News

POST TYPE

SATIRE

ငြိမ်းချမ်းရေးအတွက် သေနတ်တစ်လက်
04-Mar-2020


မြန်မာပြည်မှာ လက်နက်ကိုင်ထားသူတေ များလွန်းပါတယ်။ ဘာလို့များနေလဲဆိုတော့ အခွင့်ရှိလို့ပါပဲ။

တရားဝင်လက်နက်ကိုင်ခွင့်မရှိဘူးဆိုပေမယ့်လည်း တရားဝင်နီးပါးကိုင်နေကြတာပါပဲ။

နားလည်မှုတွေနဲ့ပေါ့။

သူတို့ကို ဖမ်းလို့လည်း မရပါဘူး။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်ထားသူတွေဟာ သူပုန်တွေ ဖြစ်နေလို့ပါပဲ။

မြန်မာပြည်မှာက သူပုန်ဆိုရင်ကြောက်ကြတယ်လေ။ ကြောက်မယ်ဆိုရင်လည်း ကြောက်ရလောက်ပါတယ်။

သူပုန်အင်အားကလည်း အများကြီးကို။ ဒါကြောင့် ငြိမ်းချမ်းရေးပဲ ချော့ပြီးဆွေးနွေးနေရတယ်။

သူပုန်လို့ ဆိုလို့လည်း လက်နက်ကိုင်တွေစိတ် မဆိုးကြပါနဲ့ဦး။ သူပုန်လို့ခေါ်ရတာကိုပဲ စိတ်ထဲသဘောကျလို့ပါ။ သူပုန်တွေကိုယ်တိုင်လည်း သူတို့ကို သူပုန်လို့ ခေါ်တာပဲကြိုက်တယ်လို့ ဆိုကြပါတယ်။

သူပုန်မကျ လူမှုရေးအဖွဲ့လေးမကျတဲ့ ဟိုမရောက် ဒီမရောက်တွေသာ သူတို့ကိုသူပုန်လို့ ခေါ်တာမကြိုက်ဘူးလို့ သိထားပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ သူပုန်အင်အားက များလွန်းပါတယ်။ အဖွဲ့တွေရဲ့ အင်အားစုစုပေါင်းက သိန်းနဲ့ချီပြီးရှိတာပေါ့လေ။

အဲ့ထက်လည်းများချင်များမယ်။ နည်းတော့ မနည်းလောက်ပါဘူး။ အဖွဲ့တွေကလည်းအများကြီးပါပဲ။

ရာဂဏန်းနီးပါးလောက်ရှိကြမယ်။ နာမည်ကြီးတဲ့ အဖွဲ့တွေရော။ နာမည်မကြီးတဲ့ အဖွဲ့တွေရောပေါ့။

အချို့ကလည်း အဖွဲ့သာရှိတာ။ မြန်မာပြည်မှာတော့ ရှိတာမဟုတ်ဘူး။ နိုင်ငံခြားမှာဖွဲ့ထားတာ။

လက်နက်လည်းရှိကြတာမဟုတ်ဘူးတဲ့။ ဒါပေမဲ့ အစိုးရအသိအမှတ်ပြုအဖွဲ့တွေပဲ။

လက်နက်ချအလင်းဝင်မယ်ဆိုရင်တောင် အစိုးရက သူတို့ကို လက်နက်ခဏငှားရမယ့်အဖွဲ့တွေပေါ့လေ။

အဲ့လို သေးသေးလေးတွေလည်းရှိသလို။ အင်အားကို သောင်းနဲ့ချီပြီးရှိတဲ့ အဖွဲ့တွေလည်းအများကြီးပါပဲ။

ထောင်ဂဏန်းရှိတဲ့အဖွဲ့တွေလည်း အများကြီး။ ပြီးတော့ ပြည်သူ့စစ်အဖွဲ့တွေကလည်းရှိသေးတယ်။

