကောင်ပါလားလို့သာ မှတ်ကြဗျာ။

ဘယ်ပုံဘယ်နည်းများ အတိုက်အခံလုပ်မလဲ။

မတ်တတ်ရပ်၊ ထိုင်ထတွေပဲ လေ့ကျင့်နေမလား။မိုက်ပေးပါ မိုက်ပေးပါ အစချီတဲ့ ရတုလင်္ကာတွေပဲ ရွတ်နေမလား။

အဲ့ဒါတွေ တစ်ခုမှ မလုပ်ဘူး။

သူတို့ထက် မြင့်တဲ့သူတွေ၊ နည်းပညာတွေနဲ့ပဲ မောင်ဗြိဟာ မြန်မာ့အတိုက်အခံအင်အားစုကို ဦးဆောင်မှာ။

အဲ့ဒီလို ကြွေးကြော်သံပြီးသကာလ မောင်ဗြိတစ်ယောက် ပထမဆုံး ကန်တော်လေးဘက်က ဘုန်းကြီးကျောင်းတစ်ခုမှာ ဒုလ္လဘသွားဝတ်လိုက်တယ်။ ဘုန်းကြီးကျောင်းဆိုတဲ့အတိုင်း လာရောက်ခိုကပ်နေတဲ့ ဒုက္ခသည် သုနခအုပ်စုက အများကြီး။

ဘဘုန်းတို့ ဆွမ်းကျန်၊ ဟင်းကျန်တွေကို မှီခို နေတဲ့ အောင်နက်၊ ကုတ်ကျား၊ မြီးတို၊ ဖြူမ၊ ရမ်ဘို၊ ထိပ်ကွက်၊ မွှေးကြဲတို့တစ်တွေနဲ့ မောင်ဗြိ အဖွဲ့ကျနေတယ်တဲ့။

တစ်ခါတစ်ခါ ဒီခွေးအုပ်ကြီးနဲ့ စကားတွေပြောလိုက်၊ နိုင်ငံရေးတရားတွေ ဟောလိုက်လုပ်နေတော့ ကျောင်းက ကိုယ်တော်တွေကတောင် ဒုလ္လဘမောင်ဗြိကို ကွက်ကြည့်ကွက်ကြည့် ဖြစ်လာတယ်။

ဒီဒုလ္လဘကိုယ်တော်ဟာ မာဂဓစကားပဲ တတ်တာလား၊ ဒါမှမဟုတ် ရူးများနေလားဆိုပြီး ကျောင်းက နှင်ထုတ်ချင်လာကြပေရဲ့။

တကယ်က မောင်ဗြိဟာမာဂဓစကား တတ်တာမဟုတ်ဘူး။

သူက အောင်နက်တို့ဂရုကို လူစကားသင်ပေးနေတာတဲ့လေ။

အလိုလေး။

အတိုက်အခံအင်အားစုကို ခေါင်းဆောင်မယ် ကြွေးကြော်ပြီး ဘုန်းကြီးပြေးဝတ်တယ်။ အခုကျကျောင်းနားက ခွေးတွေကို လူစကားသင်ပေးနေပြန်သတဲ့။

မောင်ဗြိတစ်ကောင်တော့ ဝူဟန်ကြောက်လို့ ဂေါက်သွားရှာပြီလို့ လူတွေထင်ကုန်ကြတယ်။

ဘယ်သူတွေဘာပြောပြော ခုဆိုအောင်နက်တို့ အုပ်စုဟာ ဆရာမောင်ဗြိ အသင်အပြကောင်းလို့ အရင်လို အာဝု အာဝု ဝုတ် ဝုတ်ကနေ လူလို တစ်လုံးစ နှစ်လုံးစ ပီလာပါပြီ။

ဟော့ သုံးလုံးစ လေးလုံးစ ပီလာပါပြီ။

ဒီလိုနဲ့ ဆရာတော်ဆီက လူထွက်ခွင့်လျှောက်ပြီး လူထွက်တဲ့နေ့မှာတော့ အတိုက်အခံခေါင်းဆောင်လောင်း ဗြိဟာ အောင်နက်တို့တစ်သိုက်ခြံရံပြီး ရပ်ကွက်ထဲ ပြန်ဝင်လာပါတော့တယ်။

"ငါသည်ကား အတိုက်အခံအစစ် ဧကန် ဖြစ်ချေပြီ... ငါ့တွင် နောက်လိုက်နောက်ပါ အတိုက်အခံ အင်အားစု ရှိပေပြီ"
မောင်ဗြိဟာ လက်ထဲက အမဲရိုးကိုမြှောက်ပြီး ထိုနှယ် ကြွေးကြော်လိုက်ချိန်မှာတော့...

အတိုက်အခံဆရာကြီးဗြိရဲ့ နောက်လိုက်အောင်နက်တို့အုပ်စုဟာ ဆရာကြီးဗြိ သင်ပေးထားတဲ့ လေးလုံးသော လူစကားကို ပီပီသသကြီး အူလိုက်ပါတော့တယ်။

"ကာလုံ ခေါ်ပေး"

ဗြိတိသျှကိုကိုမောင်