News

POST TYPE

SATIRE

မမနှဲ ကြေကွဲတဲ့နေ့
08-Mar-2020


မမနှဲ ကြေကွဲနေတယ်။ ဟုတ်တယ်။ မမနှဲလေး တော်တော်လေး ကြေကွဲနေတယ် စဉ်းစားကြည့်ကြ။ အတွင်း သာတီဆဲဗင်း၊ အပြင် သာတီဆဲဗင်း၊ ဝင်း သာတီဆဲဗင်း ဆိုတဲ့ အစိမ်းနတ်တွေကို နတ်လွှတ်တော်ထဲကနေ မောင်းထုတ်ကြတော့မတဲ့။

ဘယ်သူတွေကမှာလဲ။ နတ်ထုက ရွေးကောက်ထားတဲ့ နတ်အစစ်ဆိုတဲ့ တာဝတိံသာ၊ ဝသဝတ္တီ၊ တုသိတာ၊ ယာမာ ဆိုတဲ့ ဟိုအပေါ်ဘုံက နတ်အမတ်တွေလေ။ နတ်စီးပုံအခြေခံဥပဒေပြင်ပြီး ဒီလိုလုပ်ဖို့အရေး နတ်သဘင်မှာ အဆိုတင်သွင်းကြတာ။ အိမ်း ... ဒီနတ်တွေနဲ့တော့ ခက်သားကလား။

မနှဲလေးတို့ဆိုတာ လူမက၊ နတ်မကျ အစိမ်းဘဝက လာကြရတယ်ဆိုပေမယ့် ဟော့ဒီနတ်လောကကို စိုးမိုးခဲ့ကြတာ နှစ်ပေါင်း နည်းတာမှမဟုတ်ဘဲ။ မိုးပေါ်ကနတ်တွေ ဘယ်လောက်တန်ခိုးကြီးကြီး၊ ဘယ်လောက်စွမ်းစွမ်း၊ ဒီအစိမ်းနတ်တွေလောက်တော့ မချမ်းသာကြဘူး။

အစိမ်းနတ်တွေက ချမ်းသာဆို လူတွေက အကျိုးစီးပွားလိုလားပြီဆို ဒီနတ်စိမ်းတွေကိုပဲ ကိုးရတာမဟုတ်လား။ နတ်ကနားပေးပြီဟေ့လားဆို ဘယ်မှာ မိုးပေါ်က နတ်တွေပါလို့တုံး။ ကနားစင်ပေါ်က ကြိုက်တဲ့နတ်ရုပ်ကို လက်ညှိုးထိုးလိုက်။ နတ်စိမ်းတွေချည်းလေ။ မြို့တကာ၊ နယ်အနှံ့ နတ်ကွန်းမရှိတဲ့နေရာများ ရှိလို့လား။ ဒါကြောင့် ပြောတာ ဘယ်နေရာကြည့်ကြည့် နတ်ပိုင်မြေဆိုတာ လက်ညှိုးထိုးမလွဲဘူး။

နိုင်ငံရေးကိုကြည့် ... နတ်စိမ်းတွေ မပါမဖြစ်။ နိုင်ငံက တချို့လူကြီးများက တစ်ခုခုဆို ရွှံ့မီးတောင်ပေါ် နတ်နဂါးစာသွားကျွေးရတာနဲ့။ ပေါက်ပေါက်ဆုပ် သွားကျွေးရတာနဲ့။

စီးပွားရေးကြည့်မလား။ အရက်ဘီယာ၊ စီးကရက်ကအစ ပဝါအဆုံး နတ်နဲ့ မဆိုင်တဲ့ ကဏ္ဍမရှိ။ နောက်ဆုံး ရုပ်ရှင်လောကတောင် အိမ်တွင်းဖေကြီးရဲ့ သမီးတော် နတ်ပရိုဂျူးရှင်းက စီးနင်းထားသေးတာ။

လူမှုရေးကြည့်မလား။ နတ်ကတော်အဆင့် မပြောနဲ့ နတ်မယားပါသမီးအဆင့်တောင် သူ့ကားဖမ်းတဲ့ မော်တော်ပီကယ်ကို ထီးနဲ့ ဆော်လို့ရသေးမဟုတ်လား။

ဒီနတ်စိမ်းတွေက နေရာတကာ ပါပါနိုင်လွန်းတယ်ဆိုပြီး ပါလေရာငါးပိနတ်တွေလို့တော့ လာမပြောနဲ့နော်။ ဟွန်း ... နတ်စိမ်းကိုင်လိုက်လို့ ၂၇ နှစ်လောက် ဖွတ်တက်သွားမယ်။ နတ်စိမ်းတွေဆိုတာ နှယ်နှယ်ရရ မဟုတ်ဘူး။ ခုနစ်ရက်သားသမီးကို ချောက်ထဲကျဖို့ တစ်လက်မအလိုမှာ စေတနာမေတ္တာဗလပွနဲ့ အနစ်နာခံ ကယ်တင်ပေးထားကြရတာ။ ဒါကြောင့် နတ်ကတော်သာ အမိ၊ နတ်ကတော်သာ အဖ ဆိုတာကို နှလုံးသွင်းထားကြစမ်းပါလေ။ အလိုဘာတဲ့ နတ်ထုက ရွေးကောက်တင်မြှောက်တဲ့ နတ်စစ်စစ်တွေသာ နတ်သဘင်မှာ ပါသင့်တယ်တဲ့လား။