ပြည်သူ့စစ်အဖွဲ့ကလည်း မြန်မာပြည်မှာ အဖွဲ့ပေါင်း ငါးထောင်လောက်ရှိတယ်လို့ဆိုတယ်။

ပြည်သူ့စစ်ဆိုတာကတော့ ဂိုဏ်းစတားတွေနဲ့ တူတာပေါ့လေ။ တရားဝင်နေထိုင်လှုပ်ရှားခွင့်ရတယ်။

လက်နက်ကိုင်ခွင့်ရတယ်။ စီးပွားရေးလုပ်ခွင့်ရတယ်။ ဒါပေမဲ့ စစ်တပ်ကို သတင်းပေးရတယ်။ စစ်တပ်ဘက် ဝင်တိုက်ပေးရတာရှိတယ်။ ရန်ကုန်က လူမိုက် တွေလိုပေါ့လေ။ ရဲကိုတော့ သတင်းပေး။ လောင်းကစား ပေါင်းလုပ်တရားဝင်နီးပါးလုပ်။

လက်နက်ကိုင် သူပုန်အကုန်လုံးကတော့ တိုင်းရင်းသားဒေသတွေမှာပါပဲ။ လူမျိုးကို ကိုယ်စားပြုထားတဲ့ သူပုန်တွေဆိုတော့လည်း တိုင်းရင်းသားတွေဒေသတွေမှာပဲ နေကြတာပေါ့လေ။ ထူးထူးခြားခြား ဗမာသူပုန်အဖွဲ့တော့ မရှိပါဘူး။ အရင်က ဗမာ ကျောင်းသားသူပုန်အဖွဲ့ရှိပေမယ့်အခုတော့ သူတို့လည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်သွားပြီလို့ဆိုတယ်။ အဖွဲ့ကတော့ ရှိတာပေါ့လေ။

အဲ့တော့ ဒီတိုင်းပြည်ကြီးမှာနေရတာ ဗမာတွေအနေနဲ့ မျက်နှာငယ်စရာကောင်းပါတယ်။

တိုင်းရင်းသားကိုယ်စီအသီးသီးမှာ သူပုန်အဖွဲ့လို့ဆိုတဲ့ လက်နက်ကိုင်တွေရှိကြပေမယ့် ဗမာမှာတော့ မရှိရှာဘူး။

တပ်မတော်ကြီးကိုပဲ ဗမာသူပုန်လို့ သဘောထားပြီး အသစ်ထပ်မဖွဲ့ကြတော့တာလားမသိ။

အဲ့ဒါလည်း မဟုတ်ပါဘူးလေ။

ထားပါတော့။ မြန်မာပြည်မှာ လက်နက်ကိုင်တွေများလွန်းတော့ ငြိမ်းချမ်းရေးဆွေးနွေးရတာ သိပ်မလွယ်ပါဘူး။

သူများနိုင်ငံတွေမှာဆို သူပုန်က တစ်ဖွဲ့နှစ်ဖွဲ့ လောက်ပဲရှိတာပါ။ အဲ့တော့ ဆွေးနွေးရတာလွယ်ပါတယ်။

မြန်မာပြည်မှာတော့ အဖွဲ့တွေများလွန်းတော့ တစ်ယောက်တစ်ပေါက်ပါ။

တပ်မတော်ကလည်း မြန်မာပြည်မှာ စစ်တပ်တစ်ခုတည်းရှိစေချင်တယ်။ အဲ့ဒါ သူတို့တပ်ပဲ။ သူပုန်တွေကလည်း လက်နက်ကို မစွန့်လွှတ်ချင်ဘူး။ လက်နက်မရှိရင် နှိပ်စက်ခံရမှာကြောက်တယ်။ ပြီးတော့ လက်နက်မရှိရင် ဘယ်သူကလေးစားမလဲ။

အစိုးရကလည်း မြန်မာပြည်မှာ ဘာတပ်မှ မရှိ စေချင်ဘူး။ သူပုန်တွေတင်မဟုတ်ဘူး။ တပ်မတော်ကို ရောပေါ့လေ။ အာဏာသိမ်းခံရမှာကြောက်လို့။ အဲ့မှာတင်ပဲ ဘုံသဘောတူညီချက်ဘာမှ မရပါဘူး။

