News

POST TYPE

SATIRE

မောင်ဂျေနှင့် ပြည်သူ့အကျိုး
11-Mar-2020


ခြေ/ဥပြင်ရေး လွှတ်တော်ထဲတွင် ဆွေးနွေးပြီ။

ဟုတ်သည်။ အထူးသဖြင့် ဒီချုပ်အမတ်နှင့် တပ်မတော်သားအမတ်တို့ကြား တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားကြ၊ ကန့်ကွက်ကြ၊ ဝေဖန်ကြ၊ ပြစ်တင်ကြ၊ အော်ကြ၊ ဟစ်ကြနှင့် တအိအိ ခရီးနှင်လာခဲ့သည့် ၂၀၀၈ ခြေ/ဥပြင်ဆင်ရေး ခရီးကြမ်းကို နှင်သည့်ကာလဟုဆိုရမည်။ 

ဘယ်လောက်တောင် ခရီးကကြမ်းသလဲဆိုလျှင် စဆွေးနွေးသည့်နေ့တွင်ပင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ ဝူးဝူးဝါးဝါး (အော်သည်ကိုသာသိပြီး ဘာသံမှ ပီပီပြင်ပြင်မကြားရဟုဆိုလို) အော်သံက လူကိုလန့်သွားစေသည်အထိဖြစ်သည်။ 

“ဟဲ့ပလုတ်တုပ်...ဘာတွေဖြစ်ကုန်ပြီလဲဟဲ့” ဟု ပင် နှုတ်ကထွက်မိကာ မျက်စိထဲတွင်လည်း လမ်းမထက် အစီအရီမောင်းနှင်လာသည့်တင့်ကားများ၊ တက်ညီ လက်ညီချီတက်လာသည့် တပ်မတော်သားများကိုသာ အကွင်းလိုက်၊ အကွက်လိုက်မြင်မိတော့သည်။ (ယူနီဖောင်းဝတ် တပ်မတော်သားကိုမြင်သည့်အတွက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို သတိရမြင်ယောင်မိခြင်းကို ဆိုလို။)

“ဗိုလ်ချုပ်...ကြမ်းတမ်းရုန့်ရင်းတဲ့ အမူအရာတွေ မသုံးပါနဲ့...မေတ္တာရပ်ခံပါတယ်”ဟု လွှတ်တော် နာယကကြီး၏ ဟန့်သံထွက်လာမှသာ စိတ်သက်သာရာရခဲ့သည်။ ထိုနေ့တွင် လွှတ်တော်ချန်နယ်ကို မောင်ဂျေ ကြည့်ဖြစ်လိုက်သည်။ အစကကြည့်ဖို့ မရည်ရွယ်။ လွှတ်တော်အမတ်တွေတောင် အိပ်ငိုက်၊ အိပ်ပျော်တတ်သည့် ထိုအစည်းအဝေးမျိုးကို မောင်ဂျေလို အအိပ်မက်သူအဖို့ ကိုယ်နှင့် ဓာတ်မတည့်သည့်အရပ် ဒေသ၊ ကိုယ်နှင့်ဓာတ်မတည့်သည့် အစားအစာသဘောမျိုးသာ ထားခဲ့သည်။ စိတ်မဝင်စားခဲ့။ သည်နေ့တွင်တော့ ကြည့်နေရင်းဖြင့်ဆိုခဲ့သလို ဝူးဝူးဝါးဝါး အော်သံကစကာ မောင်ဂျေ့ကို လွှတ်တော်ချန်နယ်က ဆွဲဆောင်သွားသည်မှာ နာယကကြီးက “လွှတ်တော် ရပ်နားပါမယ်”ဟုဆိုကာ တူထုလိုက်သည့်အချိန်ထိဖြစ်သည်။ ထင်သည့်အတိုင်း ပွဲကကြည့်ကောင်းခဲ့သည်။ ထိုနေ့မှစပြီး နောက်ရက်၊ နောက်ရက်တွေလည်း လွှတ်တော်ချန်နယ်ကို ဆက်ကာဆက်ကာ ကြည့်ဖြစ်ခဲ့သည်။ ကြည့်ဖြစ်ခဲ့တော့ စိတ်ဝင်စားစရာတွေ တွေ့ခဲ့၊ မြင်ခဲ့ရသည်။ 