လူဘဝမှာ လူပါးအဝလွန်ပြီး နတ်တစ်ပိုင်းဖြစ်လာတဲ့ နတ်စိမ်းတွေက တာဝတိံသာနတ်လောက အုပ်ချုပ်ရေးပိုင်းမှာမပါဘဲ နတ်စိမ်းအလုပ် နတ်စိမ်းလုပ်ပြီး လူ့ဘုံခန်းဝါက မူလဌာနေ နတ်တန်းလျား ပြန်ရမတဲ့လား။

မြင့်မြတ်တဲ့ နတ်ပြည်ခုနစ်ထပ်အရေးကို အစိမ်းသရဲစတုမဟာရာဇ်အဆင့်သာရှိတဲ့ နတ်စိမ်းတွေက ဘယ်နည်းနဲ့မှ ဝင်ပါစရာမလိုဘူးတဲ့လား။

အောင်မယ်လေး ... ပြောရက်လိုက်တာ ...ပြောရက်လိုက်တာ။ အခု နင်တို့ အပေါ်နတ်တွေ ထိုင်ပြီး တော်ကီပွားနေတဲ့ နတ်သဘင်ကြီးက ဘယ်လို ဆောက်ထားတာလဲ သိလား။

နင်တို့ အထက်နတ်တွေ ဘယ်ဆီနေမှန်းမသိ တိုင်ပတ်နေတုန်းက တို့များ နတ်စိမ်းတွေက လူတွေကို အနိုင်ကျင့်၊ ခြောက်စား၊ ဟောက်စား၊ သိမ်းစားထားတဲ့ဘဏ္ဍာထဲက ဆောက်ပေးထားတာတော့။ အမယ်မင်း ... ရာဇဝင်ရိုင်းလိုက်လေ။ နတ်ကတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာကို သင်းတို့မို့ ပြောရက်လိုက်လေ။

သင်းတို့ အခုကိုင်စွဲနေရတဲ့ နတ်စီးပုံအခြေခံ ဥပဒေကိုလည်း တို့နတ်စိမ်းတွေ သနားလို့ ရေးပေးထားတာကို။ သင်းတို့က အခုမှ ပြင်ချင်သတဲ့။ ဆင်ချင်သတဲ့။ ရပါလိမ့်မယ် ... အားကြီးကြီး။ ဒီကိစ္စကို တို့အိမ်တွင်းဖေကြီး သိရင် ဒေါခွီးမှာ။ အိမ်တွင်းဖေကြီးဆိုတာ နှယ်နှယ်ရရမဟုတ်။ ကိုင်တဲ့ တူကြီးကိုပဲကြည့်။ တူက လူလောက်ရှိတယ်။ လူကလည်း တူလောက်ရှိတယ်။ ဒါကို ဘာမှတ်။ တူသံတစ်ချက်ပေးပြီး ဖေကြီးမွှေလိုက်ရင် တကောင်းပြည်ကြီးတောင် သိမ့်သိမ့်ခါသွားစေမယ့် ဖေကြီးနော်။ အခုတော့ နတ်နီ၊ နတ်ပြာ နတ်တက္ကနီကာလာတွေတော့ ဖေကြီးနှင့်တကွသော နတ်စိမ်းတွေကို ဒဲ့လာငြိတာပဲ။ ဒါကြောင့် ... ဟော့ဒီ နတ်သဘင်ကြီးထဲ အဖေကြီးရဲ့ အထွေးဆုံး နှမတော်လေး မမနှဲက သမိုင်းပေးတာဝန်အရ ထထဖြဲရတော့တာပ။

“ရွှေရင်ငယ်မှ ရှင်နှဲမိ ... ကျွန်ခံတွင်းမှာ သင်းသင်းငယ်မပြယ် .. နတ်သူငယ် .. မယ်လျှင်ဖြစ်လို့ ယဉ်မင်းငယ်မှ အိုးပုတ်၊ အရုပ်ကြက်ပေါင် ရှင်နှဲမိကို ပသကာရည်ရွယ်၊ မကိုးကွယ်က သူငယ်မောင်ကို ငိုအောင်တိုက်လို့ ငိုစေ့မယ်” ဆိုတဲ့ နတ်ချင်းလိုပဲ။

မမနှဲကို မပသတဲ့အပြင် နတ်သဘင်က ပထုတ်ဖို့ ကြံတဲ့ အထက်နတ်များ ရက်စက်တယ်။ မမနှဲလည်း ရက်စက်မှ ကြေကွဲတယ်။ ကြေကွဲတော့ ဆို့နင့်တယ်။ မမနှဲကို မပသရင် သူငယ်တွေ ငိုရစေမဟဲ့ဆိုပြီး မမနှဲဟာ သူ့မျက်နှာမှာ ကာထားတဲ့ မျက်နှာစွပ်လေးကို ဖယ်လိုက်တယ်။ ပြီးတော့ ဘဲဥငုံထားတဲ့ မျက်နှာပေး စူပုပ်ကလေးနဲ့ နတ်သဘင်ထဲ မတ်တတ်ရပ်ပြီး အခုလို နတ်သံလေးနှောရတယ်။

