News

POST TYPE

SATIRE

ဝူဟန်ကြောင့်ပျော်ကြသူများ
15-Mar-2020
ဝူဟန်ကြောင့် ပျော်ကြသူများ

တရုတ်ပြည် ဝူဟန်မြို့ကစတင်တဲ့ ကိုရိုနာဗိုင်းရပ်ဟာ ကမ္ဘာတဝှမ်းကို ဒုက္ခပေးနေပါပြီ။လက်ရှိ အချိန်အထိ သေဆုံးသူ ငါးထောင်ကျော် ကူးစက်ခံရသူ တစ်သိန်းကျော်ရှိနေပါတယ်။ ဒါကြောင့် ဒီလို စိတ်မကောင်းစရာအကြောင်းကို မရေးချင်ပါဘူး။ ဒါပေမဲ့ ဝူဟန်ကြောင့် ပျော်နေကြသူတွေရှိတယ်ဆိုတာကိုလည်း ပြောပြချင်ပါသေးတယ်။

ဝူဟန်ရောဂါဟာ ကမ္ဘာ့မှာတောင် အရေးပေါ်အခြေအနေအဖြစ်ကြေညာထားရပေမဲ့ မြန်မာပြည်မှာ မဖြစ်သေးတာတော့ အံ့သြစရာပါပဲ။မြန်မာပြည်ဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းမိုင်ထောင်ချီ ထိစပ်နေတယ်။ပြီးတော့ တရုတ်တွေဟာလည်း မြန်မာပြည်ကို ဝင်ချင်သလိုဝင်ထွက်ချင်သလိုထွက်။ လေယာဉ်တွေကလည်း ပုံမှန်ဆိုက်ပါသေးတယ်။ဒါတောင် မြန်မာပြည်မှာ ဒီဝူဟန်ဗိုင်းရပ်စ်မတွေ့ဘူးဆိုတော့ တော်တော်လေး အံ့သြဖို့ကောင်းတာပေါ့။ 

အချို့ကလည်း သုံးသပ်ကြပါတယ်။ မြန်မာတွေရောဂါပြီးနေတာတဲ့။ ဘာလို့လဲဆိုတော့ ပိုးသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေပါတဲ့ အစားအစာတွေကို နေ့တိုင်းစားပြီး ကာကွယ်ပြီးသားဖြစ်နေလို့ နေမယ်တဲ့။

ဒါမှမဟုတ်အပူပိုင်းဒေသမို့ ရောပါပိုးတွေသေကုန်သလား။အချို့ကလည်း မြန်မာတွေ ခြင်ကိုက်ခံရတာများလို့ ရောဂါကာကွယ်နိုင်တာတဲ့။

ဟုတ်မလားတော့မသိပါဘူး။ ဒီရက်ပိုင်းတော့ ရန်ကုန်မြို့မှာ ယခင်နှစ်တွေကထက် ခြင်တွေပေါလာတာအမှန်ပါပဲ။ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ ဝူဟန်ရောဂါ မဖြစ်သေးတာတော့ အမှန်ပါပဲ။ကျန်းမာရေးဝန်ကြီးဌာနက ဖုံးကွယ်ထားရင်လည်း ရေရှည်ဖုံးကွယ်လို့ ဘယ်ရမလဲ။

မြန်မာပြည်မှာသာ မဖြစ်တာ။မြန်မာပြည်က ပြန်သွားတဲ့ ကိုရီးယားနိုင်ငံသူလည်း သူ့နိုင်ငံရောက်မှပဲ ရောဂါပိုးတွေ့တယ်။ဒါပေမဲ့ မြန်မာပြည်က လူတွေမှာတော့ရောဂါပိုးက မတွေ့ပါဘူး။စင်္ကာပူမှာ ရောဂါပိုးရှိတဲ့လူနဲ့ အတူနေခဲ့တဲ့လူဟာလည်း မြန်မာပြည်ကို ပြန်လာတယ် ။သူ့မှာလည်း ရောဂါပိုး ပါမလာပါဘူး။ဒါကြောင့် နောက်ပိုင်းဆို မြန်မာ့သွေးတွေကိုတောင် နိုင်ငံခြားက ဝယ်တော့မလားမသိပါဘူး။ ရောဂါမဖြစ်တဲ့ သွေးဆိုပြီးတော့ပေါ့လေ။ 