ဆွေးနွေးပွဲတွေ၊ ညီလာခံတွေသာလုပ်ကြတယ်။ ဘာမှလည်း ဖြစ်မလာဘူးပေါ့လေ။

အပစ်ရပ်လက်မှတ်ထိုးတာလောက်ပဲလုပ်နိုင်တယ်။ အပစ်ရပ်တောင် ဆယ်ဖွဲ့နဲ့ပဲ ထိုးရသေးတယ်။

အဲ့ဆယ်ဖွဲ့ရဲ့ အင်အားကလည်း သူပုန်အားလုံး ပေါင်းအင်အားရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒါတောင် ကရင်တို့ ရှမ်းတို့ပါလို့။ အချို့အဖွဲ့တွေက လက်နက်တောင်ရှိတာမဟုတ်ဘူး။ ပြီးတော့ နိုင်ငံခြား ရောက်နေတဲ့အဖွဲ့တွေ။

အပစ်ရပ်လက်မှတ်ထိုးပေမယ့်လည်း တိုက်ပဲတွေ ဖြစ်ချင်ဖြစ်နေတာပါပဲ။

ဒီတော့ ငြိမ်းချမ်းရေးလမ်းစဉ်က ဝေးနေတုန်းပါပဲ။

ဒါပေမဲ့ ကံကောင်းတာက မြန်မာပြည်ဟာ ငြိမ်းချမ်းရေးရန်ပုံငွေ အများကြီးရပါတယ်။

ဂျပန်တို့၊ အီးယူတို့က ထောက်ပံ့တာပေါ့လေ။

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့အတွက်ကူညီ တယ်ဆိုရင်မမှားဘူး။

အဲ့အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ဆိုရင် လခက ဒေါ်လာသောင်းနဲ့ ချီပြီးရကြတယ်လို့ ဆိုတယ်။

ပြီးတော့ ဒီငွေတွေဟာ မြန်မာပြည်ကိုရောက်လာတဲ့အတွက် မြန်မာလည်း နိုင်ငံခြားငွေရတာပေါ့လေ။

ဒါတွေဟာ လက်နက်ကိုင်ထားခြင်းရဲ့အကျိုး အမြတ်တွေပါပဲ။

လက်နက်ကိုင်တွေသာ မရှိဘူးဆိုရင် ဒီလိုငွေ ဘယ်ရမလဲ။

အဲ့တော့ စိုပြေဟာ ငြိမ်းချမ်းရေးရသွားမှာ တောင်စိုးရိမ်မိတယ်။

ဒါကြောင့် စိုပြေကတော့ မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးပေါ်ပေါက်လာဖို့ တိုက်တွန်းချင်ပါတယ်။

မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ စတင်တည်ထောင်ရတာလွယ်ပါတယ်။

သူပုန်နယ်မြေကိုသွားပါ။

ပြီးရင် အဲ့သူပုန်တွေနဲ့ ဆွေးနွေးပါ။

ကျွန်တော်တို့လည်း တော်လှန်ရေးလုပ်ချင်လို့ပါလို့။

ပြီးရင် လူတွေ စုဆောင်းပေါ့။

အဲ့အဖွဲ့ဆီမှာပဲ စစ်သင်တန်းတက်။

ပြီးရင် တရုတ်တို့ ဘာတို့လို မြန်မာပြည်က လက်နက်ကိုင်တွေကို ထောက်ပံ့နေတဲ့ နိုင်ငံတွေနဲ့ တွေ့။