ရှေ့ဆက်ရန်အတွက် သည်နေရာတွင် မိမိအကြောင်း အနည်းငယ်ကို စကားဖြတ်ပြောလိုသည်။ သည်ကာလထဲ မောင်ဂျေ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဖို့ အချိန်ပေးစဉ်းစားဖြစ်သည်။ စီစဉ်ဖြစ်သည်။ မိတ်ဆွေများနှင့်လည်း တိုင်ပင်ဖြစ်သည်။ ကိုယ်ပိုင်ဆိုသဖြင့် ပိုက်ဆံရှိ၍တော့မဟုတ် အရာရာကျပ်တည်း နေသည့်ခေတ်တွင် မီရာ နှီးတစ်ဖျားကို လှမ်းဆွဲရန် ကြံခြင်းသာဖြစ်သည်။ ရှိစုမဲ့စု ငွေစကြေးစလေးဖြင့် လုံလောက်အောင်လည်း စဉ်းစားရသည်။ လုပ်မိသည့် စီးပွားရေး ကိုယ့်အတွက်မဟုတ်ဘဲ သူများအတွက် ဖြစ်မည်ကိုလည်း တွေးပူရသည်။ လိမ္မော်သီးသည်လို ရှိစုမဲ့စုလေး ပုဆိန်နှင့်အပိုင်းခံနေရသည့်အဖြစ်ရောက်မည်ကိုလည်း စိုးရိမ်ရသည်။ 

ခုလုပ်၊ ခုထကြီးပွားနိုင်သည့် ဘီယာဆိုင်၊ အရက်ဆိုင်ဖွင့်ရန် တွေးဖြစ်သည်။ ဦးနှောက်က လက်မခံ။ သူများတကာအကြောင်းပြသလို အကုသိုလ်အလုပ်၊ ဘုရားမကြိုက်သည့်အလုပ်ဆိုသည့် အကြောင်းပြချက်ဖြင့် လက်မခံခြင်းတော့မဟုတ်။ ထိုဆိုင်များဖွင့်လျှင် မောင်ဂျေနှင့်ရောင်းရင်းများ လက်ချက်ဖြင့် တစ်ရက်တည်းဖြင့် အရင်းပါ ပြုတ်သွားနိုင်သည့်အတွက် စိတ်ကလက်ခံလိုသော်လည်း ဦးနှောက်က လက်မခံ။ ခါးခါးသီးသီးငြင်းဆန်သည်။ 

နောက်ဆုံးတော့ အမြတ်ခပ်ကြမ်းကြမ်းကျန်သည့် နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်သည့် ဆေးဆိုင်ဘက်တွေးမိသည်။ ရန်ကုန်မြို့ထဲတွင် ဆေးဆိုင်များက မှိုလိုပေါက်နေသဖြင့် ဆင်ခြေဖုံးလိုနေရာတွင်ဖွင့် ရန်ကြံမိသည်။ စနည်းနာကြည့်သည်။ ဆင်ခြေဖုံးတွင်လည်း ကိုယ့်ထက် အကြံဦးသူများဖြင့် ပြည့်နေခဲ့ပြီ။ သည်လိုဆိုတော့ မောင်ဂျေ့စီးပွားရေး ပထမခြေလှမ်းမှာတင် ရပ်နေပြီး တွေဝေနေချိန် ယခုလိုလွှတ်တော် တွင်း ခြေ/ဥပြင်ဆင်ရေးပွဲနှင့် တိုးခြင်းဖြစ်သည်။ 

လွှတ်တော်ချန်နယ်ကို ခြေ/ဥဆွေးနွေးသည့် ခုနစ်ရက်တိတိ ဆက်တိုက်ကြည့်ပြီးနောက် စီးပွားရေး အကွက်အကွင်းတစ်ခုကိုလည်း မြင်လိုက်ရသည်။ သည်အကွက်အကွင်း အသိနောက်ကျလှလေခြင်းဟု ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ပင်ဖြစ်မိသည်။ လွှတ်တော်ချန်နယ်ကို ဟိုး ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ကြည့်ခဲ့မိလျှင် အကောင်းသားဟုပင် နောင်တ စိတ်ဖြစ်မိသည်။ 

မောင်ဂျေမြင်သည့် စီးပွားရေးအကွက်အကွင်း မှာ “အိမ်နောက်ဖေး ဈေးဆိုင်တညဆိုသလိုပင် လွှတ်တော်နောက်ဖေး ဈေးဆိုင်တည်မည့်အစီအမံ ဖြစ်သည်။ ဆေးဆိုင်ဖွင့်ရန် လွှတ်တော်ဧရိယာသို့ မောင်ဂျေ မျက်စပစ်မိသည်။ လိုအပ်ချက်ကို စနည်းနာကြည့်သည်။ ရောင်းနိုင်လျှင် ပြိုင်ဘက်မရှိရောင်းအား ကောင်းမည့်နေရာဖြစ်သည်ကို တွေ့ရသည်။ ဝယ်လို အားကောင်းမည့်နေရာ အကွက်အကွင်းကြီးဖြစ်သည်။ 