ဒါပေမဲ့လည်း စင်္ကာပူမှာတော့ မြန်မာတစ်ယောက်ဝူဟန်ရောဂါဖြစ်ပါတယ်။ ပြီးတော့ တရုတ်ပြည် ဟူပေထောင်က အကျဉ်းသား မြန်မာနှစ်ယောက်လည်း ဝူဟန်ဖြစ်ပါတယ်။ ပြည်တွင်းမြန်မာတွေကတော့ မဖြစ်ဘူးပေါ့လေ။ ပြည်တွင်းမှာ ဝူဟန်မဖြစ်သေးပေမဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနကတော့ သတိပေးထားပါတယ်။အစုလိုက်အပြုံလိုက် ရောဂါဖြစ်လာနိုင်တယ်တဲ့။ဒါကြောင့် ပွဲလမ်းသဘင်တွေ ရှောင်ရှားကြပါတဲ့။ဒါပေမဲ့ မြန်မာတွေဟာ ပွဲကြိုက်ခင်တွေမို့ ပွဲတော့ သိပ်မရှောင်ကြဘူး။

ဒီရက်ပိုင်းဆို ပွဲတွေကလည်း စိပ်တယ်လေ။အမေစုက နယ်အနှံ့သွားပြီး ပွဲတွေလုပ်တယ်။ ပြင်ဦးလွင်၊ လာရှိုး၊ ကျောက်မဲ နယ်စုံပါပဲ။ 

တပ်ချုပ်ကြီးကလည်း အလှူတွေလုပ်တယ်။ မွေးနေ့ပွဲတွေ တက်တယ်။ 

ဟိုဘက်ပါတီကလူတွေကလည်း အလှူတွေလုပ်တယ်။ ရွေးကောက်ပွဲတွေကလည်း တဖြည်းဖြည်းနီးလာပြီမို့ ဟန်ရေးတွေ ပြကြပြီထင်ပါရဲ့။အာဏာရဖို့ အရေးဆိုတော့လည်း ဝူဟန်ကိုဘယ်ကြောက်ပါ့မလဲနော်။

ဒါပေမဲ့လည်း မကြာမီက ဒီဝူဟန် Covid-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က ကြေညာလိုက်ပါတယ်။ အဲ့တော့ အစိုးရကလည်း ပွဲတွေလုပ်ခွင့်မပေးတော့ပါဘူး။ သင်္ကြန်ကိုပါ ရပ်နားလိုက်ရပါတော့တယ်။ ဧပြီလကုန်အထိလည်း ပွဲတွေလုပ်ခွင့်မပေးတော့ပါဘူး။ အခုဆို မူကြိုတွေလည်း ပိတ်ခိုင်းပါတယ်။ ကျောင်းတွေကတော့ စာမေးပွဲပြီးပိတ်ရမှာပေါ့လေ။ 

တစ်ခုမကောင်းတာကတော့ ရုံးတွေမပိတ်ခိုင်းတာပါ။ ရုံးတွေ မပိတ်ခိုင်းတော့ အခုထိတက်နေရတုန်းပါပဲ။ ဒါကို ရုံးသမားတွေကတော့ မကျေနပ်ကြပါဘူး။ 

တကယ်တော့ မြန်မာတွေက သတ္တိရှိပါတယ်။ဘာရောဂါဖြစ်ဖြစ် ကြောက်နေတဲ့ လူမျိုးထဲမှာ မပါကြပါဘူး။ဒီဝူဟန်ရောဂါမတိုင်မီက မြန်မာပြည်မှာ H1N1 ဖြစ်လိုက်သေးတယ်။လူတစ်ရာကျော်သေခဲ့တယ်။ဒါပေမဲ့ မြန်မာတွေကတော့ အေးဆေးပါပဲ။ အချို့ဆိုသိတောင်မသိလိုက်ပါဘူး။သေတာနည်းလို့ စိတ်မဝင်စားတာလည်း ပါမှာပေါ့လေ။