လက်နက်တွေ အကူအညီတောင်း။

ပြီးရင် ကိုယ်အခြေချမယ့်ဒေသကို တဖြည်းဖြည်းပြန်။

ဝင်ငွေရဖို့ကတော့ အဆင်ပြေရာလုပ်ပေါ့။

ကိုယ့်နောင်တော်ကြီးတွေ လုပ်တဲ့နည်းအတိုင်း မူးယစ်ဆေးပဲထုတ်ထုတ်။

သစ်ပဲရောင်းရောင်း၊ ရွှေပဲတူးတူး။

အခွန်ပဲကောက်ကောက်၊

တော်လှန်ရေးအတွက်ဆိုတော့ ဘာလုပ်လုပ် တင့်တယ်တာပါပဲ။

ဒါဆိုရင်တော့ သူပုန်အဖွဲ့တစ်ခုဖြစ်တာပါပဲ။

အဖွဲ့မကြီးထွားခင် အစိုးရတော့ မသိစေနဲ့ပေါ့။

နို့မို့ဆို ချေမှုန်းခံနေရမယ်။

ကြီးထွားသွားရင်တော့ ဘယ်သူမှ ချေမှုန်းရဲမှာ မဟုတ်တော့ဘူး။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ပဲ ချော့ခေါ်တော့မှာ။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ခေါ်ရင် အင်တင်တင်တော့ သိပ်မလုပ်နဲ့။

သွားဆွေးနွေးလိုက်။

ပြီးရင် ငြိမ်းချမ်းရေး ရန်ပုံငွေကနေ ခွဲတမ်းတောင်းကြည့်။ ရတော့လည်း အမြတ်။ မရတော့လည်း အရင်းပါပဲ။

အစိုးရအသိအမှတ်ပြု သူပုန်အဖွဲ့ဖြစ်သွားတာပေါ့လေ။

အဲ့လို သူပုန်အဖွဲ့တွေများများရှိလာတော့လည်း ငြိမ်းချမ်းရေးက ပိုဝေးတာပေါ့။

ပိုဝေးတော့ ရန်ပုံငွေဟာလည်း ပိုရမှာပေါ့။

စိုပြေ့စိတ်ထင် ငြိမ်းချမ်းရေးကလည်း အဝေးကြီးပါ။

ငြိမ်းချမ်းရေးမရမယ့်အတူတူ။

လက်နက်ကိုင်အဖွဲ့ သစ်တွေပေါ်လာတာ ကောင်းပါတယ်။

လက်ရှိအဖွဲ့တွေအနေနဲ့လည်းကိုယ်ပဲ လက်နက်ကိုင်မယ်ဆိုပြီး လုပ်မနေနဲ့ပါတော့။

အခြားသူတွေကိုလည်း လက်နက်တွေဝေမျှပါ။

နို့မို့ဆို လက်နက်ရှိတဲ့လူတွေကိုပဲ ကြောက်နေရတာ။

လူမျိုးတိုင်း လူမျိုးတိုင်း။ လက်နက်ကိုင်အဖွဲ့ရှိမယ်ဆိုရင်။

ဒါမှမဟုတ် လူတိုင်း လူတိုင်းမှာ လက်နက်ကိုင်ခွင့်ရှိမယ်ဆိုရင်....။

ငြိမ်းချမ်းရေးဆွေးနွေးနေစရာတောင်မလိုတော့ဘူး။

မကျေနပ်ရင် သေနတ်နဲ့ ပစ်ထည့်လိုက်။

ကိုယ့်ကို စော်ကားတယ်လို့ထင်ရင် သေနတ်နဲ့ ပစ်ထည့်လိုက်။

ဘာမှကို ဆွေးနွေးနေစရာမလိုတော့ဘူး။

လက်နက်ကိုယ်စီကိုင်ထားတော့ တစ်ယောက်နဲ့တစ်ယောက်လည်း ရှိန်နေမယ်။

တော်ရုံရန်မစရဲဘူး။

ပစ်ခံရမှာကြောက်တယ်။ လေးလေးစားစား ဆက်ဆံကြလိမ့်မယ်။

အဲ့တော့ မြန်မာပြည်ငြိမ်းချမ်းရေးရဖို့ လူတိုင်းကို လက်နက်တရားဝင်ကိုင်ဆောင်ခွင့်ပေးလိုက်ပါလို့။

စိုပြေ