မြေနေရာကိုဖြင့် ငှားရမည်။ ရှိစုမဲ့စုငွေဖြင့် မဝယ်နိုင်။ တစ်လောက နေပြည်တော်စည်ပင်က အရစ်ကျစနစ်ဖြင့်ရောင်းသည့် မြေဈေးပင် အနားမကပ်နိုင်။ ကိုယ်လိုချင်သည့်နေရာလည်း ရမည်မဟုတ်၊ မဲနှိုက်ရသည်ဖြစ်ရာ မောင်ဂျေ ဖွင့်ချင်သည့် လွှတ်တော်အနီး ရဖို့မလွယ်။ သည်တော့ ငှားရမ်းသည့်နည်းကသာ အဆင်အပြေဆုံးဖြစ်မည်။ အဲ ... တစ်ခုတော့ရှိသည် ဆိုင်ခန်းအဆောက်အအုံကိုတော့ဖြင့် ကိုယ့်စရိတ်နှင့် ကိုယ် အကုန်အကျခံကာ အရပ်ထဲက လက်သမား၊ ပန်းရန်သမားများခေါ်၍ မဖြစ်ဖြစ်သည့်နည်းဖြင့် ဆောက်ရမည်။ သို့မဟုတ်လျှင် “ဟောဒီအဆောက်အအုံ ဘယ်သူဆောက်ပေးသလဲ”ဆိုကာ မေးခွန်း ထုတ်ခြင်းခံနေရလျှင် ခက်ချေမည်။ 

ထိုဆေးဆိုင်တွင် ဗစ်ဘီဒန့်လို၊ နျူရိုပီယံလို အာရုံကြောဆေးများ များများတင်ရမည်။ အော်ရာမင်ဂျီလို အားဆေး တံဆိပ် အမျိုးစုံနိုင်သမျှစုံအောင်တင်မည်။ လိပ်ခေါင်းဆေးလည်း တင်ရမည်။ အဲ... ရာသီစာ ဖြစ်သည့် နှာခေါင်းစည်းကိုတော့ ဝယ်လှောင်နိုင်သမျှ လှောင်ထားမည်။ ဖြစ်နိုင်လျှင် ဂိုဒေါင်နှင့်ပါထားချင်သည်။ ကိုရိုနာအရေးကလည်း မအေးသေးသည့်အခြေအနေတွင် လှောင်ထားနိုင်လျှင် အမြတ်ချည်းဖြစ်မည်။ ယခုဆိုလျှင် ထိုနှာခေါင်းစည်းဈေးမှာ မူလဈေးထက် လေး၊ ငါး၊ ဆယ်ဆတင်ရောင်းနေကြသည်ဟုဆိုသည်။ တပ်မတော်သားအမတ်များ နှာခေါင်းစည်းကို တညီတညွတ်တည်း တပ်ဆင်လာကြသည်ကို တစ်နေ့က တွေ့ရသည်။ မောင်ဂျေ့အတွက် တအားဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်မှ အမတ်အားလုံးတပ်ကြလျှင် မောင်ဂျေ ထောပြီ။ တပ်မတော်သားအမတ်များ လက်ထဲတွင် နှာခေါင်းစည်းသာမက လက်သန့်ဆေးရည်ပုလင်းများလည်း တွေ့ရသည်။ ဆိုင်တွင် မဖြစ်မနေတင်ရမည့်စာရင်းတွင် ရေးမှတ်ထားလိုက်ပြီ။ 

မည်သည့်ပစ္စည်းများ ဆိုင်ပေါ်တင်ရောင်းရ မည်ကိုသိရန်မှာ လွှတ်တော်ချန်နယ်ကို နေ့စဉ်မပြတ် စောင့်ကြည့်ပေးဖို့လိုမည်။ ဒဏ်ကြေဆေး၊ ပတ်တီး၊ ဂွမ်းလိပ်တို့လည်း ဆောင်ထားရမည်။ လိုအပ်လာနိုင် သည်။ ခြေ/ဥကိုပြင်ရေး ဆွေးနွေးခဲ့သည်မှာ အကြိတ်အနယ်ရှိလှသည်။ လွှတ်တော်အမတ် ၁၄၇ ဦးတို့က ခုနစ်ရက်တိုင်တိုင် သူတစ်ပြန်၊ ကိုယ်တစ်ပြန် ဆွေးနွေး ခဲ့ကြသည်။ ထိုမှတစ်ဖန် ခြေ/ဥပြင်ဆင်ချက်များအတည် ပြုနိုင်ရေး ခြေ/ဥပြဋ္ဌာန်းချက်အတိုင်း ဆန္ဒမဲခွဲကြပြန် သည်။ လွှတ်တော်အမတ်များကြား အကြိတ်အနယ် ထပ်ဖြစ်ကြဦးမည်။ အချိန်ရသေးသည်၊ လိုအပ်မည့် ဆေးဝါးစာရင်း သည်ရက်ထဲ ပြုစုထားရမည်။