အခု သူများနိုင်ငံတွေမှာ လူသုံးထောင်ကျော်သေတယ်ဆိုတာကလည်း တကယ်တော့ မြန်မာပြည်ရဲ့ နာဂစ်နဲ့ ယှဉ်ရင် နည်းနည်းလေးပါ။နာဂစ်မုန်တိုင်းတိုက်တုန်းကဆို လူပေါင်း တစ်သိန်းသုံးသောင်းကျော်သေခဲ့တယ်။ဒါက အစိုးရစားရင်ပေါ့နော်။ စာရင်းမရှိဘဲ သေသွားတဲ့လူတွေဘယ်လောက်တောင်ရှိမလဲ ဘယ်သူမှ မသိဘူး။ဝူဟန်ကြောင့် သုံးထောင်လောက်သေတာလေးကိုတော့ မြန်မာတွေက သိပ်ရင်မခုန်ပါဘူး။

အဲ့ထက်စိတ်ဝင်စားဖို့ကောင်းတာက မြန်မာပြည်သူအချို့ဟာ ဝူဟန်ရောဂါဖြစ်တာကို ပျော်နေကြသေးတယ်။ ပျော်တဲ့လူအများစုက အိမ်ရှင်မတွေပေါ့လေ။ ဘာလို့လဲဆိုတော့ ကုန်ဈေးတွေကျလာလို့တဲ့။ ဝူဟန်ဖြစ်တော့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားတယ်။ပင်လယ်ရေကြောင်းကုန်သွယ်ရေးလည်း ရပ်တယ်။အဲ့တော့ မြန်မာပြည်က ကုန်ပစ္စည်းတွေနိုင်ငံခြားကို ပို့လို့မရဘူး။

ဖရဲသခွားလို အသီးအနှံတွေ၊ ငါးပုဇွန်ဂဏန်းလို့ ရေထွက်ကုန်တွေက ကြာရှည်ထားလို့လည်း မကောင်းဘူး။ထိန်းသိမ်းရခက်တယ်။ ပုတ်သိုးတာတွေလည်းဖြစ်နိုင်တယ်။အဲ့ကုန်ပစ္စည်းတွေ နိုင်ငံခြားကို ပို့လို့မရတဲ့အခါ မြန်မာပြည်တွင်းမှာပဲ ဈေးလျှော့ရောင်းရတော့တယ်။ဒါကြောင့် ဒီရက်ပိုင်းဆို ပုဇွန်ထုတ်တွေ ဈေးကျကုန်တယ်။ အရင်က နှစ်ထောင်ကျော်တန် ပုဇွန်ထုတ်တွေဟာ အခုဆို ရှစ်ရာတစ်ထောင်လောက်ဖြစ်ကုန်တယ်။ဂဏန်းတွေလည်းဈေးကျတယ်။ဖရဲသီးတွေလည်း ဈေးကျတယ်။ဒီတော့ မြန်မာပြည်က စားသုံးသူတွေပျော်တာပေါ့။အရင်က ဈေးကြီးပေးစားခဲ့ရတာတွေကို အခု ဈေးပေါပေါနဲ့ စားနိုင်ပြီလေ။

နောက်ပြီးတော့ ခရီးသွားတွေ။

အရင်ကဆို ဒီလိုရာသီမှာ ဟိုတယ်အခန်းခတွေဈေးကြီးပါတယ်။ပြည်တွင်းခရီးသွားတွေ တော်တော်ဒုက္ခရောက်ကြတာ။ အခန်းမရ၊ ရတော့လည်း ဈေးကြီးနဲ့ပေါ့။ဒီနှစ်တော့ နိုင်ငံခြားက လာမယ့်သူတွေလည်းမလာ။ အချို့လည်း ခရီးစဉ်တွေဖျက်။ဒီတော့ ဟိုတယ်တွေက လွတ်နေရော။အခုတော့လည်းဟိုတယ်အခန်းခတွေ ဈေးမတတ်တော့ပြန်ပါဘူး။ဒီတော့ မြန်မာပြည်သားတွေ သက်သက်သာသာနဲ့ ခရီးသွားခွင့်ရတာပေါ့လေ။

နောက်တစ်ခုကတော့ နိုင်ငံခြားကကုန်ပစ္စည်းတွေ သွင်းလို့မရတော့တာပါပဲ။အဲ့လို မသွင်းရတော့ နိုင်ငံခြားငွေမကုန်တော့ပါဘူး။နိုင်ငံခြားငွေမကုန်တော့ ဒေါ်လာဈေးတွေလည်း ထိုးကျလာပါတယ်။ဒေါ်လာဈေးကျတော့ စက်သုံးဆီဈေးတွေကျတယ်။ ရွှေဈေးတွေကျတယ်။ 