“နတ်တွေ ... နတ်တွေ ... ရှင်တို့က နတ်တွေသာဆိုတယ် ... လူသားတွေက ရှင်တို့ကို နတ်ရယ်လို့ သတိထားကြလို့လား။ ရှင်တို့ အပေါ်နတ်တွေက လောကပါလအရေး ဘာညာ လေပန်းနေချိန်မှာ နှဲတို့ နတ်စိမ်းတွေသာ ဟော့ဒီနတ်ကနားတဲထဲ စင်ကြီးပေါ်မှာ အနစ်နာခံပြီး အရက်တွေသောက်ရ၊ ကြက်ကြော်တွေ စားပေးနေရတယ်။ နတ်စင်ကတော့ အားလုံးပူးပါစေတော့၊ ပျော်ပါစေတော့၊ ကကြပါစေတော့ ဆိုပြီး အနစ်နာခံပူးပြရတယ်။

ဒါကို နတ်စိမ်းတွေဆိုဟာ ရာနှုန်းပြည့် နတ်အစစ်မဟုတ်ဘူး။ အလကားသက်သက် နတ်နေရာ ဝင်ယူထားကြတာပါ။ မလိုအပ်တော့ဘူး၊ မမျှတတော့ဘူးလို့ ခံယူထားရင်တော့ နတ်စိမ်းတွေကို အထူးအခွင့်အရေးရနေတယ်လို့ ထင်နေပြောနေကြဦးမှာပဲ။ ရှိပါစေတော့။

နှဲတို့ နတ်စိမ်းစင်ကြီးကတော့ အားလုံး အားလုံး မူးကြပျော်ကြဖို့ သူ့ရဲ့ တာဝန်ဝတ္တရားအတိုင်း နတ်ဒိုးလေးတီးပြီး ဆက်လက်ပူးစားနေရဦးမှာပဲ။ ခြောက်စား နေရဦးမှာပဲ။ ဟောက်စားနေရဦးမှာပဲ။ ဘဲဥပြုတ်လေးတွေ ဖန်တီးနေရဦးမှာပဲ။ ရှိပါစေတော့ ... ရှိပါစေတော့ ... အိ ... ဟင့်”မမနှဲ ကြေကြေကွဲကွဲ ပြောလိုက်တယ်။

မမနှဲ ပြန်အထိုင်မှာ နတ်သဘင်ထဲက ပဉ္စသိင်္ခ နတ်သားက ဆရာစိုင်းခမ်းလိတ်ရဲ့ အပြာရောင် မျက်ရည်အလိုက် တီးလုံးလေးကို စောင်းနဲ့ကြေကွဲဖွယ် တီးလိုက်တော့တယ်။

“ရှိတစ်ဝက်၊ ပျက်တစ်ဝက် နှစ်ဖက်သော ပါးပြင်ပေါ်မှာ .. . လိမ်းတဲ့သနပ်ခါးကွက်ကျန်လို့နေ ... တလိမ့်ချင်းလိမ့်လို့ စီးဆင်းကျလာရာလမ်း ...မြစ်နှစ်သွယ်လိုပဲထင်ယောင်နေ ... စီးပလေစေ ... မနှဲရေ ... မသုတ်လိုက်နဲ့ ... အစိမ်းရောင်လေး”

သီချင်းသံဆုံးတော့ နတ်သဘင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားတယ်။ နောက်တော့…အသံတစ်ခု ထွက်လာတယ်။

“ခွိ”တဲ့။

“ဟိ” တဲ့။

ကြားရတဲ့နတ်အပေါင်းကြိတ်ရယ်ကြတဲ့အသံတွေ။ မစာမနာ ရယ်ရက်ကြတဲ့ အသည်းနှလုံးမဲ့နတ်တွေ။ မမနှဲခမျာတော့ ကြေကြေကွဲကွဲ ပြောလိုက်ရတာ။ နတ်သဘင်ဥက္ကဋ္ဌ ဘိုးတော်သိကြားကြီးကလည်း ပြုံးစိစိနဲ့။ အခုလို လှောင်စရာတဲ့လား။ မမနှဲလေး စိတ်ကောက်သွားပြီ။ သူ့အစ်ကို အိမ်တွင်းဖေကြီးကို သွားတိုင်ပြောမယ်တဲ့။ ဟိုက ဒီသတင်းကြားတဲ့အခါ လက်စွဲတော်တူကြီးနဲ့ ရောက်လာမှ ခက်မယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဖေကြီးခမျာလည်း မအားရှာပါဘူး။

နောက်သက်တမ်းမှာ သိကြားမင်းနေရာ ရဖို့ အရေး ... ဘုရားတွေ ထီးလိုက်တင်ပြီး သာသနာပြုနေရသေးတယ်လေ ... အဟီး။

ဗြိတိသျှကိုကိုမောင်