ထိုဆေးဆိုင်နှင့်တွဲကာ ဖွင့်ချင်သည့်အခြား လုပ်ငန်းအချို့လည်း ရှိနေသေးသည်။ မောင်ဂျေ့ကို လောဘကြီးသည်ဟုလည်း မမြင်စေလို။ လိုအပ်၍ဖြစ်သည်။ သင်တန်း သုံး၊ လေးခုလောက်ဖွင့်ချင်မိသည်။ တစ်ခုက ဗဟုသုတဆိုင်ရာ လေ့လာနည်းသင်တန်း ဖြစ်သည်။ မဖြစ်မနေလိုအပ်နေသည့်သင်တန်းဖြစ်သည်။ နောက်တစ်ခုက ဥပဒေ၊ နည်းဥပဒေများအား ကျွမ်း ကျင်ပိုင်နိုင်စွာ အလွတ်ကျက်မှတ်ပြောဆိုခြင်းသင် တန်းဖြစ်သည်။ ပုံကောင်းကောင်းပြောနိုင်ရန် ပုံပြော နည်းသင်တန်းကိုလည်း ဖွင့်ချင်သေးသည်။ ခြေ/ဥပြင် ဆင်ရေး ဆွေးနွေးကြရာတွင် ပုံတိုပတ်စများ၊ စကားပုံ များထည့်သွင်းပြောဆိုဆွေးနွေးကြသည်ကို တွေ့ရသည့် အတွက်ဖြစ်သည်။ နောက်ထပ်တစ်ခုက လွန်စွာအရေး ကြီးသည်။ ယဉ်ကျေးလိမ္မာသင်တန်းဖြစ်သည်။ ထိုသင်တန်းအတွက် အောင်လက်မှတ်ထုတ်ပေးမည်။ လိုအပ်လျှင် မော်ဒယ်လ်မိခင်ကြီးကိုပါ ထိုသင်တန်းများတွင် အချိန်ပိုင်းဝင်ပေးရန် အကူအညီတောင်းခံသွားမည်။ 

ဆိုင်ဖွင့်ရန်အတွက် နောက်ဆုံးတစ်ခုသာ လုပ်ရန်ကျန်တော့သည်။ ဆိုင်အမည်ပေးရန်ဖြစ်သည်။ လွှတ်တော်အတွင်းမှာ မကြာမကြာသုံးစွဲတတ်သည့် စကားရပ်ကိုသာ အမှတ်တရအဖြစ်ယူလိုက်မည်။ “ပြည်သူ့အကျိုး” ဖြစ်သည်။ မောင်ဂျေ့ဆိုင်ရှေ့ရောက်တိုင်း ထိုအမည်ကို နှုတ်မှရွတ်ကြမည်။ ထိုအမည်ကို ကြားတိုင်း ခြေ/ဥပြင်ဆင်ခြင်းကို သတိရကြမည်။ လွှတ်တော်ကြီးကို သတိရကြမည်။ ထိုစကားရပ်သည် လှလည်းလှသည်။ ခံ့လည်းခံ့သည်။ သုံးလို့၊ စွဲလို့၊ ပြောလို့၊ ဆိုလို့လည်းကောင်းသည်။ ပြည်သူလူထုကိုလည်း ကိုယ်စားပြုထားသည်။ 

ထိုအမည်ကို သုံးသည့်အတွက်တော့ ကြိုကန်ထားရမည်များရှိသည်။ ဆိုင်နာမည်သည် မည်သို့ပင် ဆိုစေကာမူ ထိုဆိုင်မှရရှိလာသည့်အကျိုးစီးပွားသည် မောင်ဂျေတစ်ဦးတည်း၊ မောင်ဂျေတစ်ယောက်တည်း၊ မောင်ဂျေတသီးတခြားတည်းအတွက်သာ ဖြစ်သည်။ မည်သည့်ပြည်သူတစ်ဦးတစ်ယောက်အတွက်မျှ မဖြစ်စေရ။ မည်သည့် ပြည်သူတစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်စေရဟူလို။

မောင်ဂျေ