ကုန်သွယ်မှုမှာဆိုရင်လည်း ပို့ကုန်ပမာဏက များနေပြီး သွင်းကုန်ကနည်းနေပါတယ်။ဟိုးအရင်ကနဲ့ ပြောင်းပြန်ပေါ့လေ။အရင်ဆိုရင် သွင်းကုန်ကများပြီး ပို့ကုန်ကနည်းနေတာ။ဒီတော့ စီးပွားရေးတိုးတက်လာတယ်လို့တောင် ဆိုရမလိုလို။

တိုးတက်လာလို့လားတော့ မသိပါဘူး။မြန်မာဘက်ကတောင် တရုတ်ပြည်ကို လူသားချင်းစာနာမှု အကူအညီတွေပေးခဲ့သေးတယ်။ ဆေးပစ္စည်းတွေ၊ ဆန်တွေပေါ့။တချို့ဆို တရုတ်က ဝယ်ထားတဲ့ နှာခေါင်းစည်းတွေ တရုတ်ကို ပြန်ရောင်းနေတာတောင်ရှိသေး။

ဒါပေမဲ့ စိတ်မကောင်းစရာတချို့တော့ ရှိပါတယ်။အဲ့ဒါကတော့ စီးပွားရေးသမားတွေနဲ့ တောင်သူတွေ မပျော်ကြတာပါ။အကုန်ရှုံးတာကိုး။ကုန်တွေမဝင်လို့ အထည်ချုပ်စက်ရုံတွေလည်း ရပ်ကုန်ပါတယ်။ ဝန်ထမ်းတွေလည်း အလုပ်ပြုတ်ကုန်ပါတယ်။ ဒီအချိန်အလုပ်ပြုတ်ရင်လည်း ကောင်းပါတယ်။ ဟိုတယ်ခတွေ ဈေးသက်သာတုန်း ခရီးသွားခွင့်ရတာပေါ့လေ။ 

ကုန်သည်စီးပွားရေးသမားက လူနည်းစုပါ။ပြည်သူတွေကတော့ လူများစုမို့လား။ပြည်သူတွေ ပျော်ပြီဆိုတော့ ကောင်းတာပေါ့လေ။
ပြည်သူတွေပျော်ရင် အစိုးရလည်း စိတ်ချမ်းသာတယ်မို့လား။

ဒါပေမဲ့လည်း အစိုးရက ဟိုဟာပိတ်မယ်ဒီဟာပိတ်မယ်ဆိုတဲ့ သတင်းလည်းထွက်လာရော လူတိုင်း ဈေးထွက်ဝယ်တော့တာပါပဲ။ အဲ့တော့ ဈေးဆိုင်တွေလည်း တော်တော်ရောင်းရပါတယ်။ သို့သော်လည်း တော်တော်များများ မြန်မာတွေကတော့ ရင်သိပ်မခုန်ကြပါဘူး။ မိုးပြိုရင် လူအများကြီးထိမှာပဲ။ ကိုယ်တစ်ယောက်ထဲ ထိမှာမဟုတ်ဘူးလို့ သတ်မှတ်ထားပါတယ်။ ဒီတော့ ဈေးသည်တွေလည်း ခဏပဲရောင်းရပါတယ်။ ဈေးတွေလည်း ထူးထူးခြားခြားတက်တာမရှိသေးပါဘူး။ ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ကုန်သည်တွေလည်း ရောင်းမကုန်တဲ့ ပစ္စည်းတွေ ရောင်းလိုက်ရလို့ တော်တော်လေး ပျော်ကြပါတယ်။ 

စိုပြေကတော့ ကုန်သွယ်ရေးတွေ ပြန်မစပါစေနဲ့လို့ပဲဆုတောင်းတယ်။ဘာလို့လည်းဆိုတော့ ပုဇွန်ထုတ်တွေစားလို့မဝသေးဘူးရယ်။ပြီးတော့ ဖရဲသီးတွေလည်း ဈေးပေါပေါနဲ့ အများကြီးစားချင်သေးလို့ပါ။

စိုပြေ